ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏အလုပ်အဖွဲ့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏အလုပ်အဖွဲ့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး
Published 21 January 2022

အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့်နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၀ ရက်နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်တ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါတွေ့ဆုံပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏အလုပ်အဖွဲ့ ခေါင်းဆောင်ဦးစိုင်းအိုက်ပေါင်းတို့က နှုတ်ခွန်းဆက်အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ၂၀၂၀ ပြည့်နှစ်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့မှ ညှိနှိုင်းပြင်ဆင်ဆောင်ရွက်ခဲ့သည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့်ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်းသိရသည်။

ယင်းနောက် နိုင်ငံရေးပါတီများအစုအဖွဲ့၏အလုပ်အဖွဲ့ခေါင်းဆောင် ဦးစိုင်းအိုက်ပေါင်းနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့က နိဂုံးချုပ်အမှာစကားများ ပြောကြားပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ယင်းအစည်းအဝေးသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ် ချုပ်ကြီးရာပြည့်နှင့်ကော်မတီဝင်များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့ခေါင်းဆောင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဉီးစိုင်းအိုက်ပေါင်းနှင့်အလုပ်အဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

၂၀၂၁ ခုနှစ် အောက်တိုဘာ ၉ ရက်ကလည်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီက နိုင်ငံရေးပါတီအချို့ကို ဖိတ်ကြား၍ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စရပ်များနှင့် ရွေးကောက်ပွဲစနစ် ကိစ္စရပ်တို့ကို ဆွေးနွေးပြောကြားမှုများပြုလုပ်ထားသည်။

Most Read

Most Recent