အနာဂတ်တွင် မဟာမိတ်ညီနောင်တိုင်းရင်းသားများနှင့်အတူ အမျိုးသားရပိုင်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် နိုင်ငံရေးဆွေးနွေးမှုလမ်းကြောင်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်မည်ဟု ALP ထုတ်ပြန်

အနာဂတ်တွင် မဟာမိတ်ညီနောင်တိုင်းရင်းသားများနှင့်အတူ အမျိုးသားရပိုင်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် နိုင်ငံရေးဆွေးနွေးမှုလမ်းကြောင်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်မည်ဟု ALP ထုတ်ပြန်
Published 26 January 2022

အနာဂတ်တွင် မဟာမိတ်ညီနောင်တိုင်းရင်းသားများနှင့်အတူ အမျိုးသားရပိုင်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် နိုင်ငံရေးဆွေးနွေးမှုလမ်းကြောင်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က ဇန်နဝါရီ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၏ သစ်လွင်သောနိုင်ငံရေးဦးဆောင်အဖွဲ့ကို ဖွဲ့စည်းကြောင်း ဇန်နဝါရီ ၆ ရက်က ထုတ်ပြန်ပြီးနောက် မျက်နှာစုံညီဗဟိုကော်မတီအစည်းအဝေးတစ်ရပ်ကို ဇန်နဝါရီ ၂၀ ရက်မှ ၂၃ ရက်အထိ လေးရက်တိုင်တိုင် အောင်မြင်စွာကျင်းပခဲ့ကြောင်း၊ ယင်းအစည်းအဝေးတွင် လက်ရှိကမ္ဘာ့နိုင်ငံရေးနှင့် မြန်မာ့နိုင်ငံရေးအခြေအနေများ၊ ရခိုင့်နိုင်ငံရေးအခြေအနေများကို ဆွေးနွေးသုံးသပ်ခြင်း၊ ပါတီ၏စစ်ရေး၊ နိုင်ငံရေးအခြေအနေများကို ပြန်လည်သုံးသပ်ခဲ့ပြီး ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA)၏ စစ်ဦးစီးချုပ်နှင့် ဒုစစ်ဦးစီးချုပ်တို့ကို ရွေးချယ်တင်မြှောက် နိုင်ခဲ့ကာ ဌာနဆိုင်ရာများကိုလည်း တိုးချဲ့မွမ်းမံပြင်ဆင်နိုင်ခဲ့ကြောင်း ALP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ALP ဥက္ကဋ္ဌ ခိုင်ရဲခိုင် ရှိပါလျက် ပါတီ၏အမည်၊ အမှတ်တံဆိပ်၊ အောင်လံတော်နှင့် ဆက်စပ်သင်္ကေတများကို အလွဲသုံးစားပြုလုပ်ပြီး မိမိကိုယ်ကို ဥက္ကဋ္ဌဟု ခံယူကာ ဒုဥက္ကဋ္ဌဟောင်း ခိုင်စိုးနိုင်အောင်သည် အပေါင်းအပါအချို့နှင့် ဇန်နဝါရီ ၁၂ ရက်တွင် ပါတီသစ်တစ်ခုကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီအမည်ဖြင့် ဖွဲ့စည်းကာ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။ 

ခိုင်စိုးနိုင်အောင်နှင့် အပေါင်းအပါ ခိုင်ကျော်လှိုင်၊ ခိုင်လင်းခိုင်တို့သည် ပါတီမှပေးအပ်ခဲ့သည့် တာဝန်ကို တင်းတိမ်ရောင့်ရဲခြင်းမရှိဘဲ ပါတီ၏ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အမျိုးသားညီညွတ်ရေးဆိုင်ရာ လမ်းညွှန်သဘောတရားများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည့်အတွက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ မျက်နှာစုံညီဗဟိုကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ ၎င်းတို့ကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ အပြီးအပိုင်ထုတ်ပယ်လိုက်ကြောင်း ALP ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခိုင်စိုးနိုင်အောင်နှင့် အပေါင်းအပါအချို့၏ ထုတ်ပြန်ချက်များတွင် ပါတီ၏အမည်၊ အမှတ်တံဆိပ်၊ အောင်လံတော်နှင့် ဆက်စပ်သင်္ကေတများအား သုံးစွဲနေခြင်း၊ ထို့ပြင်ဗဟိုဌာနချုပ်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်များတွင် သုံးစွဲနေခြင်းတို့သည် တရားဝင်မှုမရှိကြောင်း၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ ဗဟိုဌာနချုပ်သည် ဥက္ကဋ္ဌကြီး ခိုင်ရဲခိုင် ရုံးစိုက်ရာ ရခိုင်-အိန္ဒိယနယ်စပ်ကိုသာ သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ ခိုင်စိုးနိုင်အောင်နှင့် အပေါင်းအပါအချို့သည် တိုင်းရင်းသားမဟာမိတ်များနှင့်သော်လည်းကောင်း၊ အစိုးရများနှင့်သော်လည်းကောင်း၊ အခြားသောအဖွဲ့အစည်းများနှင့်သော်လည်းကောင်း ဆက်စပ်လုပ်ဆောင်နေမှုများသည် လုံးဝတရားဝင်မှုမရှိကြောင်း အသိပေးထုတ်ပြန်အပ်သည်ဟု ပါရှိသည်။

လက်ရှိမြန်မာ့နိုင်ငံရေးတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီသည် နိုင်ငံရေးဆွေးနွေးမှုဖြစ်စဉ်များ၌ ဆက်တိုက်ပါဝင်ခဲ့ပြီး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့အတွက် ကြိုးပမ်းဆောင်ရွကနေသော အဖွဲ့အစည်းဖြစ်ကြောင်း၊ နောင်တွင်လည်း မဟာမိတ်ညီနောင်တိုင်းရင်းသားများနှင့်အတူ အမျိုးသားရပိုင်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် နိုင်ငံရေးဆွေးနွေးမှုလမ်းကြောင်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ALP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent