မြန်မာ့ပြည်တွင်းစစ်နှင့် ကြုံတွေ့နေရသော အခက်အခဲများဖြေရှင်းနိုင်ရန် ကြိုးပမ်းနေသည့် ASEAN၊ UNနှင့် SAC-M တို့၏ ကြိုးပမ်းမှုများကိုကြိုဆိုပြီး နယ်စပ်ဒေသအပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် စစ်ပွဲများရပ်တန့်ထားရန် တရုတ်နိုင်ငံက တိုက်တွန်းမှုများရှိနေကြောင်း KIO ထုတ်ပြန်

မြန်မာ့ပြည်တွင်းစစ်နှင့် ကြုံတွေ့နေရသော အခက်အခဲများဖြေရှင်းနိုင်ရန် ကြိုးပမ်းနေသည့် ASEAN၊ UNနှင့် SAC-M တို့၏ ကြိုးပမ်းမှုများကိုကြိုဆိုပြီး နယ်စပ်ဒေသအပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် စစ်ပွဲများရပ်တန့်ထားရန် တရုတ်နိုင်ငံက တိုက်တွန်းမှုများရှိနေကြောင်း KIO ထုတ်ပြန်
Published 26 January 2022

မြန်မာ့ပြည်တွင်းစစ်နှင့် ကြုံတွေ့နေရသော အခက်အခဲများဖြေရှင်းနိုင်ရန် ကြိုးပမ်းနေသည့် ASEAN၊ UNနှင့် SAC-M (Special Advisory Council for Myanmar) တို့၏ ကြိုးပမ်းမှုများကို ကြိုဆိုပြီး နယ်စပ်ဒေသအပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် စစ်ပွဲများရပ်တန့်ထားရန် တရုတ်နိုင်ငံက တိုက်တွန်းမှုများရှိနေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက ဇန်နဝါရီ ၂၆ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် မြန်မာ့တပ်မတော်က မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာအရပ်ရပ်ကို ရယူပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ပြည်သူလူထုတို့၏ နွေဦးတော်လှန်ရေးအရှိန်အဟုန်မြှင့် တင်လာခဲ့သည်မှာ တစ်နှစ်ပြည့်မြောက်တော့မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်နှင့် ကြုံတွေ့နေရသော အခက်အခဲများအား ဖြေရှင်းနိုင်ရန် အာရုံစိုက်ကြိုးပမ်းနေကြသော အိမ်နီးချင်းနိုင်ငံများ၊ ASEAN၊ UN၊ SAC-M (Special Advisory Council for Myanmar) တို့၏ ကြိုးပမ်းမှုများကိုလည်း ကြိုဆိုကြောင်း ဖော်ပြထားသည်။

တိုက်ပွဲများကာလကြာရှည်ပြီး ယင်းအကျပ်အတည်းအား အချိန်မီမဖြေရှင်းနိုင်ပါက မြန်မာနိုင်ငံသည် အလုံးစုံပျက်သုဉ်းရေးသို့ ရောက်ရှိသွားနိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ကြုံတွေ့နေရသော ပြဿနာအကျပ်အတည်းများအား ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တရားမျှတမှုကို အခြေခံပြီး ပြည်သူလူထု၏ ဆန္ဒသဘောထားများကို တန်ဖိုးထားရန်လိုအပ်ကြောင်း KIO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အရပ်ဖက်လူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှု မပြုလုပ်ရေး၊ ပဋိပက္ခဒဏ်ခံစားနေရသော လူထုအား အကာအကွယ်ပေးရေး၊ အစားအစာလုံခြုံမှု (Food Security)၊ COVID-19 ကာကွယ်ထိန်းချုပ်ရေး ကိစ္စရပ်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုရရှိရေးကိစ္စရပ်များတွင် နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများအနေဖြင့် ပိုမိုထိရောက်စွာ ကူညီဆောင်ရွက်ပေးကြရန် အလေးအနက်တိုက်တွန်းကြောင်း ဖော်ပြထားသည်။

ထို့ပြင် ၂၄ ကြိမ်မြောက် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲနှင့် ၁၃ ကြိမ်မြောက် ကိုယ်လက်အင်္ဂါမသန်စွမ်း အားကစားပြိုင်ပွဲကို တရုတ်နှစ်သစ်ကူးကာလအတွင်း တရုတ်နိုင်ငံ ပီကင်းမြို့တွင် ကျင်းပမည်ဖြစ်သောကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် နယ်စပ်ဒေသအပါအဝင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် စစ်ပွဲများရပ်တန့်ထားရန် တိုက်တွန်းချက်များရှိသောကြောင့် ဒေသတွင်းတည်ငြိမ်ရေးအတွက် အလေးပေးစဉ်းစားရမည့်အချက်ဖြစ်သည်ဟု ရှုမြင်ကြောင်း KIO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KIO ဗဟိုကော်မတီသည် မြန်မာနိုင်ငံ၏လက်ရှိဖြစ်ပျက်နေသော အခက်အခဲများကို ကျော်လွှားနိုင်ရေးနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းလာရေးအတွက် လက်တွဲဆောင်ရွက်နိုင်မည့် အဖွဲ့အစည်းအားလုံးနှင့် အတူတကွကြိုးပမ်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

Most Read

Most Recent