ယခုနှစ်၏ ပထမဆုံးအစည်းအဝေးကို ရွှေ့ဆိုင်းခဲ့ပြီးနောက် မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ကြီးအတွင်း  သဘောထားကွဲလွဲမှုများဖြစ်ပေါ်နေဟုဆို

ယခုနှစ်၏ ပထမဆုံးအစည်းအဝေးကို ရွှေ့ဆိုင်းခဲ့ပြီးနောက် မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ကြီးအတွင်း  သဘောထားကွဲလွဲမှုများဖြစ်ပေါ်နေဟုဆို
၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ပြုလုပ်သည့် မြန်မာ့အရေးအာဆီယံခေါင်းဆောင်များ၏ ထိပ်သီးဆွေးနွေးပွဲကို တွေ့ရစဉ်
၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ပြုလုပ်သည့် မြန်မာ့အရေးအာဆီယံခေါင်းဆောင်များ၏ ထိပ်သီးဆွေးနွေးပွဲကို တွေ့ရစဉ်
Published 18 January 2022
Ref: Discord over Myanmar as ASEAN postpones year’s first meeting (Reuters)

မြန်မာ့တပ်မတော်ခေါင်းဆောင်များနှင့် ဆက်ဆံမှုနှင့်ပတ်သက်၍ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင် နိုင်ငံများအကြား မဖြေရှင်းနိုင်သေးသည့် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေကြောင်း သံတမန်များနှင့် အစိုးရတာဝန်ရှိသူများ၏ အဆိုကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

ယခုသီတင်းပတ်ထဲတွင် ကျင်းပရန် စီစဉ်ထားသည့် အာဆီယံဝန်ကြီးများအဆင့်အစည်းအဝေးတစ်ခုကိုလည်း ရွှေ့ဆိုင်းခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ဖေဖော်ဝါရီ ၁ ရက်ဖြစ်စဉ်နှင့်ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံပါဝင်သည့် အာဆီယံအဖွဲ့ကြီးက မကြုံစဖူးလုပ်ရပ်အဖြစ် အာဆီယံခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဖိတ်ကြားခြင်းမပြုခဲ့ပြီးနောက် ယမန်နှစ်နှောင်းပိုင်းကာလများတွင် အာဆီယံအဖွဲ့ကြီးအတွင်း သဘောထားကွဲလွဲမှုများ ထပ်မံပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

အာဆီယံအစည်းအဝေးများသို့ မြန်မာနိုင်ငံတက်ရောက်ခွင့်နှင့်ပတ်သက်သည့် သဘောထားကွဲလွဲမှုများကို အဖြေရှာနိုင်ခြင်း မရှိသေးဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ အဗ္ဗဒူကာဒီယာဂျိုင်လာနီက ပြောကြားခဲ့သည်။

“အမြင်တွေ တူညီဖို့အတွက်ဆိုရင် အချိန်ယူဖို့ လိုအပ်နေတယ်ဆိုတာ ဝန်ခံရပါလိမ့်မယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှ-ပစိဖိတ်နှင့် အာဖရိကရေးရာ ညွှန်ကြားရေးမှူးချုပ် ဂျိုင်လာနီက သတင်းထောက်များကို ပြောကြားသည်။

သို့ရာတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်လာသည့် ကမ္ဘောဒီးယားနိုင်ငံက အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲအန္တရာယ်ရှိနေဆဲအချိန်တွင် ယခုသီတင်းပတ်ထဲ၌ ကျင်းပမည့် အစည်းအဝေးအား ရွှေ့ဆိုင်းခဲ့သည့်အပေါ် နားလည်လက်ခံနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

ခရီးသွားလာရန် အခက်အခဲများကြောင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအချို့ တက်ရောက်ရန် အဆင်မပြေသည့်အတွက် ပြီးခဲ့သည့် သီတင်းပတ်တွင် ကမ္ဘောဒီးယားနိုင်ငံက အဆိုပါအစည်းအဝေးကို ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။

မြန်မာ့တပ်မတော်နှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရန် ဆန္ဒရှိနေကြောင်းနှင့် အာဆီယံအစည်းအဝေးဖွင့်ပွဲသို့ တက်ရောက်ရန် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဖိတ်ကြားခဲ့ကြောင်း ကမ္ဘောဒီးယားဘက်က အရိပ်အမြွက် ပြောကြားခဲ့သည်ဟု သံတမန် သတင်းရင်းမြစ်နှစ်ဦးက ရိုက်တာသတင်းဌာနသို့  ပြောကြားခဲ့သည်။

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရန် ရည်ရွယ်သည့် အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှုမရှိသည့်အတွက် မြန်မာ့တပ်မတော်အား ပြန်လည်ဖိတ်ကြားမည့် အစီအစဉ်ကို မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာနှင့် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းတို့က မကြာသေးမီ ရက်ပိုင်းအတွင်း ကန့်ကွက်ခဲ့သည်ဟု သိရသည်။

မြန်မာ့အရေးနှင့် ပတ်သက်သည့် မူဝါဒအပြောင်းအလဲ မှန်သမျှသည် ပကတိအခြေအနေသစ်များအပေါ် အခြေခံရမည်ဖြစ်ကြောင်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ဇန်နဝါရီ ၁၄ ရက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို ပြောကြားခဲ့သည်။

အဓိကကိစ္စရပ်မှာ ကမ္ဘောဒီးယားက မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားမှုနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခြင်းကြောင့်ဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

အင်ဒိုနီးရှားနှင့် မလေးရှားတို့သည် ဟွန်ဆန်၏ မြန်မာနိုင်ငံခရီးစဉ်ရလဒ်အပေါ် ဘဝင်မကျဖြစ်နေသည်ဟုလည်း ၎င်းသတင်းရင်းမြစ်က ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။ 

 

Most Read

Most Recent