ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးစိုးညွန့်လွင်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထောင်ဒဏ် ၁၆ နှစ်စီ ချမှတ်

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးစိုးညွန့်လွင်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထောင်ဒဏ် ၁၆ နှစ်စီ ချမှတ်
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလင်းထွဋ်အား  တွေ့ရစဉ်
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလင်းထွဋ်အား  တွေ့ရစဉ်
Published 28 January 2022

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက် တာလင်းထွဋ်နှင့် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးစိုးညွန့်လွင် တို့ကို တောင်လေးလုံး အကျဉ်းထောင်တွင်း တရားရုံးက ဇန်နဝါရီ ၂၈  ရက်တွင် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထောင်ဒဏ် ၁၆ နှစ်စီ ချမှတ်ခဲ့ကြောင်း အမှုနှင့် သိရသည်။    

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လင်းထွဋ်၊ ပြည်နယ်ဝန်ကြီးဟောင်း ဦးစိုးညွန့်လွင် အပါအဝင်သုံးဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ အမှုလေးမှုအတွက် တစ်မှုလျှင် ထောင်ဒဏ်လေးနှစ်ဖြင့်  စုစုပေါင်း ထောင်ဒဏ် ၁၆ နှစ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးဟောင်း ဦးစိုးညွန့်လွင်သည်  အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့်ချမှတ်ခံရသည့် ထောင်ဒဏ် ၁၆နှစ်နှင့် ယခင်အမိန့်ချပြီးသား ထောင်ဒဏ် ၃၈ နှစ် ပေါင်းပါက စုစုပေါင်း ထောင်ဒဏ် ၅၄ နှစ် ချမှတ်ခံထားရသည်။

ပြည်နယ်ဝန်ကြီးဟောင်း ဦးစိုးညွန့်လွင် ကို နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ ၊ ရာဇ သတ်ကြီး ဥပဒေ ပုဒ်မ - ၁၂၄ (က) ၊ ၁၂၄(ဃ)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) ၊ ၅၀၅(ခ) စသည့် အမှုများအတွက် ၂၀၂၁ ခုနှစ် ဒီဇင် ဘာ ၃၀ ရက်တွင် တောင်လေးလုံး အကျဉ်းထောင် တရားရုံးက ထောင်ဒဏ် ၃၈ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးဟောင်း ဦးစိုင်းရှဲန်တစ်လုံနှင့်ဦးစိုးညွန့်လွင်၊ အင်းတိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဟောင်း ဒေါက်တာထွန်းလှိုင်နှင့် ပြင်ပပုဂ္ဂိုလ်သုံးဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်တရားစွဲထားပြီး ၎င်းတို့အား စွဲဆိုချက်များတွင် အင်းလေးဒေသဇုန် ဝင်ခွင့် ကောက်ခံရေး လုပ်ငန်းတင်ဒါနှင့် တင်ဒါ ကြေးကျန်များကိစ္စ၊ အခြေခံစား သောက်ကုန်ပစ္စည်းများဝယ်ယူရာတွင် တင်ဒါစည်းကမ်း နှင့်အညီ မဆောင်ရွက်မှုစသည့်ကိစ္စရပ်များဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း နစက၏ ယခင် သတင်းထုတ်ပြန်ထားမှုများအရ သိရသည်။

ဒေါက်တာလင်းထွဋ်၊ ဦးစိုးညွန့်လွင်တို့ နှင့်အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် ထောင်ဒဏ်ချမှတ်ခံရသည့် ကျန်တစ်ဦးမှာ ယင်းအမှုတွဲတွင်ပါဝင်သည့် စီးပွားရေးလုပ်ငန်းရှင် ပြင်ပပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟူ၍လည်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

NLD အစိုးရလက်ထက် တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူများအနက် လက်ရှိတွင် မကွေးတိုင်းဒေသ ကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင် မိုးညိုသည် ထောင်ဒဏ်အနှစ် ၂၀၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်သည် ထောင်ဒဏ်အနှစ် ၈၀ ၊  မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင်သည် ထောင်ဒဏ်လေးနှစ်၊  ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုသည် ထောင်ဒဏ်နှစ်နှစ်၊  စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်သည် ထောင်ဒဏ်နှစ်နှစ်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးမြင့်မောင်သည် ထောင်ဒဏ်၁၁ နှစ်၊  မွန်ပြည်နယ်ဝန် ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံသည် ထောင်ဒဏ်နှစ်နှစ်စသည်ဖြင့် ချမှတ်ခံထားရသည်။

ဝန်ကြီးချုပ်ဟောင်းများကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးဟောင်း အချို့သည်လည်း ထောင်ဒဏ်ချမှတ်ခံထားရသည်။

ထို့ကဲ့သို့ ထောင်ဒဏ်ချမှတ်ခံထားရသည့် ဝန်ကြီးချုပ်ဟောင်းများနှင့် ဝန်ကြီး ဟောင်းအချို့သည်အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ ရွေးကောက်ပွဲနှင့်စပ်လျဉ်း သည့်ဥပဒေ စသည်တို့ဖြင့် အမှုများအသီးသီး ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။

ယင်းအပြင် ဖမ်းဆီးထိန်းသိမ်းထားသော်လည်း ထောင်ဒဏ်ချမှတ်ခံရခြင်းမရှိသေးသည့် ဝန်ကြီးချုပ်ဟောင်းအချို့၊ ပြည်ထောင်စုဝန်ကြီးဟောင်းအချို့၊ ဒုတိယဝန်ကြီးဟောင်းအချို့၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးဟောင်းအချို့သည်လည်း အမှုရင်ဆိုင်နေရဆဲဖြစ်သည်။

Most Read

Most Recent