“ကျွန်တော်တို့ဘက်မှာတော့ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း အဖွဲ့နှစ်ဖွဲ့ ကွဲသွားတယ်။ တစ်ဖွဲ့က ချိန်းဆော (သစ်ဖြတ်စက်) ပြင်ပြီး တောထဲဝင်တယ်။ တစ်ဖွဲ့က မုန်စုပ်စက်နဲ့ မြစ်ထဲဆင်းတယ်။ ဖမ်းမယ့်သူ တားမယ့်သူမရှိတော့ သူအဖွဲ့နဲ့သူ စည်စည်ကားကားပဲ” ဟု ပြောလာသူက ဧရာဝတီမြစ်ရိုးမှ မိတ်ဆွေဟောင်း ဖြစ်သည်။
လက်ဖက်ရည်ဆိုင်တွင် ခဏတွေ့ခြင်း ဖြစ်ရာ စကားအများကြီး မပြောဖြစ်။ မြစ်ကြောင်းပြောင်းနိုင်တာနှင့် ဒီတစ်ကြိမ်တော့ သစ်တောရုံးဝင်းထဲက သစ်ပင်ကြီးတွေကုန်မည့်အပတ်ဟု ပြောသွားတာလောက်ပဲ မှတ်မိ သည်။ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က ပေါ်ခဲ့သည့် မြစ်ရိုးစကားပုံ ‘မယားရွှေဆွဲ ကျွဲငိုပွဲ’ကို စကားပုံအသစ်နှင့် အစားထိုးမည်ဟုလည်း ပြောခဲ့သေးသည်။ ထိုစဉ်က ကျွန်းသစ်များ နေ့ညမနား ကျွဲဖြင့် ဆွဲချသယ်ယူပို့ဆောင်ရသဖြင့် ထိုစကားကျန်ကာ ကျွဲနွားကို အဆမတန်ခိုင်း ပြီး လုပ်စားသူများကို ယနေ့အချိန်အထိ ရည်ညွှန်းပြောဆိုနေကြခြင်း ဖြစ်သည်။
သို့ရာတွင် သစ်မှောင်ခိုလုပ်ငန်းလုပ်သူ များမှာ သုံးလဝန်းကျင်ခန့်သာ လုပ်ငန်းဖြစ်လိုက်သည်။ ကိုဗစ်ကြောင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ကြောက်လန့်ကာ နယ်စပ်ဂိတ် အားလုံးအပြင် ကချင်ပြည်နယ်မြောက်ပိုင်း၊ ချီဖွေမြို့နယ် ပန်ဝါမှ ရှမ်းပြည်နယ်အထိ နယ်စပ်တစ်ကြောလုံးကို ခွေးဝင်ပေါက်မကျန် ကျုံးတူး၊ ဘလိတ်ဓားတပ် ဆူးလိမ်များဖြင့် ပိတ်လိုက်သဖြင့် သစ်မှောင်ခိုအရောင်းအ ဝယ်မဖြစ်လိုက်ကြ။ ခုတ်ပြီးသစ်များကို ဒေသတွင်းသုံးအဖြစ် အရောင်းအဝယ် လုပ်နေကြရ တော့သည်။
ရွှေကျင်သည့် လုပ်ငန်းမှာ ဧရာဝတီနှင့် မေခ၊ မလိခမြစ်နှင့် ၎င်းမြစ်လက်တက်၊ ချောင်းလက်တက်များတွင် တစ်နေ့တခြား တိုးပွားလာရာ နိုင်ငံရေးအပြောင်းအလဲဖြစ် ပြီးနောက်ပိုင်း သုံးလကျော်အတွင်း ဧရာဝတီ မြစ်အတွင်း ရွှေထွက်သည့် သောင်စွယ်၊ ကျွန်းစွယ်၊ ကျောက်တန်းရိုးတို့တွင် ရွှေဖောင်များ ဖြင့် ပြည့်နှက်သွားခဲ့သည်။ ယခင်က ငွေအရင်း အနှီးရှိသူများ၊ သစ်မှောင်ခို အလုပ်မဖြစ်သူ များမှာလည်း လုပ်ငန်းပြောင်းကာ ရွှေတူးသည့် လုပ်ငန်းဘက်သို့ ပြောင်းလာသူများလည်း ရှိသည်။ လက်ရှိတွင် မြစ်ဆုံအထက်ပိုုင်း၊ မြစ်ဆုံ၊ မြစ်ကြီးနားအောက်ဘက်ပိုင်းနှင့် ဗန်းမော် ဝန်းကျင်၊ ရွှေကူမြို့ ကျွန်းတော်ဘုရားကျွန်း တို့တွင် ရွှေတူးနေကြသည်။ ကန့်ကွက်သည့် အဖွဲ့က ကန့်ကွက်နေကြသော်လည်း လုပ် နေကြဆဲဖြစ်သည်။
ရွှေတူးမှုကို ပထမဆုံးကန့်ကွက်သည့်အဖွဲ့
အစောဆုံးကန့်ကွက်မှုမှာ ဂွမ်ရောင်ဂွမ် စာဌာနေအမွေအနှစ် ထိမ်းသိမ်းစောင့်ရှောက် ရေးကော်မတီဖြစ်သည်။ ပူတာအိုခရိုင်မှာ ရွှေ နှင့် သယံဇာတများ စက်ယန္တရားကြီးများဖြင့် တူးဖော်နေမှုကိုယင်းကော်မတီက ကန့်ကွက် ကြောင်း ထုတ်ပြန်ချက်ကို မေ ၁ ရက်က ထုတ် ပြန်ခဲ့သည်။
မေခ၊ မေလိခ မြစ်နှင့် ၎င်းင်းတို့၏ မြစ် လက်တက်များဖြစ်သည့် ရှန်ခ၊ ထီခ၊ ဒါခ၊ တန် ခ၊ ကျိုင်ခ၊ ဖုန်အင်ခ၊ ဖုန်ကျန်ခ၊ အင်စီခ၊ မုန် ရန်ခ၊ အင်ဂျာခ၊ လုံဂါဘော် ဒေသများတွင် ရွှေနှင့် အခြားသယံဇာတများကို စက်ယန္တရား များဖြင့် တူးဖော်နေသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် မည်သူမဆို စက်ယန္တရားများဖြင့်
ရွှေနှင့် အခြားသယံဇာတများ တူးဖော်ခြင်းကို လုံးဝမပြုလုပ်ရန်၊ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးလုပ်ငန်းမှအပ အခြားနည်းဖြင့် မြေနေရာ အမြောက်အမြားမယူရန်၊ စက်ယန္တရား ဖြင့် သယံဇာတ တူးဖော်မည့်သူအား နေရာပြ ခြင်း၊ မြေနေရာရောင်းခြင်း၊ မြေနေရာ ငှားရမ်း ခြင်း၊ ထောက်ခံအားပေးခြင်း မပြုကြရန်၊ အထက်ပါအချက်များ ဆောင်ရွက်သူများကို အမည်ပျက်စာရင်းတင်သွင်းပြီး မှတ်တမ်းထား ကာ ကချင်လူမျိုးများအပါအဝင် နိုင်ငံတကာမှ သိရှိအောင် ထုတ်ပြန်ကြေညာမည့်အပြင် လူ မှုရေး ပြစ်ဒဏ်ပြုလုပ်သွားမည်ဖြစ်ကြောင်းဂွမ်ရောင်ဂွမ်စာ ဌာနေအမွေအနှစ် ထိန်းသိမ်း စောက်ရှောက်ရေးကော်မတီက ကြေညာခဲ့ သည်။
ဂွမ်ရောင်ဂွမ်စာ ဌာနေအမွေအနှစ်ထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင် ဦးဇော်မိုင်က “ကျွန်တော်တို့ဒေသမှာ တရားမဝင် ရွှေတွေ တူးတာ၊ မြေတွေယူကြတာက ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းဆိုရင် အတော်ကို ဆိုးဆိုး ရွားရွားဖြစ်တယ်။ မြေယာတွေ တိုးချဲ့ယူလာ ကြတယ်။ ရွှေတွေ တူးကြတယ်။ အရင်က ဒေ သခံတွေ၊ ရပ်ရွာလူကြီးတွေရဲ့စကားကို နား ထောင်ကြသေးတယ်။ အခုက ဘယ်သူစကား မှ နားမထောင်ကြဘူး။ ထွက်တဲ့နေရာ တူးတာ ပဲ။ မေလိခမြစ်နဲ့ မြစ်လက်တွေမှာ ရွှေတွေ အကြီးအကျယ် တူးလိုက်ကြရင် သဘာဝပတ် ဝန်းကျင်တွေပျက်မယ်။ ဂေဟစနစ်ပျက်မယ်။ ကျွန်တော်တို့ ဘိုးဘွားတွေချန်ထားခဲ့တဲ့အလှ တရားတွေပျက်မယ်။ အခုဒေသခံတွေဆိုရင် အိမ်ခြေ ၄၀ ရှိတဲ့ရွာမှာ ၁၀ အိမ်လောက်ကို ငွေတွေနဲ့ စည်းရုံးပြီး လုပ်ကြတော့ ရပ်ရွာလူမှု ဆက်ဆံရေးလုပ်ငန်းတွေမှာ သူမပါချင်၊ ကိုယ် မလုပ်ချင်တွေ ဖြစ်လာတယ်။ စိတ်ဝမ်းတွေ ကွဲလာကြတယ်။ ဘုရားကျောင်းတွေတောင် အတူမတက်ချင်တဲ့အခြေအနေတွေ ဖြစ်နေ တယ်’’ဟု ရှင်းပြသည်။
လက်ရှိနာမည်ကြီးနေသည့် မြစ်ဆုံရွှေတူးမှု
လက်ရှိတွင် မြစ်ဆုံစျေးတန်းအထက်နှင့် အနောက်မြောက်ဘက်ခြမ်းတွင် ရွှေတူးနေသည့်နေရာမှာ မလိခ မြစ်ကမ်းနံဘေး၊ မြစ်ကြောင်းဟောင်းတွင် ဖြစ်သည်။ ယခင်ကာလများကလည်း တူးဖော်မှုများပြုလုပ်ခဲ့သည့် နေရာဖြစ်သည်။ ယခု ရွှေတူးဖော်နေသည့် နေရာတွင် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် သြဂုတ် ၄ ရက်ကလည်း ရွှေကျင်း ၁၂ ခုမှ လူပေါင်း ၆၁ ဦးကို ရွှေတူးဖော်သည့် ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးခဲ့သည်။
အစိုးရဌာနက ကုမ္ပဏီသုံးခုကို လေးဧက အသေးစားလုပ်ကွက်ခုနစ်ကွက် ချပေးထားခဲ့ကြောင်း သိရသည်။Jade Land ကုမ္ပဏီ၊ Gade Jewelryကုမ္ပဏီနှင့် တော်ဝင်ဖက် ဖူးစိမ်းကုမ္ပဏီတို့ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစောယုက “ကုမ္ပဏီကတော့ သုံးခုပေါ့။ လုပ်ငန်းရှင်ကတော့ ဦးယွပ်ဇော်ခေါင်နှင့် သူနဲ့ပတ်သက်သူတွေပါ။ အရင်ကလည်း ဧက ၂၀ လုပ်ကွက် ချထားပေးတဲ့ နေရာပါ။ နေရာချထားတာက အရင်အစိုးရ လက်ထက်ကကတည်းက လျာထားချက်ပါ။ ချပေးတဲ့ဘုတ်အဖွဲ့က အခုလက်ရှိ သယံဇာတဝန်ကြီးက ဥက္ကဋ္ဌပေါ့။ အခြားဌာနတွေနဲ့ ပူးပေါင်း စစ်ဆေးပြီး သူပိုင်တဲ့ မြေကွက်ပေါ်မှာ လေးဧက အသေးစားလုပ်ကွက် ခုနစ်ကွက်ချ ထားပေးတာပါ။ ကျွန်တော်တို့ကို တိုင်ကြားလို့ အောက်တိုဘာလက ကွင်းဆင်းစစ်ဆေးပြီး ပါပြီ ။လုပ်တဲ့နေရာကမြစ်နဲ့လည်း ပေ ၁၀၀၀ ကျော်ဝေးပါတယ်။ လုပ်နေတာက တင်ပြထားတဲ့လုပ်ကွက်ပါပဲ။ မြစ်ရေ အရမ်းနောက်နေတဲ့ အခြေအနေက အထက်မှာလည်း တရားမဝင် တူးဖော်မှုတွေ အများကြီး လုပ်နေကြလို့ဖြစ်ပါ တယ်။ မြစ်ထဲမှာတော့ ဘယ်သူကိုမှ တူးခွင့်ချ ထားလို့မရပါဘူး။ မြစ်နဲ့မီတာ ၂၀၀၊ ပေ ၆၀၀ အနည်းဆုံး ဝေးရမှာဖြစ်ပါတယ်’’ဟု ဆိုသည်။
မြစ်ဆုံဒေသခံများက ယခုတူးနေသည့် နေရာမှာ မလိခမြစ်ကြောင်းဟောင်းဖြစ်ပြီး မြစ်ကမ်းမှတစ်ဆက်တည်း တူးဖော်နေ ကြောင်း၊ အဓိက စိုးရိမ်သည်မှာ မြစ်ကြောင်း ပြောင်းလဲခြင်းနှင့် မြစ်ဆုံဝန်းကျင်သဘာဝပတ်ဝန်းကျင်များ ပျက်စီးမည်ကို စိုးရိမ်နေ ကြခြင်းဖြစ်ကြောင်း ထောက်ပြကြသည်။
မြစ်ဆုံဒေသံတစ်ဦးက “စိုးရိမ်တာက မြစ်ကြောင်းဟောင်းကို အခုမြစ်ကြမ်းပြင်ထက် နိမ့်အောင်တူးလိုက်တယ်။ ရွှေကလည်း အောက်ဆုံးမြစ်ကြမ်းပြင် ကျောက်ဖာမှာ သွားကပ်တာလေ။ အဲဒီလိုဆိုရင် မေလိခက ရေစီး လည်းကြမ်းတော့ မြစ်ကြောင်းက ပြောင်းနိုင်တယ်။ အပန်းဖြေစခန်း စျေးဆိုင်ဘက်ကို လည်းစားနိုင်တယ်။ စျေးဆိုင် နောက်ကျောတန်းကိုလည်း မြစ်လမ်းကြောင်း ဖောက်နိုင် တယ်။ အဲဒီလိုဆိုရင် မြစ်ဆုံက အခုနေရာ မဟုတ်တော့ဘူး။ နောက်တစ်ခုက မြစ်ဆုံက အထင်ကရ နေရာတစ်ခု။ အခုလို ပတ်ဝန်း ကျင်မှာ မြေကြီးတွေ ထက်အောက်လှန်လိုက် တာလည်း မြင်လို့မကောင်းဘူး’’ဟု ဆိုသည်။
အချင်းပွားနေသည့်နေရာမှာ မြစ်ဆုံဆည်စီမံကိန်း သဘောတူပြီးနောက် ယင်းနေ ရာရှိရွှေများကို ရေအောက်မြုပ်ပြီး ဆုံးရှုံးမည့် အတူတူထုတ်ယူရန် တူးဖော်ခဲ့သည့်နေရာတစ်ခုဖြစ်ခဲ့သည်။ သို့ရာတွင် မြစ်ဆုံဒေသမှာ ကချင်တိုင်းရင်းသားတို့ စုစည်းပြန့်ပွားရာ မဂျွယ်ရှိန်ရာ (ဘူမိနက်သန်အောင်မြေ)တစ် ခုဖြစ်ခြင်း၊ နိုင်ငံသားများနှင့် ကမ္ဘာကပါ စောင့်ကြည့်နေသည့် နေရာတစ်ခုဖြစ်ရာ မြစ်ဆုံ ပတ်ဝန်းကျင်တွင် အကျည်းတန် အရုပ်ဆိုး သည့် ရှုမြင်ကွင်းများ တွေ့မြင်ရသည့်မှာ မြစ် ဆုံကို ထိန်းသိမ်းစောင့်ရှောက်သူများ၊ ချစ်မြတ် နိုးတန်ဖိုးထားသူများအတွက် အတွက် စိတ် နှလုံးမချမ်းမြေ့ဖွယ် ဖြစ်ပါသည်။
■ ရွှေတူးခဲ့သည့် သမိုင်းကြောင်း
ကချင်ပြည်နယ်တွင် ရွှေကို ရှေးယခင်ကတည်းက တူးဖော်သုံးစွဲခဲ့သည် အခြေအနေဖြစ် ကြောင်း၊ ရွှေထွက်သည့် လွင်ပြင်ဒေသသို့ ရောက်ရှိသွားသည့် ရှမ်းကို တိုင်းခမ်းတီ (တိုင်း = ရှမ်း၊ ခမ်းတီ = ရွှေမြေ) ခေါ်ဆိုကြောင်း၊ ရတနာထွက်သည့်နေရာတွင်နေသည့် ရှမ်းကို တိုင်းမောဝ် (တိုင်း=ရှမ်း၊ မောဝ်=ရတနာအိုး၊ ရတနာမြေ) ကိုဆိုလိုကြောင်း ကချင်ပြည်နယ် ရှမ်းတိုင်းရင်းရေးရာ ဝန်ကြီးဟောင်းဖြစ်သူ ဒေါ်ခင်ပြုံးရည်က ဆိုသည်။
“မှော်ဆိုတာ အိုး၊ ရတနာထည့်တဲ့အိုး၊ ရတနာထွက်တဲ့မြေကို ရှမ်းလို ခေါ်တာပေါ့။ မော်ဟန်၊ မော်လူးဆိုတာ ရတနာနဲ့ ပတ်သက် ပြီး မှည့်တဲ့နာမည်တွေ။ ကချင်မှာဆိုရင် ခမ်းပါ တဲ့ ချောင်းအမည်တွေ၊ ရွာအမည်တွေဟာ အပြင်မှာလည်း ရွှေထွက်တဲ့နေရာတွေပဲ။ မြစ် ကြီးနားမြို့မဖြစ်ခင် စီတာပူရပ်ကွက်နေရာမှာ ပေါ့။နန်းခမ်းဆိုတဲ့ရွာရှိခဲ့သေးတယ်လို့ဆို တယ်။ ကချင်ပြည်နယ်မှာ ရွှေကို အသုံးပြုတာ ရာစုနှစ်ပေါင်းများစွာကြာပြီလို့ပဲ ယူဆရမှာပေါ့’’ဟု ဆိုသည်။
မန်ခိန်သည် ရှမ်းဘာသာအားဖြင့် ရွှေ အင်ဝိုင်းသည့်နေရာဟု အဓိပ္ပာယ်ထွက် ကြောင်း သူက ဆိုသည်။ မြစ်ကြီးနားမြို့ ရွှေ စက်ရပ်ကွက်မှာ ကိုလိုနီခေတ်အတွင်း ရွှေကို စက်ဖြင့် လုပ်ကိုင်ခွင့် ပေးသည့်နေရာဖြစ်ပြီး ယင်းနေရာကို ရွှေစက်ဟု ခေါ်ဆိုကြောင်း သမိုင်းမှတ်တမ်းများက ဆိုသည်။
ရွှေတူးခဲ့သည့် စနစ်
ရွှေကို ရိုးရာနည်းလမ်းဟောင်းအတိုင်း မျှောစင်ဖြင့် လူအင်အားဖြင့် မျှောတိုက်စနစ်၊ စက်အင်အားသုံးကာ ထုတ်သည့်စနစ် ခွဲရနိုင်မည်ထင်ပါသည်။ လူအင်အားဖြင့် မျှောတိုက်စနစ်တွင် မျှောစင်တွင် ငှက်ပျောဖက်ကြမ်း (ငှက်ပျောပင်စည်ကို ခွာယူပြီး အတွင်းသား အလွှာကို ဖယ်ထားသည့် ငှက်ပျောဖတ်) ကို ခင်းကာ ရွှေပါသည့် သဲနှင့်ကျောက်များကို ရေဖြင့်လောင်းချရသည်။ အချိန်စီးသည့် ရွှေ နှင့်ရွှေချေများ၊ ကျောက်မှုန်များမှာ ငှက်ပျော ဖတ်အတွင်း ကျန်ရစ်သည်။ ဘိုးဘွားစဉ်ဆက် အသုံးပြုခဲ့သည့်နည်းဖြစ်ပြီး သဘာဝပတ်ဝန်း ကျင် ထိခိုက်မှု အနည်းဆုံးဖြစ်သည်။
စက်အားသုံးစနစ်တွင် ရေငုပ်ကျင်းဖြင့် မုန်စုပ်ခြင်း၊ မြစ်ကမ်းနံဘေးတွင် မုန်စုပ်မျှော တိုက်ခြင်း၊ ကမ်းပါးနှင့် တောင်ခါးပန်းများ တွင်ရေပန့်ထိုးကာ မျှောတိုက်ခြင်း (ဒေသ အခေါ် တောင်ပန်း)၊ ရွှေဖောင်ဖြင့်မျှောတိုက် ခြင်း (တရုတ်ရွှေဖောင်)၊ ဘာလီစက်လှေဖြင့် မျှောတိုက်ခြင်း ခွဲခြားရနိုင်မည်ထင်ပါသည်။ ရေငုပ်ကျင်းဖြင့် မုန်စုပ်ခြင်းမှာ လူက အလှည့် ကျရေငုပ်ကာ မုန်စုပ်သည့် ဘီလူးခေါင်း ကိုင် ပေးရသဖြင့် အန္တရာယ်များကာ အသေအ ပျောက်လည်း ရှိသည်။
လူအန္တရာယ်နည်းကာ ရွှေအများဆုံးထုတ်ယူခဲ့သည့် တရုတ်ရွှေဖောင်များ
တရုတ်ရွှေဖောင်များကို စတင်ကျင့်သုံး ခဲ့သည်မှာ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်သာ ဖြစ်ပါသည်။ ရွှေဖောင်ဆိုသည်မှာ သံစက်လှေကြီး နှစ်စင်းကိုယှဉ်လျက် အလယ်တွင် ဂေါ်ကြီး များဆင်ကာ ဝင့်ဖြင့်လှည့်စေ၍ မြစ်ကြမ်းပြင်မှ ရွှေပါသည့် မျှောစာများကို ခပ်ယူကာ ရွှေကျင် သည့် စက်လှေဖောင်ကြီးဖြစ်သည်။ မှတ်တမ်း များအရ ခဝမ်၊ ချောင်းဆုံဒေသတွင် ၂၀၀၀ ပြည့်နှစ်က စတင်ဆောက်လုပ်ခဲ့ကြောင်း သိရ သည်။ မေခ၊ မလိခ မြစ်ကြောင်းများသာမက ဧရာဝတီမြစ်အထိ ရွှေတူးဖော်ခဲ့သည်။ နောက် ပိုင်းတွင် ဧရာဝတီမြစ်အတွင်း ရွှေကျင်မှုကို ကန့်သတ်ခဲ့သည်။ မြစ်ဆုံဒေသမှ ပူတာအို ဒေသအထိ မေခနှင့် မလိခ မိုင်ပေါင်း ၂၀၀ ကျော်တွင် ၎င်းင်းရွှေဖောင်များ အစီးရေ ရာနှင့်ချီ ရှိသည်။
တိုင်းရင်းသားလက်နက်ကိုင်ခေါင်း ဆောင်များနှင့် ဆက်နွှယ်ပတ်သက်သူများ၊ ဌာနဆိုင်ရာနီးစပ်သူများ အကျိုးအမြတ်များ ခဲ့သည့်လုပ်ငန်းဖြစ်သည်။ တရုတ်နိုင်ငံသား အမြောက်အမြားလည်း ဝင်ရောက်လုပ်ကိုင်ခဲ့ ကြသည်။ တစ်နေ့လျှင် ရွှေ ကျပ်သား ဆယ်ချီရရှိခဲ့သည့် မှော်နေရာ အမြောက်အမြားလည်း ပေါ်ထွက်ခဲ့သည်။ အချို့မှာ ယနေ့အထိ ဆက် လက်တူးဖော်ဆဲ ဖြစ်သည်။
ယခင်ကာလက မေခမြစ်အတွင်း နာမည် ကြီးခဲ့သည့်ရွှေမှော်များမှာ ခါဘာ၊ သဲဝိုင်၊ ဂဠုန်းကျွန်း၊ မလိယန်၊ ကျောက်ကြီး၊ လေးအိမ်တန်း၊ ချောင်းဆုံ၊ ခဝမ်၊ လိမ္မော်ခြံ၊ မန်ဒေါင်၊ ရှငေါ်၊ ဂျူဗလီ၊ ၅၉ မိုင်၊ ၆၂ မိုင်၊ တငူ၊ တံခါမှော်များ နာမည်ကြီးသည်။ မလိခဘက်တွင် မြစ်ဆုံ၊ ၃၁ မိုင်၊ အင်ပေါ့၊ ငှက်ပျောတော၊ တီယန်ဇွတ်၊ လယန်၊ လဖ၊ ဓာတ်ခဲ စသည့် မှော်များ၊ ပူတာအိုအနီးမှ မဇွန်ယန်၊ လုံရှာ ယန်၊ မလိယန်၊ နန့်ခမ်း၊ ဂါးခင် စသည့် ရွှေမှော် များလည်း နာမည်ကျော်ခဲ့ကြသည်။
၂၀၀၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ်အထိ ဧရာဝတီမြစ်အတွင်း ရွှေမှော်ခေတ်ဟု ဆိုရပေ မည်။ မေခ၊ မလိခ နှင့် အခြားမြစ်လက်တက်များ ရှိ ရွှေလုပ်ကွက်များ စုပေါင်းပါက ရာချီသည့် အရေအတွက် ဖြစ်ပါသည်။ မှော်တစ်မှော်နာ မည်တွင်ဖို့ ယင်းမှော်တွင် အနည်းဆုံး တူးဖော်သူတစ်ဦးနှင့်အထက် ရွှေအမြောက်အမြား ရရှိရမည်ဖြစ်ရာ ရွှေလုပ်ကိုင်သူ ရာနှင့်ချီကာ ရွှေလောပန်းများ ဖြစ်ခဲ့ကြသည်။ဆုံးရှုံးခဲ့ကြ သူများကိုလည်း တွေ့ဖူးပါသည်။
အစိုးရက ဧရာဝတီမြစ်နှင့် ယင်းမြစ်၏ ကိုက်သုံးရာအကွာအတွင်း ရွှေကျင်မှုများ မပြုလုပ်ရန် ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော် လည်း ကချင်ပြည်နယ်အတွင်း မငြိမ်းချမ်း သည့်အခြေအနေကြောင့် ဆက်လက်လုပ်ကိုင် ခဲ့သည့် အခြေအနေကိုလည်း တွေ့ရသည်။
ယနေ့အချိန်တွင် ဧရာဝတီမြစ်အတွင်း နေရာယူနေသည့် ဗာလီရွှေဖောင်များ
ယခုအချိန်တွင် ဧရာဝတီမြစ်အတွင်း တရားမဝင် အများဆုံးရွှေကျင်သည့် စက်မှာ ဘာလီခေါ်သည့် ရွှေဖောင်များဖြစ်သည်။ဘာလီရွှေဖောင်ဆိုသည်မှာ စက်လှေပေါ်တွင် ရှစ်လက်မှ ၁၀ လက်မ ဗြုန်းအိုးဖြင့် မြစ်ကြမ်း ပြင်မှ သဲနှင့်ကျောက်များကို စုပ်ယူကာ မျှောတိုက်ပြီး ရွှေကျင်သည့် စက်လှေကြီးဖြစ်သည်။ ယင်းစက်၏ ရွှေကျင်ရာတွင် အားသာချက်မှာ မြစ်အတွင်း အလွယ်တကူ နေရာရွှေ့ပြောင်း နိုင်ခြင်း၊ မြစ်ကြမ်းပြင်တွင် ပေ ၇၀ ဝန်းကျင် အထိ ရွှေမျှောစားများ စုပ်ယူနိုင်ခြင်းဖြစ်သည်။ စက်လှေပေါ်ရှိ မျှောစင်နှင့် မုန်အိုးကို ဖယ်ရှား လိုက်ပါက သာမန်စက်လှေတစ်စင်းသာဖြစ် သည်။ ဘာလီတစ်စင်းလျှင် (အတောင်၄၀ ပါ စက်လှေတစ်စင်းနှင့် စက်အစုံ ၁၀ လက်မ အချင်းရှိ ရေစုပ်စက်အပါ) ကျပ်သိန်း ၄၀၀ ဝန်းကျင်၊ ရှစ်လက်မ အချင်းရေစုပ်စက် ဖြစ်ပါ က ကျပ်သိန်း ၃၀၀ ဝန်းကျင် တန်ကြေးရှိသည်။
ပိုင်ရှင်တစ်ဦးက “ရပ်နား ရွာနားလုပ်ရင် အဲဒီဒေသနဲ့ အဆင်ပြေအောင် လုပ်ရတာပေါ့။ အထက်ကိုလည်း သိန်းချီပြီး အဘက်ဘက်ကို ပေးရတယ်။ ဘာလီက လူငါးယောက်ဆိုရင် လည်လို့ရပြီ။ လုပ်သားက ဘာမှမတတ်ရင် ထမင်းစရိတ်ငြိမ်း တစ်သိန်းခွဲ၊ ကျွမ်းကျင်က လေးသိန်း တစ်လစာပေးရတယ်။ စက်က နှစ်လုံးတပ်ရတယ်။ စက်လှေမောင်းတာ တစ် လုံး၊ ရွှေကျင်တာ တစ်လုံးပေါ့။ ငါးပိဿာ ကျော်တဲ့ ကျောက်ခဲတောင် ပေ ၄၀ လောက် အနက်ကနေ ဆွဲတင်နိုင်တယ်။ ရှစ်လုံးထိုး၊ ခြောက်လုံးထိုးအင်ဂျင် တပ်ရတာပေါ့။ ရတဲ့ နေရာ တွန်းလုပ်ကြရတော့ နေရာတွေက သိပ် မကျန်တော့ဘူး’’ဟု ဆိုသည်။
ဘာလီရွှေဖောင်များကို မြစ်ဆုံအောက် ပိုင်း၊ မြစ်ကြီးနားနှင့် ဆင်ဘိုကြား၊ ဆင်ဘိုမြစ် ကျဉ်းအထွက်နှင့် ရွှေကူမြို့ ကျွန်းတော်ဘုရား ကျွန်းတွင် အစီးရေ ထောင်ဂဏန်းခန့်ရှိနေ သည်။ ဒေသခံများ ယာခင်းမြေနှင့်ကျေးရွာများ ထိခိုက်မည်ကို စိုးရိမ်သဖြင့် တိုင်ကြားသော် လည်း အရာမရောက်ကြောင်း တာလောကြီး တိုက်နယ် စံကင်းရွာသားတစ်ဦးက ဆိုသည်။
“ဥက္ကဋ္ဌ မေးတော့လည်း တိုင်ထားပြီးတဲ့။ အောက်ခြေမှာတော့လည်းနေရာက မရွေ့ဘူး။ ကိုယ်ရဲ့အထက်ကအခင်းက တူးလိုက်ပြီ တဲ့ဆိုရင် နောက်အခင်းက မြန်မြန်ရောင်းရ ရော။ မဟုတ်ရင် ရေစားကုန်တော့မယ်လေ။ စံကင်း၊ ဟိုကပ်၊ တာပဒေါင်း ဒီသုံးရွာပေါင်းဟာ ဧကရာချီတော့မယ်ပါသွားတာ။ ရွာနဲ့ မြစ် ကြားကကျွန်းလည်း ကုန်သွားပြီ’’ဟု ဆိုသည်။
ဧရာဝတီမြစ်အတွင်း စက်ဖောင်အကြီး စားများ၊ စက်ဖောင်အငယ်စားများဖြင့် ရွှေ ကျင်မှုများကြောင့် မြေပြိုကျမှုများဖြစ်ပွားခဲ့ပြီး စိုက်ပျိုးမြေများဧက ရာနှင့်ချီကာ ဆုံးရှုံးခဲ့ရ ကြောင်း ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသား ရေးရာဝန်ကြီး ဒေါ်ခင်ပြုံးရည်က ဦးသိန်းစိန် အစိုးရလက်ထက် ပြည်နယ်လွှတ်တော်တွင် တင်သွင်းခဲ့သည်။
လက်ရှိတွင် တာဆန်းကျေးရွာအောက် ပိုင်း၊ ဦးလောက်ကျေးရွာ အထက်ပိုင်းတွင် ကြီးမားသော မြေပြိုမှုများရှိနေပြီး မြစ်ကြောင်း ပြောင်းလဲကာ ကျေးရွာမြေနှင့် စိုက်ပျိုးမြေများ ထိခိုက်မည်ကို စိုးရိမ်ကြောင်း ဒေသခံရပ်မိ ရပ်ဖတစ်ဦးက ဆိုသည်။
“ကျွန်တော်တို့ရွာရှေ့က လက်ပံကျွန်း ဟာ ရွှေဖောင်တွေ ၀ိုင်းလုပ်လိုက်တာ။ လ ပိုင်းပဲ အားလုံးဟာ ကျောက်ပုံဖြစ်သွားတာ။ အခုလည်း ဦးလောက်ရွာအထက်က မြစ်ကွေ့ ကြီးဟာ ကျွန်တော်တို့ရွာ အနောက်ဘက် နောင်းပုံညွန့်လယ်ကွင်းဘက် ဖြတ်မလား။ ရွှေညောင်ပင် လမ်းဘက်ထွက်ပြီး တဘတ် ချောင်းထဲပေါင်းမလား မပြောနိုင်သေးဘူး။အခုတောင် စိုက်ပျိုးမြေတွေ နှစ်မိုင်လောက် ပါသွားပြီလေ’’ဟု ဆိုသည်။
ဗန်းမော်မြို့အထက် ဧရာဝတီ ပထမမြစ်ကျဉ်းအထွက်တွင် ဘာလီအစီးရေ ရာဂဏန်းရှိနေသော်လည်း ဒေသခံများ၏ တိုင်ကြားခြင်းများ မကြားရသေးချေ။ ရွှေကူမြို့ အနီး ကျွန်းတော်ဘုရားကျွန်းတွင် ရွှေဖောင် များ ရွှေကျင်နေမှုမှာ ဘုရားကို ထိခိုက်လာနိုင် ခြင်း၊ မြစ်ကမ်းဘေးကျေးရွာများကို ထိခိုက် လာခြင်းကြောင့် စိုးရိမ်တကြီးကန့်ကွက်လာကြပြီဖြစ်သည်။
ရွှေကူမြို့ခံ ဦးကျော်နိုင်ဝင်းက “ဘုရား ကျွန် က ကျွန်တော်တို့ဒေသရဲ့ ပြယုဂ်ကြီးလေ။ ဘုရားကျွန်းဆွယ်ကြီး လာတူးနေကြတာက တော့။ အရင်က ညမှာခိုးတူးတာ အခုက နေ့ လယ်ပါ လုပ်နေကြတာ။ အဓိက တာဝန်ရှိ တာက လက်ရှိနိုင်ငံကို တာဝန်ယူထားသူတွေ ပဲလေ။ ရပ်မိရပ်ဖတွေ တောင်းပန်ရင်တောင်မှ ရပ်နားကြသေးတာ။ အာဏာပိုင်တွေ မတား နိုင်ဘူးဆိုတာ အဓိပ္ပာယ်မရှိပါဘူး။ စက်လှေ ပိုင်ရှင်တွေ အများစုကလည်း ဒီဒေသခံတွေ မဟုတ်ဘူး’’ဟု ဆိုသည်။
ဘာလီရွှေဖောင်များ လပိုင်းအတွင်း အလွန်အကျွံ များလာခြင်းမှာ ယခင် ခရီးသည်ယာဉ်များပြေးဆွဲသည့် ရှပ်ပြေးမော်တော်ယာဉ်များမှာ အလုပ်မရှိသဖြင့် ဘာလီ ရွှေဖောင်အဖြစ် အသွင်ပြောင်းလာခြင်း ကြောင့် ဖြစ်သည်။
“ရှပ်ပြေးပေါ် နောက်ထက် စက်တစ်လုံး၊ ပိုက်တစ်လုံးနဲ့ မျှောတိုလေး တင်လိုက်ရင် ရွှေ ဖောင်ဖြစ်သွားပြီလေ။ အသစ်ဝယ်မယ်ဆိုရင် ကျပ်သိန်း ၄၀၀ ဝန်းကျင်က ပြေးမလွတ်ဘူး။ ရှပ်ပြေးပိုင်ရှင်တွေလည်း သုံးလ၊ လေးလမှာ ခရီးတစ်ကြောင်း ထွက်ရတော့ ငတ်နေကြပြီ။ အခုကျတော့ ရွှေက တစ်ရက် နှစ်ကျပ်သား လောက်ရတော့ နေ့ည မောင်းနေကြရတာ။ ကျွန်တော်တို့ ဗန်းမော်မှာတော့ ရှပ်ပြေးမော် တော်အားလုံးလောက်ကို ရွှေဖောင်ဖြစ်သွား တာ’’ဟု ဆိုသည်။
ရွှေဖောင်များနှင့် မြစ်ရိုးနေသူတို့၏ ပဋိပက္ခမှာ ကြက်ဥအစရှာသလို ဖြစ်နေသည်။ ဒေသအေးချမ်းတည်ငြိမ်ခြင်း၊ တရားဥပဒေ စိုးမိုးသည့် အချိန်မှာသာလျှင် သက်သာလျော့ ပါးမည့် အခြေအနေဖြစ်ပါသည်။
ပရမ်းပတာ ရွှေကျင်တူးခြင်း၏ အကျိုးသက်ရောက်မှုများ
ဧရာဝတီမြစ်နှင့် မြစ်လက်တက်များတွင် ရွှေတူးခြင်းကြောင့် ရေမကြည်ခြင်း၊ ငါးရှား ပါးခြင်း၊ ကမ်းပါးပြိုခြင်းနှင့် မြစ်ကြောင်း ပြောင်းလဲခြင်းများ ဖြစ်သည်။ ကချင်ပြည် နယ်သည် သားငါးပေါများသည့်ဒေသဖြစ်ရာ လွန်ခဲ့သည့် ၁၉၉၀ ပြည့်နှစ်ကျော်မှတ်တမ်း များအရ သဘာဝမြစ်ငါးစျေးမှာ အသားစျေး ၏ ထက်ဝက်အောက်သာ ရှိခဲ့သည်။ ၂၀၀၇ ခုနှစ်မှစတင်ကာ စျေးနှုန်းများမြင့်တက်လာ ပြီး ၂၀၁၈ ခုနှစ်တွင် စျေးတူနီးပါးဖြစ်လာ သည်ကို မှတ်တမ်းများအရ သိရသည်။
ကချင်ပြည်နယ်တွင် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး လုပ်ဆောင်နေသည့် လူမှု အဖွဲ့အစည်းတစ်ခုမှ ခေါင်းဆောင်တစ်ဦးက “ ဖြစ်နေတာကတော့ ပရမ်းပတာစနစ်နဲ့ လည် ပတ်နေတဲ့ အခြေအနေပဲ။ မြစ်ဆုံအနီးဝန်း ကျင်တွေမှာ တူးနေကြတာတောင် မတား နိုင်ဘူး။ မြစ်ရေကို ကြည့်လိုက် အမြဲနောက် ကျိနေတဲ့အခြေအနေတွေ။ သေချာပြီ မြစ် ကြောင်းမှာ နေရောင်ခြည်ကြောင့် ဖြစ်တဲ့ ကျောက်ရေညှိစားတဲ့ငါး ရှားမယ်။မျိုးသုဉ်း မယ်။ ကျစ်နေတဲ့ မြစ်ကြောင်းကို ဖွလိုက်တယ်။ ပို့ချတဲ့ အနည်များတယ်။ မြစ်ကြမ်းပြင်မြင့် မယ်။ ကမ်းပါးကို ရေတိုက်စားမယ်။ ရေလမ်း ကြောင်းပြောင်းမယ်။ အခုဖြစ်နေတဲ့ ဖားကန့် ပုံစံပေါ့။ ရေရှည်မှာ ဆိုးကျိုးက မြစ်ရိုးတစ် လျှောက်ကနေ တစ်နိုင်ငံလုံးကို ထိမှာပဲ။ ကျွန် တော်တို့ ဧရာဝတီမြစ်ရေ သောက်ခဲ့ဖူးတယ်။ကျွန်တော်တို့ သားနဲ့သမီး မသောက်ရတော့ ဘူး။ ဒီလို ပရမ်းပတာ ရွှေတူးတာ မရပ်မချင်း ဆိုးကျိုးတွေက ကြီးနေမှာပဲ’’
၂၀၀၀ ပြည့်နှစ်မတိုင်မီက ဧရာဝတီ မမေ့နိုင်စရာ ဧရာဝတီ
ယခင်က မြစ်ရိုးရွာအများစုတွင် ရေ တွင်းမရှိကြပါ။ ဧရာဝတီမြစ်ရေကိုပင် နံနက် စောစောခပ်ယူကာ သောက်ရေအဖြစ် အသုံး ပြုကြသည်။ ရေတွင်းရှိသည့် ရွာများတွင်ပင် မြစ်ရေကိုခပ်ကာ သောက်သုံးသည့်အလေ့ ရှိပါသည်။ မြစ်ရေသည် ကြည်သည်။အေးသည်။ သောက်လျှင် လေးလေးပင်ပင်ရှိသည်ဟု မြစ်ရိုးနေသူများက အစဉ်ယူဆခဲ့သည်။ ဧရာတီမြစ်ရေဟာ မိုးတွင်းရာသီကလွဲ၍ ဆောင်းနှင့်နွေရာသီတွင် အစဉ်ကြည်လင်သည်။ ယင်းအချိန်က စာရေးသူ မြစ်ရိုးတစ် လျှောက် ခရီးသွားပါက စက်လှေခေါင်မိုးတွင် ထိုးထားသည့် အုန်းမှုတ်ခွက်များကို ရိုးတံရှည် ကြီးများကိုယူကာ ဧရာဝတီမြစ်ရေကို အားရ ပါးရ သောက်ခဲ့သည်မှာလည်း သတိရစရာ ဖြစ်ပါသည်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှ သာလျှင် ဧရာဝတီမြစ်ဖျားပိုင်းအတွင်း ရွှေ ဖောင်စက်လှေများ အသုံးပြုခြင်း၊ မြစ်အတွင်း လူအနေများခြင်းများကြောင်း တွင်းရေများ ကို အသုံးပြုလာကြခြင်းဖြစ်သည်။ ကချင်ပြည် နယ် ဒေသခံအများစုမှာ ၁၉၉၄ ခုနှစ် ငြိမ်း ချမ်းရေးရပြီးနောက်ပိုင်း ရေသန့်ဘူးများ မြစ် ကြီးနားစရောက်ချိန်တွင် မည်သူက ဝယ်ယူ သောက်သုံးပါမည်လဲဟု လူအများစုက ထင် မြင်ယူဆ အံ့သြခဲ့ရဖူးသည်ဆိုလျှင် ယနေ့လူ ငယ်များ ပြန်လည်အံ့သြကြမည်လား မပြောတတ်ပါ။ လွမ်းစရာကောင်းလောက်ပင် တွေ့သည့်ကန်၊ ချောင်း၊ မြစ်ကြီးများက ရေဆာ သည့်နှင့် အသင့်သောက်ရုံ သန့်ပြန့်ကြည် လင်ခဲ့ကြပါသည်။
နောက်ချစ်စရာ ဓလေ့တစ်ခုမှာ ကချင် ပြည်နယ်အတွင်းက မြစ်ရိုးသားမှန်လျှင် မြစ်၊ ချောင်း၊ ကန်အတွင်း ကျင်ကြီး၊ ကျင်ငယ် စွန့် ခြင်း အလျဉ်းမလုပ်ကြပါ။ ရေချိုးနေရင်း ကျင်ငယ်စွန့်လိုလျှင်ဖြစ်စေ၊ ကျင်ကြီးစွန့်လိုလျှင် ဖြစ်စေ ကုန်းမြေပေါ်သို့တက်ပြီး စွန့်သည့် အလေ့အကျင့်ရှိကြသည်။ အဘယ့်ကြောင့် ဆိုသော် မြစ်ရေကို မြစ်အောက်ပိုင်းရှိ လူ ကြီးသူမများ၊ ရဟန်းသံဃာများနှင့် ရှင်ဥပဂုတ္တ မထေရ်တို့က သုံးဆောင်ကြောင်း အမိအဘ၊ အစ်ကို၊ အစ်မ ကြီးသူများက အမြဲပြောဆို ဆုံးမသည့်အခြေအနေကြောင့် ရေထဲ ကျင် ကြီး၊ ကျင်ငယ် မစွန့်ရကြောင်း စိတ်စွဲနေခြင်း ဖြစ်သည်။ မြစ်ရိုးရှိ ကျွန်တော်တို့သိမှီလိုက် သည့် ပျံလွန်တော်မူကုန်ကြသည့် ဆင်ဘိုဆရာ တော် ဦးဝိဇယ၊ တာလောကြီးအောက်ကျောင်း (ဒက္ခိဏာရာမတိုက်) ဆရာတော် ဦးဝိဇယ၊ ဝန်းသိုကျောင်းဆရာတော် နိုင်ငံတော် သြဝါဒ စရိယ၊ ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ဦးသီလဝံသ တို့လည်း ဧရာဝတီမြစ်ရေကို နှစ် နှစ်ခြိုက်ခြိုက် တမေ့တမော့ သုံးဆောင်ခဲ့ ကြောင်း သိရသည်။
အမှတ်ရနေသည့် ဆုံးရှုံးမှုမှာ ချီဖွေမြို့ မေခမြစ်အတွင်းမှ မုတ်သုံတော အပန်းဖြေ နေရာနှင့် မေခမြစ်ကမ်းဘေးမှ မန်းဒေါင် လိမ္မော်ခြံများကို ရွှေတူးလိုက်ကြခြင်းဖြစ်ပါ သည်။ မုတ်သုံတောမှာ ချီဖွေမြို့၏ အမှတ် တံဆိပ်တစ်ခုဖြစ်ခဲ့ပြီး မန်းဒေါင်လိမ္မော်သီးမှာ မေခမြစ်နုန်းတင်မြေတွင် စိုက်ပျိုးမှုကြောင့် ဒေသရာသီဥတုနှင့်ကိုက်ညီခြင်း၊ အလုံးကြီး ခြင်း၊ အရည်ရွှမ်းခြင်း၊ အရသာချိုခြင်း၊ အ ရောင်လှခြင်း ဂုဏ်သတ္တိများကြောင့် ၀ိုင်းမော် မြို့နယ်၏ ပြယုဂ်ကြီးဖြစ်ပါသည်။ ကချင်ပြည် နယ် တစ်ခုလုံးကလည်း နှစ်ခြိုက်ခဲ့သည့် လိမ္မော်အမျိုးအစား ဖြစ်ပါသည်။
ကချင်ပြည်နယ်သူနယ်သားများ နှစ် သက်မြတ်နိုးသည့်အရာများ၊ အသက်မွေးဝမ်းကျောင်းနှင့် ဆိုင်သည့်နေရာများ၊ နောင် လာနောက်သားများကို အမွေပေးရမည့် အရာများကို ထိန်းသိမ်းစောင့်ရှောက်ရမည်မှာကျွန်တော်တို့အားလုံးတွင် တာဝန်ရှိကြပါ သည်။ တာဝန်လည်း ကျေပွန်စေချင်ပါသည်။
ဧရာဝတီမြစ်သည် ကျိန်စာသင့်နေဆဲ ဖြစ်သည်။