၂၀၂၂ ခုနှစ် ဇန်နဝါရီလ ပထမပတ်အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတစ်ဆင့် ပြည်ပသို့ ဒေါ်လာ ၁၈ သန်းကျော် တန်ဖိုးရှိသည့် ဆန်တန်ချိန် ၅၉၀၀၀ ခန့်တင်ပို့ခဲ့ရာ အိုင်ဗရီကို့စ်နိုင်ငံသို့ အများဆုံးဖြစ်

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ပထမပတ်အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတစ်ဆင့် ပြည်ပသို့ ဒေါ်လာ ၁၈ သန်းကျော် တန်ဖိုးရှိသည့် ဆန်တန်ချိန် ၅၉၀၀၀ ခန့်တင်ပို့ခဲ့ရာ အိုင်ဗရီကို့စ်နိုင်ငံသို့ အများဆုံးဖြစ်
ဘုရင့်နောင်ရှိ ဆန်စပါးကုန်စည်ဒိုင်ကိုတွေ့ရစဉ်
ဘုရင့်နောင်ရှိ ဆန်စပါးကုန်စည်ဒိုင်ကိုတွေ့ရစဉ်
Published 25 January 2022

၂၀၂၂ ခုနှစ် ဇန်နဝါရီပထမပတ် ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတစ်ဆင့် ဒေါ်လာ ၁၈ ဒသမ ၈၉၆ သန်း တန်ဖိုးရှိသည့် ဆန်တန်ချိန် ၅၉၀၀၀ ခန့် တင်ပို့ခဲ့ရာ အိုင်ဗရီကို့စ်နိုင်ငံသို့ အများဆုံးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါကာလအတွင်း ဆန်တင်ပို့မှုအများဆုံးနိုင်ငံများမှာ ကင်မရွန်းနိုင်ငံသို့ ဆန်တန်ချိန် ၁၅၀၀၀ ခန့်၊ အိုင်ဗရီကို့စ်နိုင်ငံသို့ ဆန်တန်ချိန် ၁၉၃၅၀ ခန့်၊ နိုင်ဂျာနိုင်ငံသို့ ဆန်တန်ချိန် ၄၀၀၀ ခန့်၊ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်တန်ချိန် ၆၂၀၀ ခန့်၊ ပိုလန်နိုင်ငံသို့ ဆန်တန်ချိန် ၅၁၅၀ ခန့်၊ နယ်သာလန်နိုင်ငံသို့ ၃၁၀၀ ခန့်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်တန်ချိန် ၄၈၁၀ ခန့်တင်ပို့နိုင်ခဲ့ကြောင်း၊ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ဆန်တင်ပို့မှုတန်ချိန် ၄၄၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ကြောင်း သိရသည်။

ဇန်နဝါရီ ပထမပတ်ကာလအတွင်း ပင်လယ်ရေကြောင်းမှ နယ်သာလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၀၇၀၀ ခန့်၊ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၂၇၀၀ ခန့်၊ အာရပ်စော်ဘွားများပြည်ထောင်စုသို့ ဆန်ကွဲတန်ချိန် ၁၅၀၀ ခန့်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၈၇၀ ကျော်၊ စင်ကာပူနိုင်ငံသို့ တန် ၅၀ ခန့် စုစုပေါင်းဆန်ကွဲတန်ချိန် ၂၆၁ဝဝကျော် တန်ဖိုးအားဖြင့် ဒေါ်လာ ၈ ဒသမ ၁၂ သန်းခန့်ရရှိခဲ့ကြောင်း၊ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ဆန်ကွဲတန်ချိန်၂၄၀၀၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ပထမပတ်ကာလအတွင်း ပင်လယ်ရေကြောင်းမှ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုစုစုပေါင်းတန်ချိန် ၈၅၁၀၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ဆန်ဖြူတန်ချိန်တစ်သိန်းနှင် ့ပေါင်းဆန်တန်ချိန် ငါးသောင်းတို့ကို သီရိလင်္ကာနိုင်ငံသို့ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွင်း တင်ပို့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံနှင့် သီရိလင်္ကာဆိုရှယ်လစ်ဒီမိုကရက်တစ်နိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် အစိုးရများအကြား G to G စနစ်ဖြင့် လယ်ယာထွက်ကုန်ကဏ္ဍမှ ဆန်အပါအဝင် အခြားကုန်စည်များ တိုးမြှင့်ရောင်းချသွားနိုင်ရေး ကနဦးဆောင်ရွက်ချက်အဖြစ် ချုပ်ဆိုခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား အကျိုးအမြတ်ရှိနိုင်သည့် ခရီးသွားလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ဖိတ်ခေါ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။

အဆိုပါသဘောတူစာချုပ်ကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်နှင့် သီရိလင်္ကာနိုင်ငံကုန်သွယ်ရေး ဝန်ကြီးဌာန၊ တွဲဖက်အတွင်းဝန်တို့က လက်မှတ်ရေးထိုးခဲ့ကြပြီး စာချုပ်အရ ဆန်ရောင်းဝယ်မှုကို မြန်မာနိုင်ငံဘက်မှ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် သီရိလင်္ကာနိုင်ငံဘက်မှ Sri Lanka State Trading (General) Corporation တို့က အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရာ တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့နေပြီး ဥရောပနိုင်ငံများနှင့် အာဖရိကနိုင်ငံများသို့လည်း တင်ပို့နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှဆန်နှင့် ဆန်ကွဲကို ပြည်ပတင်ပို့ရာ၌ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အီးယူစျေးကွက်၊ အာဖရိကစျေးကွက်သို့ တင်ပို့လျက်ရှိပြီး မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေသည်။

ပြီးခဲ့သည့်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်  ပြည်ပသို့ ဆန်တင်ပို့မှုလျော့ကျခဲ့သော်လည်း ဆန်ကွဲတင်ပို့မှုမြင်တက်ခဲ့သဖြင့် ယခင်နှစ်ကာလတူထက် ဝင်ငွေဒေါ်လာ ၈၄ သန်း ကျော်ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ဆန်နှင့် ဆန်ကွဲတင်ပို့မှုကို ပျှမ်းမျှအားဖြင့် နှစ်စဉ် ၁၀ ရာခိုင်နှုန်းခန့် တိုးတက်လာအောင်  ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် တန်ချိန်မြင့်တက်မှုအပြင် ဝင်ငွေပိုမိုမြင့်တက်လာစေရန် အရည်အသွေးကောင်းမွန်သည့် တန်းမြင့်ဆန်များအမျိုးအစားများ ပိုမိုတင်ပို့နိုင်အောင်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။