ဒေါ်အောင်ဆန်းစုကြည်အပေါ် စီရင်ချက်သည် တရားမျှတမှုကို မထီမဲ့မြင်ပြုခြင်းဖြစ်ကြောင်း အမေရိကန်က ပြောကြားပြီး ပြန်လွှတ်ပေးရန် ထပ်မံတောင်းဆို

ဒေါ်အောင်ဆန်းစုကြည်အပေါ် စီရင်ချက်သည် တရားမျှတမှုကို မထီမဲ့မြင်ပြုခြင်းဖြစ်ကြောင်း အမေရိကန်က ပြောကြားပြီး ပြန်လွှတ်ပေးရန် ထပ်မံတောင်းဆို
ဇန်နဝါရီ ၇ ရက်က ၀ါရှင်တန်မြို့ နိုင်ငံခြားဌာနရုံးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
ဇန်နဝါရီ ၇ ရက်က ၀ါရှင်တန်မြို့ နိုင်ငံခြားဌာနရုံးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
Published 11 January 2022
Ref: AFP

ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်စီရင်ချက်သည် တရားမျှတမှုကို မထီမဲ့မြင်ပြုခြင်းဖြစ်ကြောင်း အမေရိကန်က ဇန်နဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့ပြီး ပြန်လွှတ်ပေးရန် ထပ်မံတောင်းဆိုလိုက်ကြောင်း သိရသည်။

“Burmese Military Regime ရဲ့ မျှတမှုမရှိတဲ့ ဖမ်းဆီးမှု၊ တရားစီရင်မှုနဲ့ စီရင်ချက်ချမှတ်မှုတွေဟာ တရားမျှတမှုနဲ့ တရားဥပဒေစိုးမိုးရေးတို့အပေါ် မထီမဲ့မြင်ပြုမှုတစ်ရပ်ပဲ ဖြစ်ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ်က Myanmar ၏ ယခင်အမည်ဟောင်း Burma ကို အသုံးပြုလျက် သတင်းထောက်များအား ပြောကြားခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရတဲ့ တခြားခေါင်းဆောင်တွေအပါအဝင် တရားမျှတမှုမရှိဘဲ ဖမ်းဆီးထိန်းသိမ်းထားသူတွေအားလုံးကို ချက်ချင်းလွှတ်ပေးဖို့ ကျွနု်ပ်တို့က အစိုးရကို တောင်းဆိုလိုက်ပါတယ်” ဟု ပရိုက်စ်က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ရေးဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေတို့ဖြင့် တရားစွဲထားသည့်အမှုများအတွက် ဇန်နဝါရီ ၁၀ ရက်တွင် ထောင်ဒဏ်လေးနှစ် ချမှတ်ခဲ့သည်။

နေပြည်တော်ကောင်စီဝင်းအတွင်းရှိ သီးသန့်တရားရုံးတွင် ဇန်နဝါရီ ၁၀ ရက်က ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်စစ်ဆေးခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ တို့ဖြင့်  စစ်ဆေးခဲ့ကာ ထောင်ဒဏ်များချမှတ်ခဲ့ခြင်းဖြစ်သည်။

 ဇန်နဝါရီ ၁၀ ရက်ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်ပပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဦးညီညီ(ခ) ဦးထွန်းမြင့်အောင်၏ တိုင်ကြားချက်အရ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲထားသည့် အမှုနှင့်ပတ်သက်၍ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့သည့်အပြင်  ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် ထောင်ဒဏ်နှစ်နှစ်၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ ဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့သော်လည်း ယင်းနှစ်မှုအတွက် ချမှတ်ထားသည့် ပြစ်ဒဏ်များအား တစ်ပေါင်းတည်းကျခံရန် တရားရုံးက အမိန့်ချမှတ်ခဲ့သဖြင့် အမှုသုံးမှုအတွက် စုစုပေါင်း ထောင်ဒဏ်လေးနှစ် ချမှတ်ခံရခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ထပ်မံ ထောင်ဒဏ်ချမှတ်ခဲ့သည့် အမှုအကြောင်းအရာမှာ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၁၉ ရက်က နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်အတွင်း NLD ပါတီ ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေး ဆင်းရာတွင် လူစုလူဝေးဖြစ်ပေါ်ခဲ့သည်ဟုဆိုကာ ပြင်ပပုဂ္ဂိုလ်တစ်ဦးက  တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အလားတူ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ဖြင့် ထောင်ဒဏ်ချမှတ်ခဲ့သည့် အကြောင်းအရာများမှာ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက်၊ မြနန်းဘုံသာလမ်း၊ အမှတ်(ဗ)ရှိ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ အနီးကပ်လုံခြုံရေးအဖွဲ့ထံမှ Icom စကားပြောစက် ခြောက်လုံး၊ ဂိတ်ကင်းမှ Icom စကားပြောစက် သုံးလုံး၊ ကိုယ်ရေးအရာရှိ အဆောင်မှ Icom စကားပြောစက်တစ်လုံးနှင့် Jumber တစ်စုံတို့အား တွေ့ရှိခဲ့ရသဖြင့် ယင်းဆက်သွယ်ရေးပစ္စည်းများအား ခွင့်ပြုချက်မရှိဘဲ တင်သွင်းအသုံးပြုခဲ့သည်ဆိုသည့် စွဲချက်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုအမှုများအတွက် ထောင်ဒဏ်များမတိုင်မီ ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်နှစ်နှစ်နှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၅) ဖြင့် ထောင်ဒဏ်နှစ်နှစ် စုစုပေါင်း ထောင်ဒဏ်လေးနှစ်အား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် ချမှတ်ခံရပြီး အဆိုပါထောင်ဒဏ်လေးနှစ်အနက် ထောင်ဒဏ်နှစ်နှစ်အား ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အမိန့်ထုတ်ပြန်ထားသည်။

သို့ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်သည် ယခုထပ်မံချမှတ်ခံရသည့် ထောင်ဒဏ် လေးနှစ်အပါအဝင် စုစုပေါင်းထောင်ဒဏ် ခြောက်နှစ်ချမှတ်ခံထားရသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခင်ထောင်ဒဏ်ချမှတ်ခံရသည့် အမှုနှစ်မှု အကြောင်းအရာများမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နှင့် ဖေဖော်ဝါရီ ၁၃ ရက်တွင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ခဲ့သည် ကြေညာချက်များနှင့်ပတ်သက်၍ ပုဒ်မ ၅၀၅(ခ) ဖြင့်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၀ ရက်က နေပြည်တော်ကောင်စီနယ်မြေအတွင်း NLD ပါတီခရိုင်ဥက္ကဋ္ဌ ဦးမင်းသူ ဦးဆောင်၍ Car Campaign ပြုလုပ်ခဲ့ရာ စုစုပေါင်း မော်တော်ယာဉ်အစီး ၂၂၀၊ ဆိုင်ကယ် ၃၂ စီး၊ လူဦးရေ ၇၆၀ ခန့်ပါဝင်ပြီး နေပြည်တော်ရှိ မြို့နယ်များသို့ ဖြတ်သန်းလှည့်လည်ရာတွင် ဇမ္ဗူသီရိမြို့နယ်ရှိ အတိုင်ပင်ခံအိမ်ရာအနီးတွင် ဒေါ်အောင်ဆန်းစုကြည်သည် ကြိုဆိုနှုတ်ဆက်မှုများ ပြုလုပ်ခဲ့သောကြောင့် ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုအပေါ် မူတည်၍ ထုတ်ပြန်ထားသော အမိန့်များအား လိုက်နာခြင်းမရှိဟုဆိုကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့်လည်းကောင်း တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။     

Most Read

Most Recent