သေဒဏ်ချမှတ်ခြင်းကို ဖျက်သိမ်းပြီး နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရန် ဆွီဒင်နိုင်ငံ တောင်းဆို

သေဒဏ်ချမှတ်ခြင်းကို ဖျက်သိမ်းပြီး နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရန် ဆွီဒင်နိုင်ငံ တောင်းဆို
Published 25 January 2022

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖမ်းဆီးခံရသူအချို့အပေါ် သေဒဏ်ချမှတ်ခြင်းကို ဖျက်သိမ်းပြီး နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန် ဆွီဒင်နိုင်ငံက တောင်းဆိုလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံရုံးက ဇန်နဝါရီ ၂၅ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် သေဒဏ်ချမှတ်ခြင်းသည် လူ့ဂုဏ်သိက္ခာညှိုးနွမ်းစေပြီး ပြန်လည်ပြင်ဆင်ခွင့်မရသည့် ပြစ်ဒဏ်ဖြစ်သည့်အပြင် လူသားများ၏ မွေးရာပါ အခွင့်အရေးဖြစ်သည့် အသက်ရှင်ခွင့်အား ချိုးဖောက်နေသည့် ပြစ်ဒဏ်လည်း ဖြစ်သည်ဟု ဖော်ပြထားသည်။

ဆွီဒင်နိုင်ငံနှင့် ဥရောပသမဂ္ဂအနေဖြင့် ကမ္ဘာလုံးအတိုင်းအတာ သေဒဏ်ဖျက်သိမ်းရေးအား ကြိုးပမ်းလုပ်ဆောင်နေသည်နှင့်အညီ မည်သည့်အကြောင်းအရာ ပုံစံမျိုးနှင့်မဆို သေဒဏ်ချမှတ်ခြင်းအား ရှုတ်ချကန့်ကွက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံရုံး၏ ဇန်နဝါရီ ၂၅ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ ဦးကျော်မင်းယု (ခေါ်) ဦးဂျင်မီနှင့် လွှတ်တော်အမတ်ဟောင်းဖြစ်သူ ဦးဖြိုးဇေယျာသော်တို့အား သေဒဏ်ချမှတ်လိုက်ပြီးနောက် သေဒဏ်ချမှတ်ခံရသူ ၄၅ ဦးထိ ရှိလာသည့်အတွက် အသက်ရှင်သန်ခွင့်အား လေးစားလိုက်နာခြင်းသည် လူ့အခွင့်အရေး၏ အဓိကအချက်ပင်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံရုံး၏ ဇန်နဝါရီ ၂၅ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် သေဒဏ်ချမှတ်ခြင်းအား ဖျက်သိမ်းခြင်းနှင့်အတူ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံရုံး၏ ဇန်နဝါရီ ၂၅ ရက်တွင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးဂျင်မီနှင့့်် ဦးဖြိုးဇေယျာသော်တို့အား စစ်ခုံရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် သေဒဏ်ချမှတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဇန်နဝါရီ ၂၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent