နစက၏ နိုင်ငံခြားဝင်ငွေကို ပိတ်ဆို့ရေးအတွက် အရေးယူမှုများ အရေးတကြီးပြုလုပ်ရန် လိုအပ်နေသည်ဟု လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့(HRW) ပြောကြား

နစက၏ နိုင်ငံခြားဝင်ငွေကို ပိတ်ဆို့ရေးအတွက် အရေးယူမှုများ အရေးတကြီးပြုလုပ်ရန် လိုအပ်နေသည်ဟု လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့(HRW) ပြောကြား
မြန်မာနိုင်ငံရှိ ရတနာစီမံကိန်း သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းတစ်နေရာကို တွေ့ရစဉ်
မြန်မာနိုင်ငံရှိ ရတနာစီမံကိန်း သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းတစ်နေရာကို တွေ့ရစဉ်
Published 25 January 2022
 Ref: HRW

နိုင်ငံခြားဝင်ငွေကို ပိတ်ဆို့ရေးအတွက် ပစ်မှတ်ထားကာ အရေးယူမှုအသစ်များ အရေးတကြီးပြုလုပ်ခြင်းမရှိပါက မြန်မာနိုင်ငံ၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် သဘာဝဓာတ်ငွေ့နှင့် အခြားထုတ်ယူရေးလုပ်ငန်းကဏ္ဍများမှနေ၍ ဝင်ငွေများ အကြီးအကျယ် စုဆောင်းနိုင်ရန် ဆက်လက်လုပ်ဆောင်နေလိမ့်ဦးမည်ဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့ (HRW) က ဇန်နဝါရီ ၂၅ ရက်တွင် ပြောကြားလိုက်သည်။

ဇန်နဝါရီ ၂၁ ရက်တွင် Total Energies နှင့် Chevron ကုမ္ပဏီတို့က မြန်မာနိုင်ငံမှထွက်ခွာတော့မည့် အစီအစဉ်များကို အသီးသီးကြေညာခဲ့ကြသော်လည်း အခြားကုမ္ပဏီများက ၎င်းတို့၏ လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြမည်ဖြစ်သောကြောင့် နစကအနေဖြင့် သဘာဝဓာတ်ငွေ့မှနေ၍ ဝင်ငွေများကို ဆက်လက်ရရှိနေလိမ့်ဦးမည်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ဂျပန်နှင့် အခြားသက်ဆိုင်ရာအစိုးရအဖွဲ့များအနေဖြင့် သဘာဝဓာတ်ငွေ့မှ ရရှိမည့် ဝင်ငွေများအားလုံးနှင့်ပတ်သက်၍ ပိတ်ဆို့မှုများ ချမှတ်ရေးအတွက် ယခုအခါဘုံရပ်တည်ချက်တစ်ရပ်ကို အတည်ပြုသင့်သည်ဟု HRW က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ကျန်ရှိနေဆဲ အဓိကစွမ်းအင်ကုမ္ပဏီနှစ်ခုဖြစ်သည့် ထိုင်းနိုင်ငံ၏ နိုင်ငံပိုင် PTT ကုမ္ပဏီနှင့် တောင်ကိုရီးယားနိုင်ငံ၏ POSCO ကုမ္ပဏီတို့အနေဖြင့် ဖော်ပြပါအရေးယူဆောင်ရွက်မှုမျိုးကို အားပေးထောက်ခံကြောင်း အချက်ပြသင့်သည်ဟုလည်း ဆိုသည်။

“တစ်နှစ်နီးပါး အာဏာရယူထားခဲ့ပြီးတဲ့နောက် မြန်မာနစကအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းထံကနေ အရေးပါတဲ့ ဒဏ်ခတ်မှုတွေမခံရဘဲဖြစ်နေပါတယ်” ဟု HRW ၏ အာရှဆိုင်ရာအကြံပေးဒါရိုက်တာ ဂျွန်ဆစ်ဖ်တန်က ပြောကြားခဲ့သည်။

“အစိုးရအဖွဲ့တွေက နစကခေါင်းဆောင်တွေအပေါ် ပိုပြီးထိရောက်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ဖိအားတွေမပေးမချင်း သူတို့က သူတို့ရဲ့  ဖိနှိပ်မှုတွေကို စွန့်လွှတ်မှာမဟုတ်ပါဘူး” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ သဘာဝဓာတ်ငွေ့စီမံကိန်းများသည် နစကကို နှစ်စဉ်နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလျံအထက် ရရှိစေပြီး နိုင်ငံခြားငွေကြေးကို ဝင်ငွေအဖြစ် ရရှိနိုင်စရာ တစ်ခုတည်းသောအကြီးမားဆုံး ရင်းမြစ်လည်းဖြစ်သည်။

ငွေကြေးများကို အမေရိကန်ဒေါ်လာအဖြစ် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းစု (MOGE) သို့လည်းကောင်း၊ တပ်မတော်က ထိန်းချုပ်ထားသည့် (နိုင်ငံခြားတိုင်းပြည်တို့ရှိ)ဘဏ်စာရင်းများသို့လည်းကောင်း ဝန်ဆောင်ခ၊ အခွန်ငွေ၊ မြေငှားခနှင့် အမြတ်ငွေဝေစု စသည့်ပုံစံများဖြင့် လွှဲပြောင်းပေးရသည်။ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေအများစုကို ထိုင်းနှင့် တရုတ်သို့ သွယ်တန်းထားသော ပိုက်လိုင်းများမှ ရရှိသည်ဟု ဆိုသည်။

ဇန်နဝါရီ ၂၁ ရက်က ကြေညာချက်တွင် TotalEnergies ကုမ္ပဏီက ယိုယွင်းလာသော လူ့အခွင့်အရေးအနေအထားများကြောင့် ၎င်းတို့အနေဖြင့် နိုင်ငံအတွင်း အရေးပါသည့် အပြုသဘောဆောင်သော ထည့်ဝင်မှု ဆက်လက်ပြုလုပ်ရန် မဖြစ်နိုင်တော့ပါသဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာတော့မည့်အကြောင်း ပြောကြားခဲ့သည်။

Total Energies ကုမ္ပဏီသည် Chevron၊ PTT တို့နှင့် မိတ်ဖက်ဖြစ်ပြီး မြန်မာနိုင်ငံ၏ အကြီးမားဆုံးလုပ်ကွက်တစ်ခုဖြစ်သော ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းကို ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက လုပ်ကိုင်လာခဲ့ခြင်းဖြစ်သည်။

Chevron ကုမ္ပဏီကလည်း ဇန်နဝါရီ ၂၁ ရက်မှာပင် ဂျာနယ်လစ်များထံသို့ ပေးပို့ခဲ့သည့် အတိုချုပ်ထုတ်ပြန်ချက်၌ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာရေးကို ဦးတည်သွားစေသည့် စီစဉ်ပြီးသား စနစ်တကျ အပြောင်းအလဲတစ်ရပ်ကို ပြုလုပ်လိုက်ကြောင်း ဖော်ပြခဲ့သည်။

TotalEnergies ကုမ္ပဏီ၏ ကြေညာချက်သည် ဇန်နဝါရီ ၁၈ ရက်က HRW သို့ ပေးပို့သောစာမှ ၎င်းတို့၏ အမှုဆောင်အရာရှိချုပ် ပက်ထရစ်ပူယန်းနေး ရေးသားထားသည့် အချက်များကို ပြန်လည်ထင်ဟပ်လျက် MOGE သို့ ငွေကြေးစီးဆင်းမှုကို ရပ်တန့်ရန် ပစ်မှတ်ထားပိတ်ဆို့မှုမျိုးကို အကောင်အထည်ဖော်ရေးအား ၎င်းတို့ထောက်ခံကြောင်း ကုမ္ပဏီက ပြင်သစ်နှင့် အမေရိကန်အာဏာပိုင်များကို အကြောင်းကြားထားသည်ဟု ဖော်ပြခဲ့သည်။

နစကအား ငွေပေးချေမှုများကို ရပ်ဆိုင်းထားရန် သို့မဟုတ် ယင်းကဲ့သို့သော ငွေပေးချေမှုများကို ပိတ်ဆို့မည့် ဆန်ရှင်ချမှတ်မှုများကို ထောက်ခံရန် TotalEnergies ကုမ္ပဏီသည် မြန်မာအရပ်ဘက်အဖွဲ့အစည်းများသာမက နိုင်ငံတကာမှ လူ့အခွင့်အရေးအဖွဲ့များနှင့် အင်စတီကျူးရှင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများထံမှ ကြီးထွားလာသည့် ဖိအားပေးမှုများကို လွန်ခဲ့သည့်နှစ် တစ်နှစ်လုံး ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။