စားသုံးဆီတင်သွင်းမှု၊ ဖြန့်ဖြူးမှု၊ သိုလှောင်မှု၊ စျေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားမှု လုပ်ငန်းစဉ် တစ်လျှောက်တွင် စျေးကစားလိုသည့် လုပ်ဆောင်မှုများနှင့် မသမာသောရည်ရွယ်ချက်ဖြင့် ရောနှောရောင်းချမှုများ ရှိပါက အရေးယူနိုင်‌ရန် ဆောင်ရွက်နေ

စားသုံးဆီတင်သွင်းမှု၊ ဖြန့်ဖြူးမှု၊ သိုလှောင်မှု၊ စျေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားမှု လုပ်ငန်းစဉ် တစ်လျှောက်တွင် စျေးကစားလိုသည့် လုပ်ဆောင်မှုများနှင့် မသမာသောရည်ရွယ်ချက်ဖြင့် ရောနှောရောင်းချမှုများ ရှိပါက အရေးယူနိုင်‌ရန် ဆောင်ရွက်နေ
Published 2 February 2022

စားသုံးဆီတင်သွင်းမှု၊ ဖြန့်ဖြူးမှု၊ သို လှောင်မှု၊ စျေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားမှု လုပ်ငန်းစဉ်တစ်လျှောက်တွင် စျေးကစားလိုသည့်လုပ်ဆောင်မှုများနှင့် မသမာသောရည်ရွယ်ချက်ဖြင့် ရောနှောရောင်းချမှုများ ရှိလာပါက အရေးယူနိုင်ရေးအတွက် Tracebility Record ထား၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၁၁၈/၂၀၂၁) အရ သိရသည်။

ပြည်တွင်း၌ စားသုံးဆီထုတ်လုပ်မှုမှာ ဖူလုံမှုမရှိသဖြင့် နှစ်စဉ်ပြည်ပနိုင်ငံများမှ တင်သွင်းနေရပြီးအဆိုပါ ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများ အရည်အသွေးပြည့်မီရေး၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးနှင့် စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးတို့ကို ကြီးကြပ်ကွပ်ကဲခြင်းများ ပြုလုပ်နိုင်ရန်အတွက် ဝန်ကြီးဌာနနှင့် ပုဂ္ဂလိကကဏ္ဍမှ သက်ဆိုင်ရာ Stakeholder များ ပါဝင်သည့် စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၀၄/၂၀၂၁) ဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ ယခုအခါ ပြည်ပမှတင်သွင်းသုံးစွဲနေရသည့် စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းကဏ္ဍကို ပိုမိုထိရောက်စွာ ထိန်းကျောင်းကိုင်တွယ် ဆောင်ရွက်နိုင်ရေးအတွက် စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီကို အမိန့်ကြော်ငြာစာအမှတ် (၁၁၈/၂၀၂၁) ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များတွင် သတ်မှတ်ထားရှိသည့် စံချိန်စံညွှန်းပြည့်မီသည့် စားသုံးဆီများကိုသာ တင်သွင်းလာစေရေး ကြီးကြပ်ဆောင်ရွက်ရန်၊ ကြီးကြပ်ရေးကော်မတီအနေဖြင့် လိုအပ်ပါက စားသုံးဆီသင်္ဘောဖြင့် တင်သွင်းခြင်း (In Bulk) အပြင် ကွန်တိန်နာဖြင့် တင်သွင်းခြင်းများကို စိစစ်ကြပ်မတ်ရန်၊ ပြည်ပမှ တင်သွင်းသည့် စားသုံးဆီသင်္ဘောများ ဆိပ်ကမ်းဝင်ရောက်ရာတွင် ကြန့်ကြာမှုမရှိစေရေးအတွက် ကြီးကြပ်ဆောင်ရွက်ရန်၊ သင်္ဘောမှဆီများ ထည့်သွင်းသိုလှောင်ခြင်းမပြုမီဆီသို လှောင်ကန်များ၏ သန့်ရှင်းသပ်ရပ်မှုနှင့် စိတ်ချရမှုရှိ မရှိ ကြိုတင်စိစစ်ရန်၊ လက်ခံချယူခြင်း မပြုလုပ်မီ သင်္ဘောမှ ဆီနမူနာရယူခြင်း၊ အပူချိန်တိုင်းတာခြင်း၊ အရေအတွက်တိုင်းတာခြင်း၊ ဆီသိုလှောင်ကန်အတွင်း ရောက်ရှိပြီးနောက် သိုလှောင်ကန်၏ အပေါ်ပိုင်း၊ အလယ်ပိုင်းနှင့် အောက်ပိုင်းတို့မှ နမူနာများပေးပို့ခြင်း စသည့်လုပ်ငန်းစဉ်အတိုင်း စနစ်တကျဆောင်ရွက်ရေး ကြပ်မတ်ပေးရန် စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် သင်္ဘောမှဆီများ ဆီသိုလှောင်ကန်သို့ ထည့်သွင်းနေစဉ်အတွင်း တစ်နာရီလျှင် တစ်ကြိမ် နမူနာရယူ၍ မျက်မြင်စစ်ဆေးရန်၊ စားသုံးဆီအရည်အသွေးနှင့် ပတ်သက်၍သော်လည်းကောင်း၊ အခြားထူးခြားမှုရှိလျှင်သော် လည်းကောင်း ဝန်ကြီးရုံးသို့ ချက်ချင်းသတင်းပို့တင်ပြရန်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ အများပြည်သူစားသုံးရန် သင့်လျော်ကြောင်း ထောက်ခံချက်ရရှိပြီးမှသာ ဆီသိုလှောင်ကန်မှ စျေးကွက်များသို့ ဖြန့်ဖြူးထုတ်ပေးစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်၊ ဆီသိုလှောင်ကန်မှ ထုတ်ယူဖြန့်ဖြူးပေးနေချိန်အတွင်း အရည်အသွေးပိုင်းမှန်ကန်မှုရှိ မရှိကို အခါအားလျော်စွာ စိစစ်ပေးရန်၊ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် စားသုံးဆီများကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ အသိအမှတ်ပြုသော ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများဖြစ်စေရေးအတွက် ကြီးကြပ်ဆောင်ရွက်ရန်၊ ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီသင်္ဘောများ ဝင်ရောက်မှုကို တင်သွင်းသည့် ကုမ္ပဏီအမည်၊ တင်သွင်းသည့် နိုင်ငံ၊ တန်ချိန်၊ လိုင်စင်အမှတ်နှင့် ရက်စွဲများ ဖော်ပြလျက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသို့ လစဉ်တင်ပြရန် စသည့်အချက်များမှာလည်း စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များတွင် ပါရှိကြောင်း သိရသည်။

စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီသည် စားသုံးဆီသိုလှောင်ကန်များရှိ သိုလှောင်ထားရှိသည့်ပမာဏကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသို့ အပတ်စဉ်တင်ပြရန်နှင့် သိုလှောင်ထားရှိမှုများကို အခါအားလျော်စွာ စစ်ဆေးဆောင်ရွက်ရန်၊ စားသုံးဆီတင်သွင်းမှု၊ ဖြန့်ဖြူးမှု၊ သိုလှောင်မှု၊ စျေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားမှု လုပ်ငန်းစဉ်တစ်လျှောက်တွင် စျေးကစားလိုသည့် လုပ်ဆောင်မှုများနှင့် မသမာသောရည်ရွယ်ချက်ဖြင့် ရောနှောရောင်းချမှုများရှိလာပါက အရေးယူနိုင်‌ရေး Tracebility Record ထား၍ ကြီးကြပ်သွားရန်တို့ကိုလည်း လုပ်ငန်းတာဝန်အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ပြင်ဆင်ဖွဲ့စည်းခဲ့သည့် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီတွင် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ဒုတိယဥက္ကဋ္ဌ (၁)၊ မြန်မာကုန်ပစ္စည်း စစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် အုပ်ချုပ်မှုဒါရိုက်တာက ဒုတိယဥက္ကဋ္ဌ (၂)၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ်က ဒုတိယဥက္ကဋ္ဌ (၃) အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကော်မတီတွင် အဖွဲ့ဝင်များအဖြစ် ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများပါဝင်ပြီး အတွင်းရေးမှူးအဖြစ် စားသုံးသူရေးရာ ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးက ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent