မြန်မာ့ဒီမိုကရေစီအရေးကို အထောက်အကူပေးရန်အတွက် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်ဥပဒေ (NDAA) ပြင်ဆင်ချက်မူကြမ်းကို အမေရိကန်အထက်လွှတ်တော် အတည်ပြု

မြန်မာ့ဒီမိုကရေစီအရေးကို အထောက်အကူပေးရန်အတွက် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်ဥပဒေ (NDAA) ပြင်ဆင်ချက်မူကြမ်းကို အမေရိကန်အထက်လွှတ်တော် အတည်ပြု
မီဒီယာများကို ရှင်းလင်းပြောကြားနေသည့် NDAA ဥပဒေပြင်ဆင်ချက် မူကြမ်းအား ဦးဆောင်တင်သွင်းခဲ့သော မစ်ချ်မက်ကော်နယ် (ဝဲဒုတိယ) အား တွေ့ရစဉ်
မီဒီယာများကို ရှင်းလင်းပြောကြားနေသည့် NDAA ဥပဒေပြင်ဆင်ချက် မူကြမ်းအား ဦးဆောင်တင်သွင်းခဲ့သော မစ်ချ်မက်ကော်နယ် (ဝဲဒုတိယ) အား တွေ့ရစဉ်
Published 18 December 2021
Ref: Mitch McConnell Office

မြန်မာ့ဒီမိုကရေစီအရေးကို အထောက်အကူပေးရန်အတွက် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်ဥပဒေ (NDAA) ပြင်ဆင်ချက်မူကြမ်းကို အမေရိကန် အထက်လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်ပြီး သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးနိုင်ရန် ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၂ ဘဏ္ဍာနှစ်အတွက် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် ဥပဒေတွင် နိုင်ငံရေးပါတီ နှစ်ရပ်လုံးပါဝင်သော မြန်မာ့အရေးနှင့် ပတ်သက်သည့် ဥပဒေပြင်ဆင်ချက်ကို ထည့်သွင်းရေးအတွက် အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလစ်ကန်ခေါင်းဆောင် မစ်ချ်မက်ကော်နယ်က ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

အထက်လွှတ်တော်အမတ် တစ်ဦးဖြစ်သည့် မက်ကော်နယ်သည် ပါတီနှစ်ရပ်လုံး ပါဝင်သည့် အဆိုပါ ဥပဒေပြင်ဆင်ချက်တွင် အရေးပါသည့် ပြဋ္ဌာန်းချက်များ ပါဝင်လာစေရန် လုပ်ဆောင်နိုင်ခဲ့သည်။ ၎င်းဥပဒေ ပြင်ဆင်ချက်အရ အမေရိကန်အစိုးရ၏ အဆင့်မြင့် တာဝန်ရှိသူများအနေဖြင့် မြန်မာ့တပ်မတော်အပေါ် ဒဏ်ခတ်မှုများ ချမှတ်ရေး၊ အမျိုးသားညီညွတ်ရေးအစိုးရကဲ့သို့ ကိုယ်စားပြုအဖွဲ့အစည်းများကို တရားဝင်ဖြစ်စေရေး၊ ဒီမိုကရေစီအုပ်ချုပ်မှုစနစ်ကို ပြန်လည်ဖော်ဆောင်ရေးနှင့် အမျိုးသားညီညွတ်ရေးကို အားပေးမြှင့်တင်သွားမည့် မဟာဗျူဟာတစ်ရပ်ကို ရက်ပေါင်း ၆၀ အတွင်း ကွန်ဂရက်လွှတ်တော်ထံ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

ယင်းဥပဒေ ပြင်ဆင်ချက်အတွက် အထက်လွှတ်တော် ဒီမိုကရက်တစ်ပါတီ၏ ဆော်သြသူ ဒစ်ခ်ဒါဘင်၊ အထက်လွှတ်တော်အမတ်များဖြစ်သည့် ဘန်ကာဒင်၊ တော့ဒ်ယန်း၊ လင်ဆေး ဂရေဟမ်၊ ချက်ခ် ဂရက်စ်လေ၊ ဘေလ် ဟက်ဂါတီနှင့် မာကို ရူဘီယိုတို့လည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဖြစ်ပေါ်လာသည့် အကျပ်အတည်းကို ဖြေရှင်းရန်အတွက် NDAA လုပ်ငန်းစဉ်မှတစ်ဆင့် မြန်မာ့ဒီမိုကရေစီအရေးအတွက် အမေရိကန်၏ ထောက်ခံအားပေးမှုကို ထပ်လောင်းအတည်ပြုရန် ပါတီနှစ်ရပ်လုံး ပါဝင်သော ကြိုးပမ်းမှုကို မိမိအနေဖြင့် ဦးဆောင်ခဲ့ခြင်း ဖြစ်သည်ဟု မက်ကော်နယ်က ပြောကြားခဲ့သည်။

ထို့အပြင် NDAA အပြီးသတ် ဥပဒေမူကြမ်းတွင် မိမိ၏ ပြင်ဆင်ချက်ကို ထည့်သွင်းနိုင်ခဲ့သည့်အတွက်လည်း ဂုဏ်ယူမိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်းမှုများကို ပြန်လည်ဖော်ဆောင်ရန် အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာ့တပ်မတော်အပေါ် ထိရောက်သည့် ဖိအားပေးမှုများ ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် ညှိနှိုင်းဆောင်ရွက်ထားသည့် ကျယ်ပြန့်သော မဟာဗျူဟာတစ်ရပ်ကို ဖော်ဆောင်ရန်နှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်ခံရသော စစ်မှန်သည့် အစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုရေးအတွက် လုပ်ဆောင်သွားရန် လိုအပ်မည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ယင်းဥပဒေ ပြင်ဆင်ချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတကာဖွံ့ဖြိုးမှု အကူအညီပေးရေး အေဂျင်စီ (USAID)၊ ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့် တာဝန်ရှိသူများအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရ၏ မူဝါဒများနှင့် လုံခြုံရေးဆိုင်ရာ ရည်မှန်းချက်များကို ကွန်ဂရက်ထံ လူကိုယ်တိုင် ရှင်းလင်းတင်ပြရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံအပေါ် အမေရိကန်နှင့် နိုင်ငံတကာက လက်ရှိချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ထပ်တိုးချမှတ်ဖွယ်ရှိသော ဒဏ်ခတ်မှုများ၏ အကျိုးဆက်ကို အကဲဖြတ်ရန်၊ ဒီမိုကရေစီ အင်အားစုများကို ထောက်ခံအားပေးရေး ကြိုးပမ်းသွားရန်၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးနှင့် အရပ်သားအစိုးရ ဖွဲ့စည်းရေးကဲ့သို့ အဓိက ရည်မှန်းချက်များ၊ မြန်မာနိုင်ငံတွင် တရုတ်နှင့် ရုရှားတို့၏ မဟာဗျူဟာ အကျိုးစီးပွားများကို ပြန်လည်သုံးသပ်ရေး အစရှိသည့် အချက်များကို ထည့်သွင်းထားသည်။ မက်ကော်နယ်သည် မြန်မာ့ဒီမိုကရေစီအရေးအတွက် ကာလကြာမြင့်စွာ ထောက်ခံ အားပေး လုပ်ဆောင်ခဲ့ကာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ့ဒီမိုကရေစီအရေး ဦးဆောင်လှုပ်ရှားသူများနှင့် အနီးကပ် လက်တွဲအလုပ်လုပ်ခဲ့သူဖြစ်သည်။

Most Read

Most Recent