နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်၏ ပစိဖိတ်ဒေသခရီးစဉ်တွင် အာရှ-ပစိဖိတ်ဒေသအပေါ် အမေရိကန်၏ အဓိကအာရုံစိုက်မှုကို ထပ်လောင်းအတည်ပြုသွားမည်

နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်၏ ပစိဖိတ်ဒေသခရီးစဉ်တွင် အာရှ-ပစိဖိတ်ဒေသအပေါ် အမေရိကန်၏ အဓိကအာရုံစိုက်မှုကို ထပ်လောင်းအတည်ပြုသွားမည်
ဖေဖော်ဝါရီ ၃ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဆလိုဗက်ကီးယား ကာကွယ်ရေးဝန်ကြီးကို ကြိုဆိုနှုတ်ဆက်နေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်ကို မြင်တွေ့ရစဉ်
ဖေဖော်ဝါရီ ၃ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဆလိုဗက်ကီးယား ကာကွယ်ရေးဝန်ကြီးကို ကြိုဆိုနှုတ်ဆက်နေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်ကို မြင်တွေ့ရစဉ်
Published 7 February 2022
Ref: AFP  

ယူကရိန်းအရေးနှင့်ပတ်သက်၍ တင်းမာမှုများ မြင့်တက်လာသည့်တိုင် အာရှ-ပစိဖိတ်ဒေသသည် အမေရိကန်၏ ကာလရှည်မဟာဗျူဟာမြောက် ဗဟိုချက်အဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း ကမ္ဘာကြီးကို အသိပေးရန် ရည်ရွယ်လျက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည် ယခုသီတင်းပတ်အတွင်း ပစိဖိတ်ဒေသသို့ သွားရောက်မည်ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်သည် ဖေဖော်ဝါရီ ၇ ရက်တွင် သြစတြေးလျ၊ ဖီဂျီနှင့် ဟာဝိုင်ယီသို့ သွားရောက်မည်ဖြစ်ကာ အဓိကမဟာမိတ်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ တရုတ်က စီးပွားရေးနှင့် စစ်ရေးအရ အနိုင်ကျင့်ဗိုလ်ကျနေသည်ဟု အမေရိကန်ပြောဆိုထားသည့် အခြေအနေကို တန်ပြန်မည့် ကတိကဝတ်ကိုလည်း ဘလင်ကင်က ထပ်လောင်းအတည်ပြုသွားမည်ဖြစ်သည်။

ယခုသီတင်းပတ်ထဲတွင် သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန် ပြည်ထောင်စုတို့ပါဝင်သော Quad လေးနိုင်ငံအဖွဲ့၏ အစည်းအဝေးကို ကျင်းပသွားမည်ဖြစ်ကာ မြောက်ကိုရီးယားအရေးနှင့်ပတ်သက်၍ သံတမန်နည်းအရ ကြိုးပမ်းမှုများကို ရှေ့ဆက်ဆောင်ရွက်ရန် ကြိုးပမ်းသွားမည်ဖြစ်သကဲ့သို့ တရုတ်က စစ်အခြေစိုက်စခန်းများထားရှိရန် ဆန္ဒရှိနေသည်ဟု အမေရိကန်အစိုးရတာဝန်ရှိသူများက ယုံကြည်နေသော ပစိဖိတ်ကျွန်းနိုင်ငံများနှင့် ပတ်သက်သည့် စိုးရိမ်မှုများကိုလည်း ထည့်သွင်းဆွေးနွေးသွားမည်ဟု သိရသည်။

ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲဖွင့်ပွဲတွင် အကန့်အသတ်မဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ပြုမှုကို တရုတ်နှင့် ရုရှားတို့က ကြေညာခဲ့ပြီး ရက်ပိုင်းအကြာတွင် ဘလင်ကင်၏ ခရီးစဉ်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ အမေရိကန်က ပေကျင်းအိုလံပစ်ပြိုင်ပွဲကို သံတမန်နည်းအရ သပိတ်မှောက်ခဲ့သည်။

ရုရှားနှင့် တရုတ်တို့က ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်ကာ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီတို့နှင့် စပ်လျဉ်း၍ ၎င်းတို့ကိုယ်တိုင်အဓိပ္ပာယ်ပြဋ္ဌာန်းထားမှုကို အခြေခံသည့် ကမ္ဘာ့နိုင်ငံရေးမျှခြေသစ်တစ်ခုကို ဖော်ဆောင်ကာ အမေရိကန်ကိုတန်ပြန်သွားမည်ဖြစ်ကြောင်းကို အသေးစိတ်အကျဆုံးနှင့်  အတိအလင်း ထုတ်ဖော်ကြေညာမှုလည်း ဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အရှေ့အာရှဆိုင်ရာ ထိပ်တန်းသံတမန်ဖြစ်သူ ဒန်နီရယ် ခရစ်တန်ဘရင့်ခ်ကမူ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တရုတ်သမ္မတ ရှီကျင်းပင်ကို ဝေဖန်ခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့၏ တွေ့ဆုံမှုသည် ယူကရိန်းအရေးနှင့်ပတ်သက်၍ တင်းမာနေသည့် အခြေအနေများကို လျှော့ချရာတွင် အထောက်အကူဖြစ်စေမည့် အခွင့်အလမ်းတစ်ခုသာ ဖြစ်သင့်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

မဲဘုန်းမြို့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် Quad အဖွဲ့၏ အစည်းအဝေးအတွင်း  ရာသီဥတုဆိုင်ရာမူဝါဒများနှင့် အရှေ့တောင်အာရှနိုင်ငံများသို့ COVID-19 ကာကွယ်ဆေးများ ထောက်ပံ့မှုအပါအဝင် ၎င်းတို့၏ အစီအမံများနှင့်ပတ်သက်၍ ဆွေးနွေးသွားဖွယ်ရှိသည်။ ဘလင်ကန်သည် ဟာဝိုင်ယီတွင် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့ကိုလည်း လက်ခံတွေ့ဆုံမည်ဖြစ်ကာ မြောက်ကိုရီးယားအရေးကို အဓိက ဆွေးနွေး သွားဖွယ်ရှိသည်။  

 

 

         

         

Most Read

Most Recent