မြန်မာ့အရေးသည် အာဆီယံ၏ တစ်ခုတည်းသောလုပ်ငန်းစဉ်မဟုတ်ဟု အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ပြောကြား

မြန်မာ့အရေးသည် အာဆီယံ၏ တစ်ခုတည်းသောလုပ်ငန်းစဉ်မဟုတ်ဟု အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ပြောကြား
အာဆီယံခရီးသွားဖိုရမ် ၂၀၂၂ ဖွင့်ပွဲတွင် မိန့်ခွန်းပြောကြားနေသည့် ကမ္ဘောဒီးယားဝန်ကြီးချုပ်အား တွေ့ရစဉ် (Photo:Khmer Times)
အာဆီယံခရီးသွားဖိုရမ် ၂၀၂၂ ဖွင့်ပွဲတွင် မိန့်ခွန်းပြောကြားနေသည့် ကမ္ဘောဒီးယားဝန်ကြီးချုပ်အား တွေ့ရစဉ် (Photo:Khmer Times)
Published 20 January 2022

မြန်မာ့အရေးသည် အာဆီယံ၏ တစ်ခုတည်းသော လုပ်ငန်းစဉ်မဟုတ်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဇန်နဝါရီ ၁၈ ရက် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်ဖွင့်ပွဲတွင် ပြောကြားခဲ့သည်ဟု ဇန်နဝါရီ ၁၉ ရက်တွင် The Khmer Times သတင်းစာက ဖော်ပြခဲ့သည်။

အာဆီယံခရီးသွားလုပ်ငန်းစင်္ကြ ံထူထောင်ခြင်းသည် လူ့အဖွဲ့အစည်းကို ပြန်ဖွင့်ရန်နှင့် စီးပွားရေးတိုးတက်မှုကို မြှင့်တင်ရန် အဓိကကိစ္စဖြစ်သည်ဟု ဟွန်ဆန်က ပြောကြားခဲ့သည်။

“မြန်မာကိစ္စအပြင် ကျွန်တော်တို့မှာ လုပ်စရာတွေအများအပြားရှိနေတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ အာဆီယံဟာ မြန်မာအကျပ်အတည်းရဲ့ ဓားစာခံမဟုတ်ပါဘူး” ဟု ဟွန်ဆန်က ပြောကြားခဲ့သည်။ သီဟာနိုဗီးလ်မြို့တွင်ပြုလုပ်သည့် ASEAN Tourism Forum 2022 ၏ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်စဉ် ဟွန်ဆန်က မြန်မာ့အရေးကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါနှင့် ဆက်စပ်လျက်ရှိသည့် အာဆီယံခရီးသွားလုပ်ငန်း ပြန်လည်သက်ဝင်လှုပ်ရှားလာစေရန် ကိုင်တွယ်ဆောင်ရွက်စရာ ကိစ္စအများအပြားရှိနေကြောင်း ဟွန်ဆန်က ပြောကြားခဲ့သည်။

“ဒေသတွင်းမှာ တဖြည်းဖြည်း ပုံမှန်အနေအထားပြန်ရောက်လာစေဖို့ ခရီးသွားလုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အာဆီယံခရီးသွားလုပ်ငန်း ဝန်ကြီးတွေအနေနဲ့ အာဆီယံခရီးသွားစင်္ကြ ံသဘောတူညီချက်မူဘောင်တစ်ရပ်ကို ပြင်ဆင်ရာမှာ ပါဝင်ကြရမှာဖြစ်ပါတယ်” ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်က အဆိုပါဖိုရမ်တွင် ပြောကြားခဲ့သည်။

ယခုနှစ်တွင် ကမ္ဘောဒီးယားက အလှည့်ကျအာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရာတွင် ကိုင်တွယ်ဖြေရှင်းရမည့် လုပ်ငန်းစဉ်အချို့ကို ဟွန်ဆန်က အာဆီယံအတွင်းရေးမှူးချုပ် လင်ဂျော့ဟွိုင်နှင့် ဆွေးနွေးခဲ့သည်ဟု သိရသည်။

မစ္စတာဟွန်ဆန်နှင့် လင်ဂျော့ဟွိုင်တို့သည် မြန်မာ့အရေး၊ တောင်တရုတ်ပင်လယ်နှင့် အင်ဒိုပစိဖိတ်ပြဿနာများ၊ တီမော၏ အာဆီယံအဖွဲ့ဝင်ဖြစ်ရေးကြိုးပမ်းမှု၊ COVID-19 နှင့် ကိုရိုနာဗိုင်းရပ်စ်နှင့် သက်ဆိုင်သည့် ASEAN Global Dialogue တို့ကို ဆွေးနွေးခဲ့ကြသည်ဟု ကမ္ဘောဒီးယားအစိုးရအဖွဲ့ဝန်ကြီး ကောင်ကင်ဟွန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံကိုကူညီရာတွင် လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းစဉ်စတင်ရေးအတွက် အားလုံးပါဝင်သော အစည်းအဝေးတစ်ရပ်ကျင်းပရန် ဇန်နဝါရီ ၁၇ ရက်တွင် ဟွန်ဆန်က အာဆီယံအတွင်းရေးမှူးချုပ်ကို တိုက်တွန်းပြောကြားခဲ့ပြီး ကပ်ရောဂါအလွန် နာလန်ထူရေးလုပ်ငန်းစဉ်များကို အလေးပေးမည့် ASEAN Global Dialogue တွင် အရေးပါသောပုဂ္ဂိုလ်များကို ဖိတ်ကြားသွားမည်ဟုဆိုသည်။

“မြန်မာ့အရေးနဲ့ပတ်သက်လို့ ကမ္ဘောဒီးယားရဲ့ ကြိုးပမ်းဆောင်ရွက်မှုကို ကျွန်တော်ထောက်ခံပါတယ်။ အထူးသဖြင့် အာဆီယံရဲ့သဘောထားရပ်တည်ချက် ငါးရပ်နဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားနိုင်ငံရဲ့ ရည်ရွယ်ချက်တွေကို ထောက်ခံပါတယ်” ဟု အာဆီယံအတွင်းရေးမှူးချုပ် လင်ဂျော့ဟွိုင်က ပြောကြားခဲ့သည်ဟု ဟွန်ဆန်က ၎င်း၏ Facebook ပို့စ်တွင် ဖော်ပြခဲ့သည်။

သို့ရာတွင် ဟွန်ဆန်အနေဖြင့် မြန်မာနိုင်ငံကိုသွားခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်၍ အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တိုင်ပင်ခဲ့သင့်သည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပြီး စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကလည်း ဟွန်ဆန်၏လုပ်ရပ်ကို မထောက်ခံဟု အရိပ်အမြွက်ပြောကြားခဲ့သည်။                  Ref: The Khmer Times

Most Read

Most Recent