ရန်ကုန်မြို့တော်ခန်းမ၌ ၂၀၁၆ ခုနှစ်ကတည်းက ရပ်နားထားခဲ့သည့် ပြည်ထောင်စုအလံကို (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့တွင် နေပြည်တော်သို့ သယ်ယူမည်

ရန်ကုန်မြို့တော်ခန်းမ၌ ၂၀၁၆ ခုနှစ်ကတည်းက ရပ်နားထားခဲ့သည့် ပြည်ထောင်စုအလံကို (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့တွင် နေပြည်တော်သို့ သယ်ယူမည်
Published 26 January 2022

ရန်ကုန်မြို့တော်ခန်းမ၌ ၂၀၁၆ ခုနှစ်ကတည်းက ရပ်နားထားခဲ့သည့် ပြည်ထောင်စုအလံကို (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့တွင် ရန်ကုန်မှ နေပြည်တော်သို့ သယ်ယူမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၂၅ ရက်က ကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို အနှစ်သာရနှင့် အဓိပ္ပါယ်ပြည့်ဝစွာ ကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့တော်ခန်းမ၌ ၂၀၁၆ ခုနှစ်ကတည်းက ရပ်နားထားခဲ့သည့် ပြည်ထောင်စုအလံကို ရန်ကုန်မှ နေပြည်တော်သို့ သယ်ယူမည့် အခမ်းအနားလည်း ပါရှိမည်ဖြစ်ကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုကြမည့် ယာဉ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အလိုက်တက်တက်ကြွကြွကြိုးပမ်းဆောင်ရွက်နေကြသူများနှင့် အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ကြမည့် တစ်ဦးချင်းစီ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများမှာလည်း အားရဖွယ်တွေ့မြင်ရကြောင်း၊ တစ်နည်းအားဖြင့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြိုလှုပ်ရှားမှုများသည် ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှုစွမ်းအားကို ဖော်ပြလျက်ရှိသည့် အားရဖွယ်မြင်ကွင်းဖြစ်ကြောင်း ပြောကြားသည်။

ယခုနှစ်ကျင်းပမည့် ပြည်ထောင်စုနေ့အခမ်းအနားသည် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားဖြစ်သည်နှင့်အညီ နိုင်ငံတော်အဆင့်အခမ်းအနားအဖြစ် ဆောင်ရွက်ရမည့် အခမ်းအနားကြီးတစ်ခုဖြစ်သည့်အတွက် သက်ဆိုင်ရာဆပ်ကော်မတီများအနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်း တာဝန်များကို စနစ်တကျကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် လုပ်ဆောင်ရန် ကျန်သည်များကို ဦးစားပေးဆွေးနွေးကြပြီး ဆုံးဖြတ်ပေးရမည့်အချက်များကို ချက်ချင်းဆုံးဖြတ်နိုင်ရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့နောက် လုံခြုံရေးဆပ်ကော်မတီ၊ ကြိုဆိုနေရာချထားရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဆပ်ကော်မတီ၊ သဝဏ်လွှာပြုစုရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် နေရာချထားရေးဆပ်ကော်မတီ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး၊ ယဉ်ကျေးမှုအဖွဲ့များ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ၊ နိုင်ငံတော်အလံတင်အခမ်းအနားစီစဉ်ရေး ဆပ်ကော်မတီ၊ မြေစိုက်ပိုစတာများစိုက်ထူရေး ဆပ်ကော်မတီ၊ ညစာစားပွဲဖျော်ဖြေရေး ဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ ပြန်ကြားရေး ဆပ်ကော်မတီ၊ ညစာစားပွဲခင်းကျင်းကျွေးမွေးရေး ဆပ်ကော်မတီ၊ စာရင်းစစ်ဆေးရေး ဆပ်ကော်မတီနှင့် အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများက ဖြည့်စွက်ရှင်းလင်းတင်ပြကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က ဆပ်ကော်မတီအလိုက် လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

 

 

         

 

Most Read

Most Recent