အိမ်ဆိုသည်မှာခေါင်မိုးနှင့် ပြတင်းပေါက်ပါသော နေစရာအခန်းဖြစ်၏။အိမ်ဆိုသည်မှာ ညအချိန်အိပ်စက်ရန်နှင့် နေ့အခါ အစားအသောက်စားရန် အသင့်ရှိသော နေရာတစ်ခုဖြစ်၏။ အိမ်ဆိုသည်မှာ နွေးထွေး၍ လုံခြုံသောနေရာဖြစ်၏။ အိမ်ဆိုသည်မှာ ကျွန်ုပ်တို့ဘယ်မှာနေထိုင်သည်ကို ပြောပြသော အဆောက်အဦဖြစ်၏။အိမ်ဆိုသည်မှာ မည်မျှဝေးလံနေစေကာမူ ရောက်အောင်ပြန်လာရသော နေရာတစ်ခုဖြစ်၏။ အိမ်ဆိုသည်မှာ အဖေနှင့်အမေဖြစ်၏။ အိမ်ဆိုသည်မှာ ဇနီးနှင့်သားသမီးများ ဖြစ်၏။အိမ်ဆိုသည်မှာ ဝင်းထရံအစပ်တွင် တမာပင်၊ဗာဒံပင်စသည်တို့ ပေါက်ရောက်တတ်သောနေရာ တစ်ခုဖြစ်၏။ အိမ်ဆိုသည်မှာ အလွမ်း၏ပုံဆောင်ခဲဖြစ်သည်။ အိမ်ဆိုသည်မှာ တန်းလျားခုံတွင် ရေနွေးသောက်နေသောအဖေ့ကို တွေ့နိုင်သည့်နေရာဖြစ်သည်။ အိမ်ဆိုသည်မှာ မီးဖိုချောင်၌ ဟင်းချက်နေသောအမေ့ကို တွေ့နိုင်သည့်နေရာဖြစ်သည်။ အိမ်ဆိုသည်မှာ အိမ်လခပေးစရာမလိုဘဲ သူ့ကိုချစ်မြတ်နိုးရန်သာ လိုအပ်သောနေရာတစ်ခုဖြစ်သည်။
အိမ် (၅)
အောက်ထပ်မြောက်ဘက်ခြမ်းမှာ
စဥ့်အိုးပုကလေးရှိရာ
ဆွဲခြင်းနီနီကလေးရှိရာ
မီးဖိုရှိရာ
စဥ့်အိုးထဲဆန်အနည်းငယ်သာ။
ဆွဲခြင်းနီနီထဲမှာ
ကြက်သွန်နဲ့ခရမ်းချဉ်တချို့
မီးဖိုပေါ်မှာထမင်းအိုးနွေးလို့။
အောက်ထပ်တောင်ဘက်ခြမ်းတွင်
ခုတင်တစ်လုံး၊စားပွဲခုံတစ်ခုနှင့်
ခွေးခြေသုံးလုံးပင်။
ခုတင်မှာ သားနဲ့သမီးဆော့ကစားချိန်
စားပွဲခုံမှာ ငါစာအုပ်နှင့်မြိန်
ငါတို့အိမ်ရဲ့ဟင်းလျာက
မြောက်ပိုင်းလမ်းကိုဖြတ်လာကြ။
အပေါ်ထပ်မြောက်ဘက်အခန်းမှာ
အိပ်မက်သင်္ဘောခုတ်မောင်းရာ
ငါအိပ်စက်လိုက်ပါသွား
မန္တလေးကိုရောက်ပြီလား။
တောင်ဘက်ခန်းမှာဘုရားဝတ်ပြု
သမ္မာဒေဝတွေရဲ့မပြတ်သော
နှိုးဆော်မှု။
စားပွဲပုကလေးမှာ
ငါစာရေးတဲ့အခါ
မင်းခမျာ တဖြေးဖြေး
အဝတ်တွေကို မီးပူပေး။
ခုလိုမိုးဥတုရောက်ပြီဆို
ရွာသွန်းသော မိုးရေစက်တို့ယို
အိမ်ခေါင်ကို မိုးဖို့ သတိမရ
၀ါးကပ်စျေးပြောပါဗျ။
တစ်ညလုံးရွာသော မိုးထဲမှာ
အိမ်ထဲရေတွေဝင်လေရာ
အိုးစရည်းဘူးခွက်များပေါလော
ရေထဲမှာ တလှုပ်လှုပ်မျော။
ဝရံတာမှာ မီးဖိုပြီး ထမင်းချက်သတဲ့
ဒုက္ခတရားဟာ ပျော်ရွှင်မှုနဲ့ဆင်တူခဲ့
အိမ်အပေါ်ထပ်ကနေ ထမင်းရည်ငှဲ့။
ကုက္ကိုပင်က ကျီးကန်းဟာ
သာပေါ့ တအာအာ
ခွေးမကြီးဟာ တစိုစိုနဲ့
ရေလွတ်ရာမှာ ကွေးလို့ ချမ်းသလားကွဲ့။
ပင့်ကူမျှင်တွေ ယှက်ဖွဲ့ချောင်ထဲမှာ
မီးခိုးတအူအူသာ
ဗလာစာအုပ်ထဲမှာသမီးတို့ ဘာတွေရေး
ဟောဒီမှာ ကကြီးခခွေး။
အနွေးဓာတ်က စတင်ပြီ
လာကြအမေ့နားဆီ
မိုးမင်းကြီးငဲ့
ရွာသွန်းလှချည်ရဲ့
ဟောဒီမှာ မိသားစုကလေးရှိတယ်ကွဲ့။
၂၂.၇.၂၀၂၁
သည်ကဗျာကို ရေးသားခဲ့ရာတွင် ကုန်ဆုံးခဲ့ပြီးဖြစ်သောနှစ်များသို့ လွမ်းဆွတ်မှုများကို ယူငင်အသုံးပြုထားပါသည်။ လွမ်းဆွတ်သတိရခြင်းသည် နေ့စဉ်ဘဝထဲတွင် မောင်းနှင်အားတစ်ခုအဖြစ် ရောက်လာပါသည်။
မိမိ၏ညံ့ဖျင်းခဲ့ပုံများက အိမ်ကလေးထဲမှာ ရုပ်ရှင်ကားတစ်ခုလို ပြန်မြင်နေရသည်။ ‘ဟင်းဂါး’ ‘မုံဟင်းဂါး’ ဟု ကျွန်တော်ပြောတော့ ကလေးတွေကလိုက်ဆိုကြသည်။ “မင်းကလေးတွေကို အရူးစကားတွေမသင်နဲ့” ဟု ဇနီးက တားမြစ်ခဲ့သည်။ ထိုအခါကျွန်တော်ဆက်၍ ဆိုသည်မှာ “ထောင်းဇွန်း” “ထောင်းဇွန်း” ဟု ဖြစ်ပါသည်။ “ထောင်းဇွန်း” သည် “သထောင်းဇွား” မှလာ၍ မူရင်းမှာ “သူတောင်းစား” ဖြစ်သည်။ ထိုဝေါဟာရသည် ကျွန်တော်ပါးစပ်ထဲသို့ မည်သို့ရောက်လာသည်မသိပါ။ ကျွန်တော့်၏ လူကြိုက်များသော ကဗျာတစ်ပုဒ်ဖြစ်သည့် သူတောင်းစားတစ်ယောက်ရဲ့မှတ်စုကို ထိုအချိန်က မရေးရသေးပါ။ သားငယ်နှင့် သမီးကလေးက ပျော်နေကြပါသည်။ “အဖေထောင်းဇွန်းဆိုပြ” ဟု သူတို့ပြောကြပါသည်။ကလေးများကိုကြည့်ကာ ဇနီးကစိတ်ပျက်လက်ပျက်ဖြင့် ရယ်နေပါသည်။ “ဟင်းဂါး” ထောင်းဇွန်းဟု ကျွန်တော်ရွတ်ဆိုပါသည်။ သားငယ်နှင့် သမီးကလေးက လိုက်ဆိုကြပါသည်။ “ဟင်းဂါး” သည် မုံ့ဟင်းခါးဖြစ်ပါသည်။
အိမ် (၆)
ဇနီးကသမီးငယ်ကလေးနဲ့
နမ့်ခမ်းပြန်သွား။
သားငယ်နဲ့သားကြီးက
အဘိုးအဘွားဆီမှာ။
အိမ်မှာ ငါတစ်ယောက်တည်း
ဘယ်လိုနေရသလဲဆိုတော့ကာ
ထမင်းချိုင့်ထဲမှာ
ထမင်းထည့်
ထမင်းထဲမှာ အကြော်ထည့်
အလုပ်ထဲမှာ ငါဟာ
ဝမ်းငါးခါလောက်သွား
အူဗလာကျင်းချိန်တွေ
ရေသောက်တော့
ခဏနေ ရေတွေပြန်ထွက်
ခက်ပဲခက်ရချည့်။
ညနေစောင်းတော့
စက်ဘီးဟောင်းကလေးက
ငါ့ကိုဖြည်းဖြည်းချင်းသယ်ဆောင်လာ
အိမ်ထဲမှာမှောင်လို့
အရှည်ကြာဆုံးနေ့ရက်များ
အချည်းအနှီး
လဲလျောင်း
နိုးနေ
သစ်ရွက်လေတိုးသံ
ညဥ့်ယံမှာတစ်ယောက်တည်း
ခြင်တွေ သဲသဲမဲမဲပျံဝဲလို့။
၂၂.၇.၂၀၂၁
ထိုစဉ်က ကျွန်တော်တိုက်ဆေးသုတ်လိုက်နေစဉ်ဖြစ်သည်။ တစ်နေ့ ၄၀ ကျပ်ရသည်။ ရံဖန်ရံခါ ညဆင်းပါလိုက်ရသည်။ ထိုသို့ဆိုလျှင် နေ့တွက် နှစ်ဆရသည်၏။ ကျွန်တော် ညဆင်းကျ၍ အလုပ်သိမ်းပြန်လာလျှင် မိုးစုပ်စုပ်ချုပ်ပေပြီ။ ကျွန်တော်က အိမ်အပြန်တွင် ဇနီးဖို့ ပဲပလာတာ ဝယ်လာတတ်သည်။ သူက အိပ်စက်နေရာမှနိုးလာကာ ဘာဖြစ်လို့ ဝယ်လာရတာလဲဟု ပြောလေ့ရှိသည်။ နေ့ရောညပါ အလုပ်ဆင်းရသဖြင့် ပင်ပန်းနေသော်လည်း ကျွန်တော်မအိပ်စက်နိုင်သေးဘဲ ဝတ္ထုရေးဖို့ စိတ်ကူးရနေသည်။
“ကျေးဇူးသိတတ်သူ” ကို ထိုသို့သောရက်များက ကျွန်တော်ရေးခဲ့ခြင်းဖြစ်သည်။ညကြီးထဲတစ်အိမ်ပြီး တစ်အိမ်ဝင်ရောက်ကာ တံခါးများပွင့်လာသည်နှင့် “ကျေးဇူးတင်ပါတယ် ခင်ဗျာ” ဟု လိုက်လံပြောဆိုသော လူတစ်ယောက်အကြောင်း ဖြစ်သည်။ ယခုမူဇနီးဖြစ်သူက သူ့ဇာတိ နမ့်ခမ်းမြို့သို့ပြန်သွားသည်။ သမီးကလေးကိုခေါ်သွားသည်။ သားကြီးနှင့် သားငယ်က အဘိုးအဘွားတွေဆီမှာ။အိမ်မှာ ကျွန်တော်တစ်ယောက်တည်းမို့ ပျင်းလှသည်။
အိမ် (၇)
ကြမ်းပြင်ဆေးရောင်တွေစွဲထင်
ငါဆိုင်းဘုတ်တွေရေးလျှင်
ကွန်ပါ၊ ထောက်ချွန်တိကျ
စာလုံးဝိုင်းဝိုင်းလှလှ
ညထဲမှာရေးခဲ့ပန်းချီ
ဖယောင်းတိုင်မီး အစီအရီ
ဒီမနက်လင်းရင်သယ်ပို့
ကြော်ငြာပိုစတာချိတ်မယ်ဗျို့။
ခါနွေဆန်းချိန်မို့ လွမ်းစိတ်ဝင်
နေ့ခင်းအိပ်မက်မြင်
ရေသဘင်ပွဲတော် ဆင်ယင်နွဲ
သံသာကျူးရင့်ကခုန်မြဲ။
ဂျိုးဂြိမ့်သံကဲဆင်နွဲ မိုးဒေဝါ
လျှပ်နွယ်လျှပ်ခက်ပြိုးပြက်
လက်လက်ဖြာ
မိုးစက်ထဲမှာ ဟစ်အော်ကာပြေး
လန်းဆန်းရွှင်မြူး ပျော်ဖူးတယ်လေး။
ကျောက်ခဲက အရည်ထွက်လာ
ငါတို့ညှစ်ကြည့်တာ
ရာသီချိန်ဆောင်းကာလ
နှင်းတွေ တမွဲမွဲကျ။
မင်းကို သတိရ ကြုံသမျှ စာစီ
ဖယောင်းတိုင်လည်း ညထဲလင်းပေသည်
ခါမီရာသီဟေမန္တ
ငါ့ကိုစောင်တစ်ထည်လွှမ်းခြုံပ။
၂၅.၇.၂၀၂၁
ဘဝဟူသည် ချစ်မေတ္တာသံယောဇဉ်တို့ ထွန်းကားရာအရပ် ဖြစ်သည်။ ချစ်ခြင်းမေတ္တာအုပ်စိုးသော ကမ္ဘာမြေကို ငါတို့အလိုရှိကြသည်။ အမုန်းသည်မှောင်ထဲ၌ တစ်ကိုယ်တည်း လမ်းသလားလျက်ရှိ၏။ သူ့ကိုဖျော်ဖြေ တင်ဆက်ရန် ငါတို့ကြိုးစားခဲ့ကြသည်။ ငါ့အမိသည် သူ့ကိုတွေ့ဆုံခဲ့သည်။ငါ့အဖသည်သူနှင့် စကားဆိုခဲ့သည်။ ငါ့ဇနီးသည်သူကို ဧည့်ခံခဲ့သည်။ ငါ့သမီးကလေးသည် သူ့ထံမှ ဝေစုရခဲ့သည်။
ငါသည် အဘယ်နည်းဟု ဆင်ခြင်ရန်ရှိ၏။ အမုန်းမရှိသောကိုယ်ငါဖြစ်လိုသည်။ငါတို့အိမ်အပေါ်ထပ်မှာ ပိုစတာတစ်ချပ်ကို ငါရေးသည်။ ဇနီးကညထဲဖယောင်းတိုင်များ ထွန်းညှိပေး၏။သင်္ကြန်ပွဲအမီပိုစတာကို ချိတ်ရမည်။ ငါသီချင်းဆိုမည်။ ထိုအခါအမုန်းသည် ကခုန်နေပါစေ။ ၁.၈.၂၀၂၁