■တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ နိုင်ငံတော်တာဝန်များကို ဝင်ရောက်ထမ်းဆောင်ချိန် တွင် ပြည်ပနိုင်ငံများ၏ မိမိတို့နိုင်ငံအပေါ် ပိတ်ဆို့မှုများကြောင့် အခက်အခဲများကြားမှ နိုင်ငံတော် ဖွံ့ဖြိုး တိုး တက်ရေးကိုဆောင်ရွက်ခဲ့ရဟုဆို
အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးမှ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အစိုးရပညာသင်များအား တွေ့ဆုံအမှာစကားပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့(မေ ၃၀ ရက်) ဒေသစံတော်ချိန် ညပိုင်းတွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊အစိုးရပညာသင်များအား တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မြန်မာသံရုံး၊ စစ်သံရုံးမှ ဝန်ထမ်းများနှင့်မိသားစုဝင်များက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက သံရုံးရှိဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုး သည်။
နိုင်ငံတော်သမ္မတ က တွေ့ဆုံအမှာစကားပြောကြားရာတွင် မိမိအနေဖြင့် ယခုလာရောက်ခဲ့သည့် ခရီးစဉ်သည် နိုင်ငံသမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ နိုင်ငံတော် အကြီးအကဲအနေဖြင့် ပြည်ပနိုင်ငံသို့ ပထမဆုံးသွား ရောက်သည့် ခရီးစဉ်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး ရှေးယခင်ကတည်းက ကောင်းမွန်သည့် ဆက်ဆံရေးများရှိခဲ့ကာ သမိုင်းကြောင်းအရလည်း တူညီမှုများရှိခဲ့ကြောင်း ပြောကြားသည်။
၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့မှုကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထမ်းဆောင်ခဲ့ရကြောင်း၊ သို့သော် တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခင် ဒီမိုကရေစီအစိုးရသက်တမ်းကာလ နှစ်ခုတွင်လည်း အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ဒီမိုကရေစီပထမအစိုးရ သက်တမ်းကာလတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ဆောင်ရွက်ခဲ့ပြီး ထိုက်သင့် သလောက် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းရင်းသားများ၏ အခွင့်အရေးများနှင့်ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် ဖော်ပြထားပြီးဖြစ်ကြောင်း၊ ဒီမိုကရေစီဒုတိယအစိုးရ သက်တမ်းကာလတွင် စီမံခန့်ခွဲမှုအားနည်းချက်များဖြစ်ပေါ်ခဲ့ခြင်းကြောင့် တိုင်းပြည်အနေဖြင့် အနုတ်လက္ခဏာဖြစ်ပေါ်ခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲ ထပ်မံကျင်းပချိန်တွင် ၎င်းတို့ပါတီ ထောက်ခံမဲမရရှိမည်ကိုစိုးရိမ်သဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မသမာမှုများဖြစ်အောင် လုပ်ဆောင်ခဲ့ကြကြောင်း နိုင်ငံတော်သမ္မတ က ပြောကြားသည်။
ရွေးကောက်ပွဲကျင်းပ ပြုလုပ်ပြီးချိန်တွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သည်ကို အခြားပါတီများမှ မိမိထံလာရောက် ပြောကြားခဲ့ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ထိုအချိန်က နိုင်ငံတော်တာဝန်ယူထားသည့် အစိုးရတာဝန်ရှိ သူများထံ အကြိမ်ကြိမ် အကြောင်းကြားခဲ့သော်လည်း ဖြေရှင်းပေးမှုမရှိဘဲ လွှတ်တော်ကိုခေါ်ယူ၍ နိုင်ငံတော်အာဏာကို ရယူရန်လုပ်ဆောင်ခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် အညီ နိုင်ငံတော်တာဝန်များကို ဝင်ရောက်ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် ခဲ့ခြင်းကြောင့် ပြည်ပနိုင်ငံများအနေဖြင့်လည်း မိမိတို့နိုင်ငံအပေါ် ပိတ်ဆို့မှုများဆောင်ရွက်ခဲ့ကြပြီး မိမိတို့အနေဖြင့် အခက်အခဲများကြားမှ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ခဲ့ရကြောင်း နိုင်ငံတော်သမ္မတ က ပြောကြားသည်။
မိမိတို့အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေး အဘက်ဘက်မှစဉ်းစား ဆောင်ရွက်ခဲ့ပြီး ယခုအခါ ရွေးကောက်ပွဲကို အောင်မြင်စွာဖြင့်ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း၊ ပြည်သူများမှ ရွေးချယ်သည့် ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် ယခုအခါလွှတ်တော်ကျင်းပ၍ အရွေးချယ်ခံအစိုးရအဖွဲ့မှ နိုင်ငံတော် တာဝန်များကိုထမ်းဆောင်နေပြီဖြစ်ကြောင်း၊ ယခုအခါ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ က ပြောကြားသည်။
အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း ပြည်သူများ၏ ဆန္ဒနှင့်အညီ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပင် ဖြစ်ကြောင်း၊ ယနေ့အချိန်အခါနှင့် ကိုက်ညီသည့် ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် အတွက်လည်း ဆွေးနွေးဆောင်ရွက်ပြီး လွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြင်ဆင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သို့သော်တိုင်းပြည်အတွက် ထိခိုက်မည့် ကိစ္စရပ်များကိုလည်း ကာကွယ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
မိမိတို့နိုင်ငံ၏ ပညာရေးတွင် အားနည်းချက်များရှိနေကြောင်း၊ ထိုသို့ပညာရေး အားနည်းမှုများကြောင့် အသိပညာ၊ အတတ်ပညာများ အားနည်းပြီး တစ်ဦးချင်း၏ ဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်နိုင်မှု အားနည်းနေသည်ကိုတွေ့ရကြောင်း၊ အချို့ပြည်ပနိုင်ငံများမှ အဖွဲ့အစည်းများအနေဖြင့် အဆိုပါပညာရေးအားနည်းမှုကို အသုံးချ၍ မိမိတို့နိုင်ငံအပေါ် ၎င်းတို့လိုချင်သည့် ပုံစံဖြစ်စေရေး သွေးထိုးလှုံ့ဆော်မှုများကို လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်၏ ပညာရည်မြင့်မားရေးအတွက် စဉ်ဆက်မပြတ် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတ က ပြောကြားသည်။
မိမိတို့နိုင်ငံ၏ စီးပွားရေးမှာ ခေတ်အဆက်ဆက်တွင် အားနည်းချက်များရှိခဲ့သည်ကို မှတ်တမ်းများအရ သိရှိနိုင်ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများအားနည်းခဲ့ပြီး ပြည်တွင်းသယံဇာတများကို ထုတ်ယူသုံးစွဲခြင်းများဖြင့် နိုင်ငံ့စီးပွားရေးကို ဆောင်ရွက်ခဲ့သည်ကိုတွေ့ရကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်ကို တာဝန်ယူ ဆောင်ရွက်မည့် ငါးနှစ်တာကာလအတွင်း ပညာရေး၊ စီးပွားရေးနှင့် နိုင်ငံဖွံ့ဖြိုး တိုးတက် ရေးတို့အတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယနိုင်ငံတွင်လာရောက်တာဝန် ထမ်းဆောင်လျက်ရှိသည့် သံရုံး၊ စစ်သံရုံးမိသားစုများအနေဖြင့်မိမိတို့တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ပြည်ပနိုင်ငံတွင်ရောက်ရှိ နေချိန် အတွင်းရရှိသည့်အားလပ်ချိန်များတွင် အင်္ဂလိပ်စာနှင့် ကွန်ပျူတာနည်းပညာ ပိုင်းဆိုင် ရာများကို တစ်ဦးချင်းလေ့လာဆောင်ရွက်သွားကြရန်လိုကြောင်း၊ နောင်တစ်ချိန်တွင် တိုင်းပြည်အတွက်စွမ်းဆောင်နိုင်သူများဖြစ်ရန် မျှော်လင့်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်သည့် နယ်ပယ်များကို တတ်နိုင်သည့်ဘက်မှ အင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ ယခုကဲ့ သို့ ပြည်ပတွင်နေထိုင်ရချိန်ကာလအတွင်း နိုင်ငံ့ဝန်ထမ်းများဖြစ်ကြပြီး နိုင်ငံ့အတွက် ဆောင်ရွက်နေသည့်စိတ်ဖြင့် စည်းစည်းလုံးလုံးနေထိုင်သွားကြစေလို ကြောင်း၊ အိန္ဒိယနိုင်ငံသည် ပူပြင်းသည့်ရာသီဥတုသို့ ရောက်ရှိနေပြီဖြစ်သဖြင့် တစ်ဦးချင်း၏ ကျန်းမာရေးကို ဂရုစိုက်ဆောင်ရွက်သွားကြစေလိုကြောင်းလည်း နိုင်ငံတော်သမ္မတ က ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတ က သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသား အရာရှိများ အတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ သံအမတ်ကြီး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)နှင့် ပညာတော်သင် သင်တန်းသားများက လက်ခံရယူကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ နှင့်အဖွဲ့ဝင်များသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံး မိသားစုများက တည်ခင်းဧည့်ခံသည့် ညစာအား မိသားစုများနှင့်အတူတကွ သုံးဆောင်ခဲ့ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါ သွားသည့် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ဝင်များ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဇော်ဦး နှင့်ဇနီး၊ မြန်မာစစ်သံ(ကြည်းရေလေ) ဗိုလ်မှူးချုပ် ဇော်မိုးလွင် နှင့်ဇနီး၊ သံရုံး၊ စစ်သံရုံး မိသားဝင်များ၊ ပညာတော်သင် သင်တန်းသားများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။















