လာမည့်ရွေးကောက်ပွဲတွင် ကော်မရှင်အနေဖြင့် ဘက်လိုက်မှုမရှိသည့် သန့်ရှင်းသောရွေးကောက်ပွဲဖြစ်ရန် ဆောင်ရွက်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ပြောကြား

လာမည့်ရွေးကောက်ပွဲတွင် ကော်မရှင်အနေဖြင့် ဘက်လိုက်မှုမရှိသည့် သန့်ရှင်းသောရွေးကောက်ပွဲဖြစ်ရန် ဆောင်ရွက်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ပြောကြား
Published 12 January 2022

လာမည့်ရွေးကောက်ပွဲကို ကျင်းပရာတွင် ကော်မရှင်အနေဖြင့် ဘက်လိုက်မှုမရှိသည့် သန့်ရှင်းသောရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောကြားသည်။

ဇန်နဝါရီ  ၁၀ ရက်က ကျင်းပသည့်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တို့တွင် တာဝန်ထမ်းဆောင်မည့် အမှုထမ်း(ဒုတိယဦးစီးမှူး)များ လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့်သင်တန်းအမှတ်စဉ် (၁ /၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအခမ်းအနားတွင် ဦးသိန်းစိုးက ယနေ့သင်တန်းသို့တက်ရောက်လာသည့် သင်တန်းသားများအနေဖြင့် သင်တန်းပြီးမြောက်ပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ကော်မရှင်အဖွဲ့ခွဲအသီးသီးတို့တွင် တာဝန်ထမ်းဆောင်ကြရမှာဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်  ရွေးကောက်ပွဲများကို အောင်မြင်စွာကျင်းပပေးရသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ သို့ဖြစ်၍ကော်မရှင်တွင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာအသိပညာဗဟုသုတနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ၊ သက်ဆိုင်ရာရုံးလုပ်ငန်းများကို သိရှိနားလည်ကျွမ်းကျင်နေကြရန် လိုအပ်ကြောင်း၊ ယနေ့သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာလည်း ဝန်ထမ်းများအနေဖြင့် အဆိုပါအချက်များကို သိရှိနားလည်စေရန်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် လုပ်ငန်းတစ်ခုအောင်မြင်စေရန် ဝန်ထမ်းအဆင့်ဆင့်က မိမိတို့တာဝန်ကျရာလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်၏ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များနှင့် တာဝန်တစ်ခုချင်းအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို မဖြစ်မနေသိရှိထားရန် လိုအပ်ကြောင်း၊ ဝန်ထမ်းတစ်ဦးအနေဖြင့် ပြဋ္ဌာန်းထားသည့် ဝန်ထမ်းကျင့်ဝတ်များ၊ နိုင်ငံ့ဝန်ထမ်းဥပဒေများနှင့်အညီ စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရန် လိုအပ်ကြောင်း၊ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ရုံးလုပ်ငန်းလက်စွဲနှင့်အညီ စနစ်တကျဆောင်ရွက်ရန်နှင့် အခါအားလျော်စွာ ထုတ်ပြန်သည့် အမိန့်နှင့်ညွှန်ကြားချက်များကိုလည်း လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲများကို ကျင်းပရာမှာ လွတ်လပ်ပြီး၊ တရားမျှတသည့် ရွေးကောက်ပွဲများဖြစ်ရန် လိုအပ်သည့်အားလျော်စွာ ဝန်ထမ်းများအနေဖြင့်လည်း ဝင်ရောက်ယှဉ်ပြိုင်ကြသည့် နိုင်ငံရေးပါတီများအားလုံးအပေါ် ဘက်လိုက်မှုကင်းပြီး တရားမျှတမှုရှိရန် လိုအပ်ကြောင်း၊ ပါတီတစ်ခုတည်းအပေါ် အစွဲအလမ်းရှိပါက ဘက်လိုက်ခြင်း၊ မမျှတခြင်းများ ရှိလာနိုင်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် တာဝန်ထမ်းဆောင်ကြမည့်ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရန် ပို၍လိုအပ်ကြောင်း၊ ဘက်လိုက်မှုကင်းဖို့ အလေးအနက်ထားလိုက်နာကြရန် အထူးမှာကြားလိုကြောင်း၊ မဖြစ်မနေလိုက်နာရန်လိုအပ်သည့် ဥပဒေတစ်ခုမှာ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေကို သေချာဖတ်ရှုလေ့လာပြီး နိုင်ငံ့ဝန်ထမ်းတစ်ယောက်အနေနှင့်သာမက နိုင်ငံသားတစ်ယောက်အနေနှင့်ပါ လိုက်နာဆောင်ရွက်ကြရန် ဦးသိန်းစိုးက ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်ငါးရပ်အနက် အမှတ်စဉ် (၁) နှင့် အမှတ်စဉ် (၅)သည် ရွေးကောက်ပွဲကော်မရှင်၏ တာဝန်များဖြစ်ကြောင်း၊ ယနေ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အမှတ်စဉ် (၁) လုပ်ငန်းတာဝန်များကို ဆောင်ရွက်နေသကဲ့သို့ အမှတ်စဉ် (၅) တာဝန်ဖြစ်သည့် ရွေးကောက်ပွဲကျင်းပပေးရေးတာဝန်ကိုလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ လာမည့်ရွေးကောက်ပွဲကို ယခင်ရွေးကောက်ပွဲများတွင် ကျင့်သုံးခဲ့သည့် မဲများသူအနိုင်ရ (FPTP) စနစ်အစား အချိုးကျကိုယ်စားပြုစနစ် (PR) ကို ပြောင်းလဲကျင့်သုံးနိုင်ရေးအတွက် နိုင်ငံရေးပါတီများနှင့် ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း၊ PR စနစ်အတွက် ကိုက်ညီမည့်ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များ၊ လက်စွဲများ ပြင်ဆင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

လာမည့်ရွေးကောက်ပွဲကို ကျင်းပရာတွင် ကော်မရှင်အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် တစ်နည်းအားဖြင့် ဘက်လိုက်မှုမရှိသည့် သန့်ရှင်းသောရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ဘက်လိုက်မှုကင်းရန် ရွေးကောက်ပွဲလုပ်ငန်းစဉ်တိုင်းအား ဥပဒေနှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း၊ သို့ဖြစ်၍ ဥပဒေ၊ နည်းဥပဒေများကို မဖြစ်မနေ သိရှိကျွမ်းကျင်ရန် လေ့လာထားရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။

ထို့နောက် သင်တန်းသားတစ်ဦးချင်းစီက မိတ်ဆက်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းနှင့် သင်တန်းကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၀ ရက်မှ ၂၁ ရက်အထိ ၁၀ ရက်တာ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent