တောင်ကိုရီးယားလျှို့ဝှက်သည်းဖိုရုပ်ရှင် Hellbound က Netflix တွင် လူကြည့်အများဆုံးဖြစ်နေ

တောင်ကိုရီးယားလျှို့ဝှက်သည်းဖိုရုပ်ရှင် Hellbound က Netflix တွင် လူကြည့်အများဆုံးဖြစ်နေ
Published 24 November 2021

Netflix တွင် ပြသလိုက်သည့် တောင်ကိုရီးယား လျှို့ဝှက်သည်းဖိုဇာတ်လမ်းတွဲ Hellbound ကို ကြည့်ရှုသူများပြားလျက်ရှိပြီး အပိုင်းခြောက်ပိုင်းပါဝင်သည့် ၎င်းဇာတ်လမ်းတွဲကို နိုဝင်ဘာ ၁၉ ရက်တွင် စတင်ပြသရာ မက္ကဆီကို၊ ဘယ်လ်ဂျီယံ၊ စင်ကာပူ၊ တောင်ကိုရီးယား ၊ ဗီယက်နမ် အပါအဝင်နိုင်ငံအများစုတွင် ကြည့်ရှုမှုအများဆုံး ဇာတ်လမ်းတွဲဖြစ်လာပြီး အမေရိကန်တွင် တတိယ မြောက် လူကြည့်အများဆုံးဖြစ်သည်ဟု  streaming ကြည့်ရှုမှုဒေတာကောက်သည့် Flixpatrol  က ထုတ်ပြန်သည်။

ထို့ကြောင့်ဒါရိုက်တာ Yeon Sang-ho  ရိုက်ကူးသည့် Hellbound သည် Squid Game ပြီးလျှင် Netflix တွင် လူကြည့်အများဆုံး ဒုတိယမြောက်တောင်ကိုရီးယားဇာတ်လမ်းတွဲ ဖြစ်လာသည်။

Squid Game  ကပြပြီး တစ်ပတ်ကျော်မှ နံပါတ်တစ်နေရာရောက်ခဲ့ပြီး Hellbound က  တစ်ရက်အတွင်း နံပါတ်တစ် လူကြည့်အများဆုံးဖြစ်လာခဲ့သည်။ နိုဝင်ဘာ ၂၁ ရက်တွင် နံပါတ်နှစ်နေရာသို့ ကျသွားသော်လည်း နောက်တစ်နေ့တွင် နံပါတ်တစ်ပြန်ဖြစ်သွားသည်။

အပြစ်ရှိသူများက သေမည့်နေ့ကို ကြိုတင်သတိပေးခံထားရပြီး အချိန်ကျပါက ထူးဆန်းသည့် ဧရာမအကောင်ကြီးသုံးကောင် ရောက်ချလာပြီး ငရဲသို့ဆွဲခေါ်သွားသည့် သွေးပျက်ဖွယ် အဖြစ်အပျက်များကို တင်ပြထားသည်။

စက်တင်ဘာလလယ်တွင် ပြသခဲ့သည့် Squid Game သည် Netflix တွင် လူကြည့် အများဆုံးဇာတ်လမ်းတွဲအဖြစ် အောင်မြင်မှုရယူကာ ထိုအောင်မြင်မှုကြောင့် တောင် ကိုရီးယားဇာတ်လမ်းတွဲများအပေါ် ကမ္ဘာက ပိုစိတ်ဝင်စားလာကြသည်။

အောက်တိုဘာတွင်ပြသသည့် ကိုရီးယားဇာတ်လမ်းတွဲ My Name သည်လည်း Netflix တွင် လူကြည့်အများဆုံးဇာတ်လမ်းတွဲ ၁၀ ခုထဲပါခဲ့သည်။

Squid Game သာမအောင်မြင်ခဲ့ပါက Hellbound နှင့် My Name ဇာတ်လမ်းတွဲများကို  ကြည့်ရှုသူများချင်မှများလိမ့်မည် ဖြစ်သည်။

Most Read

Most Recent