နောက်တစ်လံ ဆိုဗီယက်၊ ရှေ့တစ်ခေါ် ရုရှား-ယူကရိန်း

နောက်တစ်လံ ဆိုဗီယက်၊ ရှေ့တစ်ခေါ် ရုရှား-ယူကရိန်း
Photo:AP
Photo:AP
Published 27 December 2021
မိုးဧအောင်

လွန်ခဲ့သောနှစ် ၃၀၊ ၁၉၉၁ ခုနှစ်၏ခရစ္စမတ်နေ့၊ ကရင်မလင်နန်းတော်။

သမိုင်းထဲကနောက်ပိုင်းဇာတ်တော်ကြီး

ဆိုဗီယက်ယူနီယံခေါင်းဆောင် ဂေါ်ဘာချက်သည် ကရင်မလင်နန်းတော်အတွင်းပိုင်း အခန်းရှိ စားပွဲတစ်လုံးတွင် ထိုင်ရင်း သမိုင်းတွင်မည့် မိန့်ခွန်းတစ်ခုကို ပြောကြားရန် ပြင်ဆင်နေခဲ့၏။

ခေါင်းဆောင်ကြီးရှိရာ အခန်းတွင်းသို့ အနည်းငယ်မျှသော ဝင်ရောက်ခွင့်ရသူ

သတင်းသမားများကြားတွင် ရှိနေခဲ့သည့် AP သတင်းထောက် အယ်လင်ကူးပါးမင်းက ယခုလို ပြန်ပြောင်းသတိရသည်။

“ကြိုဆိုနေရာချထားတဲ့သူတွေက ကျွန်တော်တို့ကို မြေအောက်မှာရှိတဲ့ ခန်းမကြီးထဲ ခေါ်သွားတာ။ အဲဒီအထဲမှာ ဆိုဗီယက်ခေတ် သုံးသုံးချောင်းထောက်ကြီးတွေ၊ ကင်မရာတွေကလည်း အကြီးကြီးတွေ ဆင်ထားတယ်။ ကျွန်တော်တို့ ခဏထိုင်နေကြရပြီး မကြာခင်မှာပဲ ဂေါ်ဘာချက်ဝင်လာခဲ့တယ်။”

ကူးပါးမင်းနှင့် ဗဏ၏ ဓာတ်ပုံ သတင်းထောက် လျူဟွန်ရှိန်းတို့အပါအဝင် စာနယ်ဇင်းသမားတို့ကို မေးခွန်းမေးမြန်းမှု မပြုရန် နှင့် ဓာတ်ပုံမရိုက်ရန် တင်းကျပ်စွာ တားမြစ်ခဲ့သည်။

“ပြောလိုက်တာက ကမ္ဘာကြီးတစ်ခုလုံး ဗြောင်းဆန်သွားမယ့် စကား။ ဂေါ်ဘာချက်ကို ကြည့်ရတာ အရမ်းပင်ပန်းပြီး နွမ်းနယ်နေပုံပေါက်တယ်။ အနာဂတ်အတွက် သူစိုးရိမ်ပုံပေါ်နေတယ်။ အဲဒီတုန်လှုပ်ပုံကို လည်း သူဖော်ပြခဲ့တယ်။ တစ်ချိန်တည်းမှာ သူအသက်ရှူပေါက်လည်းရသွားပြီလို့ ကျွန်တော် တွေးခဲ့မိတယ်”ဟု ကူးပါးမင်းက ပြောခဲ့သည်။

သူ ရည်ညွှန်းခဲ့သော အဖြစ်အပျက်ကတော့ ၁၉၁၇ ခုနှစ်မှ စတင်ကာ ကမ္ဘာပေါ်တွင် အင်အားအကြီးမားဆုံး နိုင်ငံအပေါင်းအစုကြီးအဖြစ် ၇၄ နှစ်တိုင် တည်တံ့ခဲ့သော ဆိုဗီယက်ယူနီယံသည် ဆက်လက်တည်ရှိ တော့မည်မဟုတ်ဘဲ ကွဲပြားခြားနားသော သီးခြားနိုင်ငံ ၁၅ ခုအဖြစ် ခွဲသွားတော့မည်ဖြစ်ကြောင်း ဂေါ်ဘာချက်က ကြေညာခဲ့သည့် အတိတ်နှစ် ၃၀ က ခရစ္စမတ်နေ့၊ ၁၉၉၁ ခု ဒီဇင်ဘာ၂၅ရက်ဖြစ်ပါ၏။

ဂေါ်ဘာချက်၏ မိန်ခွန်းဖတ်ကြားမှု အပြီးတွင် လက်သွက်လှသော ဓာတ်ပုံသတင်းထောက် လျူက တင်းကျပ်စွာ တားမြစ်ချက်ကို ဥပေက္ခာပြုလျက် ကင်မရာခလုတ်ကို ကလစ်တစ်ချက် နှိပ်ခဲ့လေ၏။ ထိုပုံမှာယခုအခါ စာနယ်ဇင်းလောကတွင် ဆိုဗီယက်ယူနီယံကို ပြည်ဖုံးကားချခြင်း နိမိတ်ပုံအဖြစ် ထင်ရှားလှသော မိန့်ခွန်းစကားပြောကြားပြီးချိန်၌ ဂေါ်ဘာချက် သူ့ဖိုင်ကိုသူပိတ်သိမ်းနေပုံပင်ဖြစ်သည်။

စက္ကန့်ပိုင်းအကြာတွင် ဆိုဗီယက်လုံခြုံရေး အရာရှိတစ်ယောက်က လျူ၏အနီးသို့ ရောက်လာပြီး ဝမ်းဗိုက်တည့်တည့်ကို လက်သီးတစ်ချက် ပစ်သွင်းခဲ့သော်လည်း ဓာတ်ပုံ ဖလင်ပေါ်မှာတော့ အဖြူပေါ်အမည်းထင်ခဲ့ပါပြီ။သတင်းသမားတို့သည် ကြေညာချက်ကို သိရပြီးနောက် အခန်းတွင်းမှထွက်ကာ စင်္ကြံတစ်လျှောက် မြန်မြန်သွက်သွက်ထွက်ခွာရင်း သတင်းထူးကြီးအတွက် ကမ္ဘာသိအောင် လှုပ်ရှားကြတော့သည်။ ဖြတ်သန်းသွားရင်း သူတို့ မြင်နေရသည်မှာ ဆိုဗီယက် အရာရှိများသည် တူတံစဉ်တံဆိပ်ရိုက်နှိပ်ထားသော ဆိုဗီယက်အလံနီကြီးများနှင့်

လမ်းလျှောက်နေပုံပင် ဖြစ်သည်။ကူးပါးမင်းတစ်ယောက် ကရင်မလင်ရင်ပြင်မှ ထွက်ခွာကာ မော်စကိုမြို့ကြီး၏ အကာလ ညကောင်းကင်ကိုကြည့်ရင်း တစိမ့်စိမ့်စဉ်းစားကြည့်ရာမှ အတွေးပေါက်သွားခဲ့ပေပြီ။ “သူတို့တတွေ ကရင်မလင်မှာ ရှိတဲ့ အလံတိုင်တွေကနေဖြုတ်ချခဲ့တဲ့ အလံတော်တွေကို သယ်သွားကြတာကိုး။ နောက်မှ တွေး မိတာက မီးထွန်းထားတော့ အလံတိုင်တွေဟာ ညမှာ တောင်ပြောင်လက်နေတာပဲ”ဟု ကူးပါးမင်းက ပြောခဲ့သည်။ တလက်လက်တိုင်များတွင် အလံတို့ ကင်းမဲ့ခဲ့လေပြီ။ ထိုနည်းတူ ဆိုဗီယက်ယူနီယံသည်လည်း နိဂုံးကမ္ပတ် အဆုံးသတ်ခဲ့ပေပြီ။

 

၁၉၉၁ ခုမှ ယနေ့ထိ ပွတ်တိုက်မှုများ

အကယ်၍ယခုအဖြစ်အပျက်သည် သမိုင်းနောက်ခံ ဝတ္ထုတစ်ပုဒ်သာ ဖြစ်ခဲ့ပါမူ “ယခုသီတင်းပတ်ကုန်ချိန်၌ ဆိုဗီယက်ပြိုကွဲမှု နှစ် ၃၀ ပြည့်ခဲ့လေပြီ” ဟု အဆုံးသတ်ရေးသားကာ ပုဒ်မချ၍ ရနိုင်ကောင်း၏။ သို့သော် ဝတ္ထုမဟုတ်သော လက်တွေ့ဘဝ၌ ဤသမိုင်းဝင်နေ့ကို မျဉ်းဖြောင့်ဆွဲကာ ဖျတ်ခနဲ ကြည့်လိုက်လျှင် ရုရှား-ယူကရိန်းနယ်စပ်တစ်လျှောက် တပ်တော်ဦးများ ထိပ်ချင်းဆိုင်နေသည်ကို မြင်ရပါလိမ့်မည်။ ရုရှားသည် ယူက ရိန်းနယ်စပ်တွင် ခန့်မှန်းခြေ စစ်သည်အင်အား ၁၀၀,၀၀၀ ကျော်ကို အသင့်နေရာယူ ခိုင်းထားပြီး တင့်ကားများနှင့် အမြောက် တပ်ဖွဲ့များလည်း ပါဝင်သည်။

လွန်ခဲ့သော နှစ် ၁,၀၀၀ အထိ သမိုင်း နောက်ပြန်ရစ်ကြည့်ပါက ရုရှားနှင့် ယူကရိန်းတို့သည် မတည့်အတူနေဟု ပေါ်လွင်လာ မည်။ တစ်ခါတစ်ရံ တွဲလိုက်ကြ၊ ထိုကြားထဲမှ ရန်သတ်လိုက်ကြနှင့် ကိုယ့်ယုံကြည်ရာလမ်း အတိုင်း ပူးတုံခွာတုံလျှောက်လှမ်းခဲ့ကြ၏။

“လူတွေက သိပ်မေ့လွယ်တာပဲ”ဟု လန်ဒန် School of Economics မှ သမိုင်းပညာရှင် ဗလာဒီစလက်ဗ်ဇူဘော့က ပြောသည်။ သူ သည် “Collapse: The Fall of the Soviet Union”စာအုပ်ကို ပူပူနွေးနွေး ရေးသားထုတ် ဝေထားသူဖြစ်သည်။

“ယူကရိန်း-ရုရှားလူမျိုးအချင်းချင်း တင်းတင်းမာမာ ဖြစ်ကြတာ သမိုင်းတစ်လျှောက်လုံး ထုံးစံပဲ။ ဆိုဗီယက်ယူနီယံက မမျှော်လင့်ဘဲ ပြိုကျသွားတာ”ဟု ဇူဘော့က ပြောသည်။

ယူနီယံပြိုကွဲမှုက ထူးခြားစေခဲ့သည်မှာ ဆိုဗီယက်၏ ထောင်ချီသော နျူကလီးယား လက်နက်များသည် အသစ်ပေါ်ထွန်းလာ သောနိုင်ငံသစ်လေးနိုင်ငံသို့ ပြန့်ကျဲရောက်ရှိသွားခဲ့ပြီး ထိုအထဲတွင် ရုရှားနှင့် ယူကရိန်း လည်း ပါဝင်သည်။

ရုရှားသည် ထိုနျူကလီယားအင်အားကို ပြန်လည်ထိန်းသိမ်းခဲ့သည်။ ယူကရိန်းနိုင်ငံက သူ၏စစ်ရေးဆိုင်ရာ ဗျူဟာမြောက် လက်နက်များကို ၁၉၉၄ ခု၌ ရုရှားထံအပ်နှံခဲ့၏။ အပြန်အလှန်အားဖြင့် ရုရှားနှင့် အခြား အိမ်နီးချင်းများက ယူကရိန်း၏နယ်စပ်ကို ဘယ်သောအခါမှ ချိုးဖောက်ခြင်းမပြုပါဟူသော ကတိစကား ထားရှိခဲ့ကြသည်။

ထိုသို့ ဆန်ပေး၍ဆေးရခြင်းသည် ခေတ်စကားနှင့်ဆိုရသော် win-win ဟု သုံးသပ်နိုင်သည်။ သို့သော် နောက်ဆက်တွဲဖြစ် ထွန်းလာသော အခြေအနေများက ထင်သလောက် မရိုးရှင်းဘဲ ခဲခက်ခြင်းများနှင့်သာ ပြည့်နှက်လျက်ရှိသည်။

“နိုင်ငံစုံ စုစည်းထားတဲ့ အင်ပါယာကြီးတွေ ရုတ်တရက်ပြိုကွဲတဲ့အခါ ဖရိုဖရဲစည်းမဲ့ကမ်းမဲ့နဲ့ တာစူလို့ကို မရတော့ဘူး။ နိုင်ငံ အချင်းချင်းဆိုတဲ့ မာနခံလေးတွေနဲ့ နားလည်မှု ရှိကြတဲ့တိုင် စက္ကူကို တံတွေးဆွတ်ထားတဲ့ ညီညွတ်ရေးက လေတိုက်ရင် ကွာတော့တာပဲ”ဟု သမိုင်းဆရာဇူဘော့က ပြောပါသည်။

 

ပူတင်နှင့် အိမ်နီးချင်းနိုင်ငံများ

ပဋိပက္ခ ပွတ်တိုက်မှုများရှိခဲ့လေတိုင်း  ရုရှားသမ္မတဗလာဒီမာပူတင်သည် ထပ်ကာ တလဲလဲ ဝင်ရောက်စွက်ဖက်ခဲ့သူဟုဆိုရပါမည်။

သူ့အမြင်အရ ဆိုဗီယက်ယူနီယံပြိုကွဲ ခြင်းသည် “၂၀ ရာစု၏အကြီးကျယ်ဆုံးသော ပထဝီနိုင်ငံရေး ကပ်ဘေးသင့်ခြင်း”ဟု ကင်ပွန်းတပ်ခဲ့၏။ ၂၀၁၄ ခုနှစ်၌ ရုရှားတပ်ဖွဲ့တို့သည် ယူကရိန်းထံမှ ခရိုင်းမီးယားကျွန်းဆွယ်ကို နေ့မကူးဘဲ သိမ်းပိုက်ခဲ့၏။ ပြီးခဲ့သော နွေရာသီ၌ ပူတင်၏ ရေးသားချက်အရ ရုရှား နှင့် ယူကရိန်းတို့သည် ကာလပရိစ္ဆေဒကြာမြင့်စွာကပင် ရာစုနှစ်ပေါင်းများစွာ ဖြတ်သန်းလျက် အကယ်စင်စစ် တစ်နိုင်ငံတည်းသာဖြစ်ကြောင်း ဖော်ပြခဲ့၏။

၂၀၂၁ ခု ဒီဇင်ဘာ၂၃ရက်၊ ကရင်မလင်သတင်းစာရှင်းလင်းပွဲတွင် ပူတင်က သူ့အနေနှင့် ယူကရိန်းကို ကျူးကျော်ဝင်ရောက်ရန် အစီအစဉ်မရှိခဲ့ကြောင်း ပြောဆိုသည်။ ယခင်ကတည်းက သူအကြိမ်ကြိမ်ပြောခဲ့ သလိုခြိမ်းခြောက်မှုအစစ်အမှန်မှာ အရှေ့ဥရောပဒေသသို့ NATO ၏ သြဇာချဲ့ထွင်ခြင်းမှ မြစ်ဖျားခံခဲ့ကြောင်းနှင့် ယူကရိန်းသည် ရက်မကြာသဘက်ခါအတွင်း ထိုမဟာမိတ်အဖွဲ့သို့ ဝင်သွားနိုင်ကြောင်း ထောက်ပြခဲ့သည်။

NATO ၏ ဖြန့်ကြက်မှုကို ရည်ညွှန်းလျက် “ဒါဟာ အမေရိကန်ပြည်ထောင်စုက ကျွန်တော်တို့ အိမ်ထဲ ဒုံးကျည်တွေနဲ့ ဝင်လာတာ။ ကျွန်တော်တို့ အိမ်ဦးကြမ်းပြင် ရောက်နေပြီ”ဟု ပူတင်က ပြောခဲ့သည်။ “ခင်ဗျားတို့ ကျွန်တော့်ဆီက ကတိတွေကို လိုချင်လို့ တောင်းနေတယ်။ ကျွန်တော်တို့ကိုလည်း ကတိ ပြန်ပေးသင့်တာပေါ့။ ဒါ လမ်းမှန်ပဲ၊ အခု လျှောက် အခု ရောက်တယ်။”

ကုန်လွန်ခဲ့သော ဆယ်စုနှစ်ခုအတွင်း ဥရောပတိုက်မှ နိုင်ငံ ၁၄ နိုင်ငံ ထပ်မံဝင်ရောက်ခဲ့၍ ယခုအခါ NATO တွင် အဖွဲ့ဝင် နိုင်ငံစုစုပေါင်း ၃၀ ရှိလာသည်။ ထိုနိုင်ငံများထဲတွင် ယခင်ဆိုဗီယက်မှ ခွဲထွက်လာခဲ့သော ဘောလ်တစ်နိုင်ငံများဖြစ်သည့် အက်စတိုးနီးယား၊ လတ်ဗီးယားနှင့် လစ်သူယေးနီးယားတို့ ပါဝင်သည်။

ဇူဘော့ကတော့ ကာလတိုအတွင်း ဘာဖြစ်လာမည်ကို သူမသိဘဲ သမိုင်းပညာရှင် တစ်ဦးအနေနှင့် ပဋိပက္ခများကို နောက်တစ်လံပြန်ကြည့်ပါသည်။ တွေးတွေးဆဆနှင့် သူအဖြေပေးခဲ့ပုံက “ရုရှားဘက်ကဖြစ်ဖြစ် ဒါမှမဟုတ် ယူကရိန်းဘက်ကဖြစ်ဖြစ် အခြေခံကျတဲ့ မင်းပြောင်းမင်းလွဲဖြစ်ဖို့ လိုတယ်။ အဲလိုမပြောင်းဘဲနဲ့တော့ ကျွန်တော်ဘာမှ ကြိုတင်ဟောကိန်းထုတ်စရာ မမြင်ပါဘူး”ဟု ပြောပါသည်။

 

အခါနှောင်းခဲ့သော အခွင့်အလမ်းများ

အမေရိကန်ပြည်ထောင်စု၏ သံတမန်ဟောင်း ဒေါ်နယ်ဂျန်ဆင်က ရုရှားနှင့်ပတ် သက်၍ ကြိုတင်ဟောကိန်းထုတ်ရန်မှာ အမြဲလိုလို ခက်ခဲသည်ဟု ပြောဆိုသည်။ သူသည် ဆိုဗီယက်ယူနီယံပြိုကွဲချိန်က မော်စကိုသံရုံးတွင် ရှိနေခဲ့ပြီး နောက်ပိုင်းနှစ်များ၌ နောက်ထပ်တစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်၏၊

သူ့အမြင်အရ ငွေကြေးနှင့်အာဏာအတွက် တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်နေသော ရုရှားလူမျိုးများအကြားတွင် အမေရိကန်ပြည်ထောင်စုသည် ရုရှား၌ ဒီမိုကရေစီထူထောင်လိုဇော အားကြီးနေသည်ဟု ယုံကြည်သည်။

“ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ ကနဦး ကြိုတင်ချထားတဲ့ မူဝါဒရေးရာအစဉ်တွေ မိတ်ဆက်လိုက်ပြီဆိုတာနဲ့ ကျွန်တော်တို့တတွေ ဒုက္ခနဲ့လှလှ စ,တွေ့တော့တာပဲ။ ဒီစကားကို ကျွန်တော် အများကြီး လျှော့ပြောထားတာ။ ဘာတွေ ဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့နားလည်မှု လွဲပြီးရင်း လွဲခဲ့ကြတယ်။အကြောင်းကတော့ ဂုဏ်ဆိုတာ ငွေကို ခေါ်ကြောင်း မေ့နေခဲ့တာပဲ။”

ဆိုဗီယက်ထောက်လှမ်းရေးတပ်ဖွဲ့ KGB အကြီးအကဲဟောင်း ဗလာဒီမာ ခရုကော့ဗ်ကို မော်စကိုရှိ အထူးစီစဉ်ထားသော ရထားတွဲပေါ်၌ တွေ့ဆုံခဲ့ပုံကို ဂျန်ဆင်က ၁၉၉၅ ခုနှစ်တွင် ပြန်ပြောင်းပြောပြခဲ့သည်။ ခရုကော့ဗ်မှာ ဆိုဗီယက် မပြိုကွဲမီလေးလ အလို ၁၉၉၁ ခု၊ သြဂုတ်လတွင် ဂေါ်ဘာချက် ကို ဆန့်ကျင်ကာ မအောင်မြင်သော အာဏာသိမ်းပွဲကို ဦးဆောင်ခဲ့သူဖြစ်၏။

ဂျန်ဆင်သည် KGB အကြီးအကဲနှင့် တွေ့ဆုံမှုပြုရာတွင် ဘော့ဒ်ကာတစ်လုံးကျိုးသည့် အချိန်၌ ဆိုဗီယက်ယူနီယံ၏ နောက်ဆုံးနေ့များအကြောင်း ဆွေးနွေးနိုင်ခဲ့သည်။ အံ့သြဖွယ်ရာအချက်မှာ ဆိုဗီယက်ထိပ်ပိုင်း အရာရှိကြီးများသည် ဆိုဗီယက်ပြည်ထောင်စုနှင့် ဆိုရှယ်လစ်လူ့ဘောင်ကြီး ပြိုကွဲမည့် အရေးထက် သူတို့ကို “ရေများများ လျှံနေစေသော” ရာထူး၊ ဌာနန္တရများပျောက်ဆုံးကုန် မည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။

“ကျွန်တော်တို့က သူ့ (ခရုကော့ဗ်) ကို ကွန်မြူနစ်ဝါဒရဲ့ကျောရိုးအမာကြီးလို့ နှစ်ရှည်လများ ထင်ထားခဲ့တာ။ လက်တွေ့လည်း ကျရော KGB က ငွေလုပ်စက်ကြီးလို့ ကျွန်တော် မြင်သွားတယ်။ (ဆိုဗီယက်နောက်ဆုံး နေ့တွေအကြောင်း) ဆွေးနွေးတဲ့အခါ သူက မျက်မှန်ထူထူကြီးပေါ်ကနေ ကျွန်တော့်ကို စိုက်ကြည့်ရင်း “ဘာလို့ မဖြစ်နိုင်ရမှာလဲ၊ ကျုပ်တို့ ချကြတာပေါ့ လို့ပြန်ဖြေခဲ့တယ်။”

ဂျန်ဆင်သည် ရုရှားဗေဒကို ယခုအချိန်အထိ လေ့လာနေဆဲဖြစ်သည်။ သူသည် လက်ရှိ အမေရိကန်ပြည်ထောင်စု Institute of Peace တွင် တာဝန်ထမ်းဆောင်ဆဲဖြစ်ပြီး အမေရိက၏ မူဝါဒများ၊အထူးသဖြင့်လွန်လေ ပြီးသော ဆယ်စုနှစ်သုံးခုအတွင်း ရုရှား၌အခွင့်အလမ်းပေါ်ပါလျက်နှင့် အသုံးမချနိုင်ခဲ့သော ပျက်ကွက်မှုများကို ဝေဖန်သုံးသပ်သူ ဖြစ်ပါသည်။

“ရုရှားဟာ ကမ္ဘာလုံးဆိုင်ရာနဲ့ ဥရောပ လုံခြုံရေး ဗိသုကာအဖြစ်၊ စီးပွားရေးအခြေခံ အဖြစ် စုစည်းခွင့်လမ်းကြောင်းက ဖြူးလို့။ ကျွန်တော်တို့ ရုရှားကို အနောက်တိုင်းပုံစံမျိုး မျှော်လင့်လို့မရဘူး။ ဒါပေမဲ့ ကမ္ဘာကြီးငြိမ်းချမ်းရေးနဲ့လုံခြုံရေးအတွက် ကောင်းခြင်းတွေ သယ်ဆောင်လာနိုင်သူအဖြစ် ခင်ဗျားတို့ မျှော်လင့်လို့ရတယ်။ ကျွန်တော်တော့ အဲဒီလို ဖြစ်လာစရာအကြောင်း ခုထက်ထိ မတွေ့သေးဘူး”ဟု ဒေါ်နယ်ဂျန်ဆင်က ပြောသည်။

သူ့စကား၏ ငြင်းမရသော အထောက်အထားအဖြစ် ပစ္စုပ္ပန်တည့်တည့်တွင် ရုရှား- ယူကရိန်းနယ်စပ်က သက်သေပြလျက်ရှိနေ ပါသည်။