ဖိုးခေါင်တောင်တန်းရဲ့ အနောက်ဘက်ရင်ပြင် စျေးဆိုင်တန်း အရှေ့မှာ တုံ့ခနဲ ကားရပ်လိုက်တော့ ရန်အောင်ဇေယျ ( ခ) သျှစ်သောင်း ပုထိုးတော်ကြီးကို လွမ်းတသသ ငေးမောနေမိတယ်။ ကိုဗစ်မတိုင်ခင်ကရော ရခိုင်ရဲ့ ပြည်တွင်းစစ်တွေ မဖြစ်မီက သျှစ်သောင်းဘုရားပွဲ ဆိုရင် ကြက်ပျံမကျစည်ကားခဲ့တဲ့ ဒီနေရာမှာ ယခုဆိုရင် ခရီးသွား ဘုရားဖူးတွေကလည်း မရှိသလောက်ပါပဲ။
ပုထိုးတော် မုခ်ဦးအောက်ကနေ ရှည်လျားကြီးမားတဲ့ကျောက်ချပ်လှေကားအတိုင်း တက်လာခဲ့ပြီး ဝဲဘက်ရင်ပြင်မှာ အမှတ်တရတွေရော မှတ်တမ်းတွေအတွက်ပါ ဓာတ်ပုံ ရိုက်လိုက်ကြတယ်။ သျှစ်သောင်း ပုထိုးတော်ကြီးဟာ မြောက်ဦးနန်းတော်ရာရဲ့မြောက်ဘက် ဖိုးခေါင် တောင်ကလပ်မှာ တည်ရှိနေတာ ဖြစ်ပါတယ်။ ပုထိုးတော်ကြီးအတွင်း ဗုဒ္ဓရုပ်ပွားတော်များအပါအဝင် ရုပ်တုပေါင်း ရှစ်သောင်းရှိတဲ့အတွက် သျှစ်သောင်းဘုရားဟု ခေါ်ဆိုကြတာ ဖြစ်ပါတယ်။
ကျွန်တော်တို့ကို့ လိုက်ပို့ပေးတဲ့ ဆရာကြီး ဦးတင်ညွန့်မောင်က “ရှစ်သောင်းဘုရားကို မြောက်ဦးမင်းဆက် ၁၂ ဆက်မြောက် ဘုရင်ဖြစ်တဲ့ မင်းဗာကြီးဘုရင်က သက္ကရာဇ် ၈၉၇ ခုနှစ် ကဆုန်လဆန်း ၅ ရက်နေ့မှာ ပန်းရံကျော်တွေကို ဆင့်ခေါ်ပြီး အဲဒီနှစ်တန်ဆောင်မုန်းလပြည့် စနေနေ့မှာ စတင်တည်ခဲ့တယ်”လို့ ရှင်းပြပါတယ်။
မင်းဗာဘုရင်ဟာ မြောက်ဦးထီးနန်းကို ကောဇာသက္ကရာဇ် ၈၉၃ ခုနှစ်မှ ၉၁၅ ခုနှစ်အထိ ထီးနန်းစိုးစံခဲ့တာ ဖြစ်ပါတယ်။
သျှစ်သောင်းပုထိုးတော်ကြီးရဲ့ နောက်ခံသမိုင်းကြောင်းတွေကိုလည်း သိခွင့်ရခဲ့ပါတယ်။ သျှစ်သောင်းပုထိုးတော်ကြီးကိုတည်စဉ်က ဦးစွာပထမ ဖိုးခေါင်တောင်ရဲ့ အလယ်အလတ်မှာ မြေတလင်းညီစွာညှိပြီး ရှစ်သောင်းသော ဓာတ်တော်မွေတော်နှင့်တကွ ဉာဏ်တော် နှစ်တောင်နှင့် တစ်မိုက်စီရှိတဲ့ ရွှေဆင်းတု ၁၀၈ ဆူ၊ ငွေဆင်းတု ၁၀၈ ဆူ၊ ရတနာကိုးပါးဖြင့် သွန်းအပ်သော ဆင်းတုတော် ၁၀၈ ဆူတို့ကို တစ်ခန်းကျစီ ကိန်းဝပ်စေတော်မူပြီးမှ ရှစ်သောင်းလေးထောင်သော ရတနာတို့ဖြင့် သွန်းအပ်သော ရုပ်ပွားငယ်တို့ကိုလည်း ထည့်သွင်းတည်ထားတယ်လို့ ဆိုပါတယ်။
သျှစ်သောင်းပုထိုးတော်ကြီးအတွင်းမှာ နောင်ပွင့်တော်မူမယ့် ဘုရားရှင်တို့ကို ရည်စူးပြီး ကျောက်ညိုနဲ့ ထုဆစ်ထားတဲ့ ဘုရားအဆူရေ နှစ်သောင်း၊ ရတနာခုနစ်ပါးနဲ့ ထုလုပ်ထားတဲ့ ဆင်းတုတော် ခြောက်သောင်း ပေါင်းရှစ်သောင်းသော ရုပ်တုတွေ ကိန်းဝပ်စံပါယ်လျက်ရှိသလို မဏ္ဍိုင်ငါးခုတို့ကို ဗဟိုပြုကာ ရှင်တော်ဘုရား နုစဉ်အခါက ကျင်လည်ခဲ့ရသော ဘဝတို့ကို ရုပ်လုံးထုထားပါတယ်။
ရှစ်သောင်းဘုရားဟာ အနောက်၊ တောင်၊ မြောက်၊သုံးဘက်လုံးမှာ မဟာရံတံတိုင်းများ ပိတ်လျက်ရှိပြီး အရှေ့ဘက်ရှိ တောင်ခြေရင်းမှဘုရားသို့ဝင်ရန် မုခ်ပေါက်ရှိပါတယ်။ ပထမပစ္စယံအရောက်ထိပ်ဝတွင် လက်ဝဲဘက်၌ အလျား နှစ်ပေခွဲ၊ အနံနှစ်ပေခွဲ၊ အမြင့်ခုနစ်ပေကျော်ရှိတဲ့ သမိုင်းဝင်ကျောက်စာတိုင် တစ်တိုင်ရှိပါတယ်။ ပုထိုးတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်ကို ကြည်ညို ဖူးမြော်ကြပြီးတဲ့နောက်မှာ ဝင်ကပါသဖွယ် တည်ထားတဲ့ အတွင်းလိုဏ်ဂူအတွင်းကို ဝင်ရောက်ခဲ့ကြပါတယ်။ ကျောက်ဆင်းတု ရပ်ပွားတော်များစွာကိုလည်း ဖူးမြော်ခွင့်ရခဲ့ပါတယ်။
လိုဏ်ဂူရဲ့ ဒုတိယပတ်လမ်း လိုဏ်ဂူနံရံမှာတော့ ဗုဒ္ဓဘုရားရှင် နုစဉ်ခါက ကျင်လည်ခဲ့ရတဲ့ ဘဝတွေကို ရုပ်လုံးရုပ်ကြွတွေနဲ့ ထုဆစ်ထားတာကိုအံ့သြစွာ တွေ့ရှိရပါတယ်။
ဒီပုထိုးတော်ကြီးဟာ ခုဆိုရင် နှစ်ပေါင်း ၅၀၀ နီးပါးရှိလာပါပြီ။ ကျောက်ဆစ်လက်ရာတွေက ငလျင် ဒဏ်ကို ခံနိုင်အောင်၊ အက်ဂိုးသံတွေ မထွက်အောင်တည်ဆောက်ထားတာကို တွေ့ရပါတယ်လို့ ဆရာကြီးက ဆိုပါတယ်။
ရှေးနှစ်ပေါင်း ၅၀၀ လောက်က ရခိုင်လူမျိုးတွေရဲ့ ဗိသုကာပညာကို အံ့သြဘနန်း ချီးကျူးနေမိပါတယ်။ အပြင်ပတ်လမ်းကထွက်ကာ ထုက္ကန်သိမ် ပုထိုးတော်ကြီးကိုလှမ်း မျှော်ကြည့်ရှုရတဲ့ မြင်ကွင်းကလည်း လက်ရာမြောက် ပန်းချီကားတစ်ချပ် လိုပါပဲ။ သျှစ်သောင်းပုထိုးတော်ကြီးနဲ့ တစ်ဆက်တစ်စပ်တည်းရှိနေတဲ့ အံတော်သိမ် ပုထိုးတော်သို့ သွားရောက်ဖူးမြော်ခဲ့ကြပါတယ်။
အံတော်သိမ်ဘုရားဟာ မူလကုသိုလ်ရှင်ဘုရင် မင်းစောလှက ခရစ်နှစ် ၁၅၂၁ ခုနှစ်မှာတည်ထားခဲ့ပြီး ၁၅၉၆ ခုနှစ်တွင် မင်းရာဇာကြီးက ပြန်လည်ပြုခဲ့တာလို့ဆိုပါတယ်။ ဗုဒ္ဓဘုရားရှင်ရဲ့ အံတော်ဓာတ်ကို ဌာပနာထည့်ကာ တည်ထားတဲ့အတွက် အံတော်သိမ်ပုထိုးလို့လည်း ခေါ်တွင်ကြပါတယ်။ သျှစ်သောင်းပုထိုးတော်ကြီးအနားမှာ တည်ရှိတဲ့ ထုက္ကသိန် ပုထိုးတော်ကြီးဟာ တောင်မြောက်ပေ ၁၁၀၊ အရှေ့အနောက်ပေ ၁၃၇ ပေ ရှည်ပြီး ပေနှစ်ဆယ်ခန့် အမြင့်ရှိတဲ့ တောင်ကုန်းပေါ်မှာ ကျောက်တုံးကြီးတွေနဲ့ တည်ဆောက်ထားတာပါ။
ပုထိုးတော်ကြီးရဲ့တည်နေပုံကလည်း အောက်ခံကျောင်းပေါ်ရှိ အလယ်စေတီကို စေတီလေးဆူ ရံထားပုံဖြစ်ပါတယ်။ စေတီပုံစံမှာ သပိတ်မှောက်အပေါ်၌ ကုဗပုံဓာတု ဂမ္ဘဆင့်ထားဟန်ပါတယ်။ အောက်ခံကျောင်းမှာ ဝင်လမ်းတစ်ခုတည်း ရှိပြီး ခရုပတ်ပုံစံ လိုဏ်နှစ်ခုရှိပါ တယ်။ လိုဏ်လမ်းအဆုံးမှာတော့ ဂန္ဓကုဋီတိုက်ရှိတယ်။ လိုဏ်လမ်းတစ်လျှောက်၌ ဂူကျောင်း ၁၄၆ ကျောင်းရှိပြီး ဆင်းတုတော်များရှိ ဂူကျောင်းအဝတွင် ကျောက်ဆစ် ရုပ်ကြွများရှိပြီး စုစုပေါင်း ၃၃၀ ကျော်တည်ရှိပါတယ်။
ပုထိုးတော်ကြီးအတွင်းမှာ မြောက်ဦးခေတ်လယ်ပိုင်းက ဝတ်စားဆင်ယင်မှုကို တွေ့ရှိနိုင်ပါတယ်။ ရုပ်ကြွများကို ရာထူးအဆင့်အတန်း အလိုက် ဆင်ယင်မှုကွဲပြားအောင် ထုလုပ်ထားတာကိုလည်း တွေ့ရပါတယ်။ ထုက္ကန်သိမ်ပုထိုးတော်ကြီးကို ဘုရင်မင်းဖလောင်းက ခရစ်နှစ် ၁၅၇၁ ခုနှစ်မှာ တည်ထားခဲ့တာဖြစ်တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ ထုထည်ကြီးမား၍ ခရုခွေပုံစံ လိုဏ်ပတ်ကြောင့် ခံတပ်ဟုလည်း ဆိုစမှတ်ရှိပါတယ်။
ထုက္ကန်သိမ်ပုထိုးတော်ကြီး လိုဏ်ပတ်တ်လမ်းအတွင်း အမှောင်လွှမ်းနေပေမဲ့ ဂန္ဓကုဋီတိုက်အတွင်းမှာ စံပယ်တော်မူနေတဲ့ ဗုဒ္ဓဆင်းတုတော်အား ဖူးမြော်ကြည်ညိုပြီးနောက် ရခိုင်ရိုးရာ ကျင်ပွဲကျင်းပ ပြုလုပ်တဲ့ ကွင်းပြင်ကိုဖြတ်ကာ ကား ရှိရာသို့ လာရင်း ပွဲတော်ကာလ သူနိုင်ကိုယ်နိုင် အပြိုင်နွှဲတဲ့ ရိုးရာပြိုင်လောင်းကို လေ့လာကြည့်ရှုပြီးတဲ့ နောက်တော့ ကိုးသောင်းပုထိုးတော်ကြီးသို့ သွားရောက်ခဲ့ကြပါတယ်။
အဖ ရှစ်သောင်း သားကိုးသောင်းလို့ လူသိများခဲ့တဲ့ ကိုးသောင်း ပုထိုးတော်ကြီးဟာ မြောက်ဦးမြို့ရဲ့ အရှေ့ဘက် တစ်မိုင်ခန့် အကွာမှာ တည်ရှိတာဖြစ်ပါတယ်။ ရခိုင်ဘုရင် မင်းတိက္ခာဟာ အေဒီ ၁၅၅၃-၁၅၅၆ ခုနှစ်အတွင်းမှာ တည်ထားခဲ့သော ပုထိုးတော်ကြီး ဖြစ်ပြီး ဘုရားဆင်းထုတော်ကိုးသောင်း ကိန်းဝပ်စံပယ်နေတဲ့အတွက် ကိုးသောင်းဘုရားပုထိုးတော်ကြီးဟု အမည်တွင်ပါတယ်။
ကိုးသောင်းပုထိုးတော်ကြီးကို သျှစ်သောင်းပုထိုးတော်ကြီးတည်ခဲ့တဲ့ ဘုရင်ရဲ့သားတော် ရခိုင်ဘုရင် မင်းတိက္ခာ တည်ထားခြင်းဖြစ်ပါ တယ်။ ဖခင်တည်ထားတဲ့ပုထိုးတော်မှာ ဘုရားဆင်းတုတော်ပေါင်း ရှစ်သောင်းသာရှိပေမဲ့ အဖေထက် ကြောဝါလိုတဲ့အတွက် ဘုရားဆင်း တုတော်ပေါင်း ကိုးသောင်း ထားရှိမည်ဟု ရည်ရွယ်ချက်နဲ့ တည်ခဲ့တာ ဖြစ်တယ်လို့ ဆရာကြီးက ရှင်းပြပါတယ်။ သို့ပေမဲ့ ဘုရားတည်စ အချိန်မှာ တစ်ခါ၊ ထီးတော်တင်တဲ့ အချိန်မှာ တစ်ခါ မိုးကြိုးထိမှန်တဲ့ အတွက်နောက်ဆုံးမှာ မအောင်မြင်ခဲ့ဘူးလို့ မှတ်တမ်းတွေအရ သိရပါတယ်။
မြောက်ဦးရှေးဟောင်း သုတေသနဌာနအနေနဲ့ ၁၉၉၆ ခုနှစ်က ပုထိုးတော်ကြီးကို ပြန်လည်တူးဖော်ခဲ့တာ ၂၅ ရာခိုင်နှုန်းခန့်သာ ပြီးစီးခဲ့တယ်လို့ ဆိုပါတယ်။
ကျွန်တော်တို့ကို့ လိုက်ပို့ပေးတဲ့ ဆရာကြီး ဦးတင်ညွန့်မောင်က “ဒီပုထိုးတော်ကြီးကို မင်းဗာဘုရင်ရဲ့ သားတော် မင်းတိက္ခာက ခြောက်လနဲ့အပြီးတည်ခဲ့တဲ့အတွက် ခိုင်ခ့ံမှု မရှိတဲ့အပြင်မိုးကြိုးခလို့ ပြိုပျက်ခဲ့တာလို့” လို့ ဆိုပါတယ်။
မြောက်ဦးတစ်ခွင် ဘုရားပုထိုးတွေ ဖူးမြော်ကြည်ညို လေ့လာခွင့် ရရှိစေဖို့ စေတနာ မေတ္တာ ကရုဏာ အပြည့်နဲ့ ချစ်တပည့် ကျွန်တော်နဲ့ အတူ မြဝတီခရီးသွားသတင်းအဖွဲ့ကို လိုက်ပို့ပေးတဲ့ ဆရာကြီးအား နေအိမ်အထိ ပြန်လိုက်ပို့ပေးကာ ကျွန်တော်နဲ့ နေနော်က လက်ဆယ် ဖြာထိပ်မှာမိုးပြီး ဦးချကန်တော့ခဲ့ပါတယ်။ ကျွန်တော့်အတွက်ကတော့ နှစ် ၃၀ ကျော်ကြာမှ ဆရာကြီးကို ကန်တော့ခွင့် ကြုံတဲ့အတွက် ဝမ်းသာပီတိဂွမ်းဆီထိလို့ ဆိုရမှာပေါ့။
ဆရာကြီးကို နှုတ်ဆက်မြောက်ဦးက ထွက်လာ၊ ဓညဝတီ မြို့ဟောင်း နယ်မြေက မဟာမြတ်မုနိဘုရားကြီး ဆိုတဲ့ လမ်းနှစ်ဖက်ကိုခွကာ ပြုလုပ်ထားတဲ့ မုခ်ဦးအဝရောက်တော့ ကားရပ်ကာ မှတ်တမ်းတင်ခဲ့ကြရဲ့။
ကောဇာသက္ကရာဇ် ၁၂၃ ခုနှစ် ဓညဝတီပြည့်ရှင် စန္ဒသူရိယမင်းကြီးဟာ အနောက်မစ္ဇျိမ ဒေသမှာ ဗုဒ္ဓဘုရားရှင်ပွင့်တော်မူတဲ့သတင်းကို ကြားသိရတော့ စိတ်မနောနဲ့ပင့်ဖိတ်ကာ တရားတော်နာယူပြီးနောက် ဓညဝတီမှပြန်မကြွခင်မှာ ဗုဒ္ဓကိုယ်စား ကိုးကွယ်ရာအဖြစ် ထားရစ်ပေးခဲ့ပါလို့လျှောက်ထားချက်ကြောင့် ဘုရားရှင်ကိုယ်တိုင်ရင်ငွေ့တော်နဲ့ သွန်းလုပ်ခဲ့တဲ့ “မဟာမြတ်မုနိ ဘုရား” လို့ အဆိုရှိပါတယ်။
ကျွန်တော်တို့ ကြည်ညိုဖူးမြော် ကြသော မဟာမြတ်မုနိရုပ်ပွားတော်ကို ဂေါတမဗုဒ္ဓ သက်တော်ထင်ရှား ရှိစဉ်က ရင်ငွေ့တော်နဲ့ သွန်းလုပ်ခဲ့ တဲ့ စစ်မှန်သော ဗုဒ္ဓရဲ့ကိုယ်ပွား ဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားတွေက ယုံကြည်ကြပါတယ်။
ထို့အတူ တစ်ဖက်မှာလည်း အေဒီ ၁၇၈၄ ခုနှစ် ရခိုင်ပြည်ကို ဘိုးတော်ဘုရား သိမ်းပိုက်ပြီးနောက် မန္တလေး အမရပူရသို့ ယူဆောင်သွားတဲ့ မဟာမုနိဘုရားရဲ့နေရာမှာ ရခိုင်ပြည်သူတွေက အစားထိုး ကိုးကွယ်ထားတဲ့ တန်ခိုးကြီး မဟာမုနိရုပ်ပွားတော် ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။
၁၇၈၄ ခုနှစ်တွင် မြန်မာဘုရင် ဘိုးတော်ဘုရားသည် ရခိုင်ပြည်ကို သိမ်းပိုက်ပါတယ်။ ထို့နောက် မဟာမုနိရုပ်ရှင်တော်မြတ်နဲ့အတူ မဟာကျန်ဘုရားနဲ့ မုနိ ဘုရား၊ကြေးဆင်းတု ဘုရားများစွာကို မြန်မာပြည်သို့ ပင့်ဆောင်သယ်ယူသွားခဲ့ပါတယ်။ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား မန္တလေးမြို့မှာ ယနေ့အထိတိုင် အလေးအမြတ်ဆုံးထား ကိုးကွယ်ကြတဲ့ ရုပ်တုတော်အဖြစ် ဆက်လက်မှတ်ယူထားကြဆဲဖြစ်ပါတယ်။ ဆုံးရှုံးသွားတဲ့ အမွေအနှစ်ကြောင့် ရခိုင်ပြည်သူတွေဟာ နက်နက်နဲနဲ စိတ်ထိခိုက်စေခဲ့တယ်လို့ ဆိုတယ်။
ဆရာကြီး ဦးအောင်သာဦးရေးသားခဲ့တဲ့ ရခိုင်ရာဇဝင်ရဲ့ အဆိုအရ မန္တလေးသို့ ပင့်ဆောင်သွားတဲ့ ဗုဒ္ဓဆင်းတုတော်မှာ မဟာမြတ်မုနိဘုရားသွန်းလောင်းပြီး ကျန်တဲ့ ရတနာကိုးသွယ်နဲ့ သွန်းလောင်းထားတဲ့ မဟာကျန်ဘုရားလို့ မှတ်သားခဲ့ဖူးပါတယ်။ မဟာမြတ်မုနိဘုရားကို သွန်းလုပ်ပြီး ကျန်ရှိနေတဲ့ ရတနာတွေနဲ့ သူရိယစက္ကမင်းက စန္ဒမုနိ၊ သကျမုနိ၊ ရာဇမုနိ၊ စူဠာမုနိ၊ ဒေဝမုနိဆိုပြီး မုနိငါးဆူတို့ကို သွန်း လုပ်ခဲ့တာဖြစ်တယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။
ကျောက်တော်မြို့၊ ဓညဝတီ မြို့ဟောင်းနယ်မြေရှိ မဟာမြန်မုနိဘုရားအား ၁၉၉၄ ခုနှစ်က ဗိုလ်ချုပ်ခင်ညွန့် ကပ်လှူခဲ့တဲ့ စလွယ်တော်၊ နားဋောင်းတော်၊ နားကင်းတော်နှင့် ပခုံးပေါ်တွင် တပ်ဆင်ထားတဲ့ စွန်တော်တို့ကို ယခုအခါ ဖြုတ်ချပြီး မူလအတိုင်းဖူးမြော်ရတာလည်း ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှာ ဒေသခံပြည်သူ တစ်သောင်းခန့်က မဟာမြတ်မုနိရုပ်ပွားတော်ရှိ စလွယ်တော်၊ နားဋောင်းတော်၊ နားကင်းတော်နှင့် ပခုံးပေါ်မှာ တပ်ဆင်ထားတဲ့ စွန်တော်တို့ကို ဖယ်ရှားပေးရန် ဆန္ဒဖော်ထုတ်ခဲ့တဲ့အတွက် ဂေါပကအဖွဲ့က ရုပ်ပွားတော်ရှိ စလွယ်တော်၊ နားကင်းတော်၊ စွန်တော်နှင့် မကိုဋ်တော်များကို ဖယ်ရှားပေးခဲ့ ရတယ်လို့လည်း သိရပါတယ်။ မဟာမြတ်မုနိဘုရားရုပ်ပွားတော်မှာ စလွယ်တော်နှင့် ဆက်စပ်ပစ္စည်းတွေဟာ ယခင်က မရှိခဲ့ပါဘူးလို့ဆိုပါတယ်။
ယခု ဖူးမြော်ကြည်ညိုရတဲ့ မဟာမြတ်မုနိဘုရားက ဘုရားရှင်ရဲ့ ရင်ငွေ့တော်နဲ့သွန်းလုပ်ခဲ့တဲ့ ရုပ်ရှင်တော်အစစ်လား။ ဘိုးတော်ဘုရား ပင့်ဆောင်သွားတဲ့ မန္တလေးမဟာ မြတ်မုနိဘုရားက အစစ်လားဆို တာကိုတော့ မသိရပါဘူး။ ဒီလိုနဲ့ ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေသို့ ခရီးဆက်ခဲ့ကြပါတော့တယ်။
ကားလမ်းတစ်လျှောက်မှာ လမ်းကြေး၊ မြို့ဝင်ကြေးတွေကောက်ခံတာ မတွေ့ရသလို ကျောက်တော် မြို့အဝင် ကစ္စပနဒီတံတားမှာ တံတားကြေး ကောက်ခံတာ မတွေ့ရပါဘူး။ ယခုတော့ စည်ပင်က တံတားကြေး ကောက်ခံတော့မယ်လို့လည်း သိရပါတယ်။
စစ်တွေမြို့တော် ဝေသာလီ ရင်ပြင်အနီးသို့ရောက်ချိန်မှာ Eleven Media Group ရဲ့ စစ်တွေ သတင်းထောက် ကိုဝင်းမောင်က ကြိုဆိုပြီး တည်းခိုဖို့နေရာအတွက် စီစဉ်ပေးပါတယ်။ မင်းဗာကြီးလမ်းပေါ်က တည်းခိုခန်းမှာ နေရာချပြီး စစ်တွေပွိုင့်ကို အပြေးအလွှားသုတ်ခြေတင်ခဲ့ကြပါတယ်။ ကုလားတန်မြစ်နဲ့ ဘင်္ဂလားပင်လယ်အော်တို့ဆုံရာ မြစ်ဆုံမှာတည်ရှိတဲ့ စစ်တွေပွိုင့် အပန်းဖြေစခန်းနေရာမှာ လာရောက်အပန်းဖြေ အနားယူသူတွေနဲ့ စည်ကားလို့နေပါတယ်။
ကမ်းခြေဟာ စစ်တွေမြို့ရဲ့ တောင်ဘက်အစွန်ဆုံး၊ ဘင်္ဂလားပင်လယ်အော်နဲ့ ကုလားတန်မြစ်ကမ်း နဖူးကြားမှာ တည်ရှိပြီး ပွိုင့်ကမ်းခြေလို့လည်းလူသိများတယ်။ မြို့ရဲ့ အစွန်မှာတည်ရှိတဲ့ ပွိုင့်ကမ်းခြေသို့ရောက်သွားချိန်မှာတော့ နေညိုနေပြီ။ တိမ်တောက်တွေကို ငေးမောရင် အပန်းဖြေနေကြတယ်။ ကမ်းခြေမှာ ပင်လယ်ပြင်ရှုခင်းကို ခံစားနိုင်ဖို့ ရင်ပြင်ကျယ်တခုကိုလည်း တည်ဆောက်ထားပါတယ်။
ပင်လယ်ပြင်ရဲ့နှုတ်ခမ်းသားပေါ်မှာ ရှုခင်းကြည့်တာဝါတစ်ခု၊ မီးပြတိုက်တစ်ခု၊ ရခိုင့်ရိုးရာ အထိမ်းအမှတ်သင်္ကေတဖြစ်တဲ့ ရခိုင့် ဒဏ္ဍာရီ ရခိုင်ဗျာလ် (နဝရူပဗျာလ်လို့လည်း ခေါ်ဆိုကြသေးတယ်) ရုပ်တုတစ်ခုနဲ့ ရခိုင့်ရိုးရာ ကျင်ရုပ်တုကိုလည်း တွေ့ရှိနိုင်ပါတယ်။
ရခိုင်ရိုးရာ ကျင်ကိုင်နေတဲ့ ရုပ်တုရဲ့ရှေ့မှာ “ငါရို့ချစ်တေ မြို့စစ်တွေ” စာတမ်းကို နောက်ခံပြုပြီး အမှတ်တရ ဓာတ်ပုံရိုက်နေသူတွေလည်း မနည်းလှပါ။
ဒါ့အပြင် ရင်ပြင်မှာ ပလွေမှုတ် နေဟန် ရုပ်တုကြီးတစ်ခုနဲ့ ငါးပေခန့်ရှည်တဲ့ ရခိုင့်ရှေးဟောင်းအမြောက် တစ်ခုကိုလည်း ထားရှိတာ တွေ့ရပါတယ်။ ပွိုင့်မျှော်စင်က အနောက်တောင်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်တော့ မှုန်ပျပျ ကျွန်းလေးပေါ်က မီးပြတိုက်တစ်ခုကိုတွေ့ရပါတယ်၊၊ လေးညှင်းတောင်မီးပြလို့ခေါ်ပြီး ယခင်က သင်္ဘောတွေ အန္တရာယ်ကင်းကင်းမောင်းနှင်နိုင်ဖို့ လမ်းပြခဲ့တယ်လို့ ဆိုတယ်။
ကမ်းခြေ ကျောက်ဆောင်တွေ ဆီရိုက်ခတ်နေတဲ့ လှိုင်းလုံးတွေကို ကြည့်ရင်း ဘင်္ဂလားပင်လယ်အော်ထဲ နစ်ဝင်သွားတဲ့ နေလုံးကြီးကို ငေးမောနေကြတယ်။ ရိုက်ခတ်နေတဲ့ လှိုင်းလုံးတွေကလှသလို အမှိုက်တွေကလည်း ပြန့်ကြဲလို့နေပါတယ်။ တိမ်ပလီတွေ ယှက်ဖြာနေတဲ့မိုးကောင်းကင်နဲ့ ပင်လယ်ရေတို့ ဂဟေဆက်ချိန်မှာ ဖြာထွက်နေတဲ့ အလင်းဖျော့ဖျော့လေးက ဆွတ်ပျံ့လွမ်းမောဖွယ်ကောင်းလှပါတယ်။
နောက်နေ့ မနက်မှာတော့ အလွမ်းမပြေတဲ့ ပွိုင့်ကမ်းခြေကို ထပ်သွားပြီး အမှတ်တရ ဓာတ်ပုံရိုက် ဖြစ်ကြတယ်။ ပြီးတော့ စစ်တွေစျေး ကြီးမှာ ပင်လယ်ပြင်ရဲ့ ရေသယံဇာတလို့ ဆိုရတဲ့ ငါးခြောက် ၊ ငါးပိ၊ ပုစွန်ခြောက်တွေဝယ်။ လူငယ်စာရေးဆရာ ကိုဝေဟင်အောင်၊ ကိုသန်းလှိုင်တို့နဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းနေတဲ့ အခြေအနေတွေကို လက်ဖက်ရည်ဝိုင်းမှာ စကားတွေပြောဖြစ်ကြတယ်။
ဒီလို အခြေအနေမှာ ရခိုင်ပြည်နယ်ကို လေ့လာရေးလာကြတဲ့ ကျွန်တော်တို့ အဖွဲ့ကို ကျေးဇူးတင်ကြောင်းလည်း ကိုဝေဟင်အောင်က ပြောပါတယ်။ မေခ မလိခ မြစ်ဆုံမှာ မြင်ရတဲ့၊ ခံစားရတဲ့ သဘာဝအလှအပတွေကို ရခိုင်ပြည်နယ်မှာ ခံစားရတဲ့ နေရာတစ်ခုရှိတယ်လို့ သူကပြောပေမဲ့ ကျွန်တော်တို့ မရောက်ဖြစ်ခဲ့ဘူး။ စစ်တွေကနေနှုတ်ဆက် ထွက်ခွာလာခဲ့ကြတယ်။ မြောက်ဦး နန်းတော်ကုန်းရဲ့ အရှေ့ဘက် ညောင်ပင်အောက်မှာ ကားကိုရပ်ပြီး နန်းတော်ကုန်းပေါ်သို့ တက်ခဲ့ကြပါတယ်။
သက္ကရာဇ် ၇၉၂ ခုနှစ်မှာ ဘုရင် မင်းစောမွန်က မြောက်ဦးထီးနန်းကို စတင်တည်ဆောက်ခဲ့ကာ ထိုမင်းမှစ၍ မင်းပေါင်း ၁၂ ပါး ဆက်လက်စိုးစံခဲ့တယ်။ မင်းခေါင်ရာဇာ လက်ထက်အထိ စည်ကားခဲ့တယ်လို့ ဆိုပါတယ်။ ဘုရင်မင်းစောမွန်က နန်းတော်တည်ဆောက်ဖို့မြေနေရာ အရှာထွက်ချိန်မှာ ကျာတစ်ကောင်ဟာ သားသမင်ကို ဖမ်းစားဖို့ လိုက်လာခဲ့ပေမဲ့ ဒီနန်းတော်ရာ နေရာအရောက်မှာ သမင်က ကျားကို ပြန်လိုက်ခဲ့တဲ့ အတိတ်နမိတ်တွေကောင်းတဲ့ အောင်မြေလို့လည်း ဆိုပါတယ်။
မင်းခေါင်ရာဇာရဲ့ သားတော်မင်းဗာကြီးဟာ သက္ကရာဇ် ၈၉၃ ခု နှစ်တွင် နန်းတက်လေရာ မြောက်ဦး မြို့တော်ကို ထပ်မံ အကြီးအကျယ် ခမ်းနားထည်ဝါခဲ့တယ်လို့ ဆိုတယ်။
မင်းဗာကြီးမှစလို့ မင်းစနေလက်ထက်တိုင်မင်းဆက် ကိုးဆက်အုပ်စိုးခဲ့တာပါ။ မင်းစနေလွန်သော် မင်းဗာကြီးဘုရင်ရဲ့ မြစ်ဖြစ်တဲ့ နရပတိမင်းမှစ၍ မင်းပေါင်း ၂၈ ဆက် အုပ်စိုးနေချိန် ၁၁၄၆ ခုနှစ် ပြာသိုလဆုတ် ၇ ရက် စနေနေ့တွင် မြန်မာဘုရင် ဘိုးတော်ဘုရားက ရခိုင်ပြည်ကို သိမ်းယူပြီးနောက် မြောက်ဦးထီး နန်းပျက်သုဉ်းခဲ့ရတဲ့နေရာလည်း ဖြစ်ပါတယ်။ ဥသြရေသောက် ထီးနန်းပျောက်ခဲ့ပေါ့။ မြောက်ဦးခေတ် ထီးနန်းတွေရဲ့ ကြီးကျယ်ခန့်ညားပုံကို မှန်းဆရင်းပေါ့။
ကျွန်တော်ငယ်ငယ်က (ရှစ်တန်းတုန်းက) ဒီနန်းတော်ကုန်းကို ဖြတ်ပြီး နေ့စဉ်နေ့တိုင်းသူငယ်ချင်း သုံးယောက်နဲ့အတူ ကျောင်းတက်ခဲ့ရတာကို အမှတ်ရနေမိတယ်။ ခုတော့ ကျွန်တော်နေခဲ့တဲ့ အိမ်တွေလည်း နန်းတော်ရာ တတိယအထပ်မှာပါဝင်တဲ့အတွက် ဖျက်လိုက်ရပါပြီ။ သူငယ်ချင်းတွေလည်း ဘယ်ဆီနေမှန်း မသိတော့ပေ။ နန်းတော်ရာကိုရောက်တော့ ကျောင်းအတူတက်ခဲ့တဲ့ သူငယ်ချင်းသုံးယောက်ကိုလည်း သတိရ လွမ်းတနေမိတယ်။ နန်းတော်ကုန်းက မခွာချင်သေးပေမဲ့ ကားစတွက်တော့မယ်ဆိုတော့ လေးဖင့်တဲ့ခြေလှမ်းတွေနဲ့ နန်းတော်ရာကို ကျောခိုင်းခဲ့ရတာပေါ့။ ကားမှန်ပြတင်းက သမင်လည်ပြန် လှည့်ကြည့်လိုက်ချိန်မှာ မြောက်ဦးနန်းတော်ကုန်းက ဝေ၍ ဝေး၍ ကျန်ရစ်ခဲ့ပါတော့တယ်။