ဘုန်းကြီးကျောင်းနဲ့ စေတီဘုရားတွေမှာ သရုပ်ဖော်ပုံ ပန်းချီကားတွေနဲ့ ဖော်ပြထားတာကို မြင်တွေ့ခဲ့ရဖူးတယ်။ စာအုပ်တွေထဲမှာလည်း ဖတ်ခဲ့ဖူးတယ်။ ယခုအချိန်မှာ အဲဒါကိုသတိရပြီး တွေးမိတယ်။ အဲဒါကတော့ ကောသလမင်းကြီးရဲ့ အိပ်မက် ၁၆ ချက်ပဲ ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေစဉ်အခါက ဖြစ်သတဲ့။ကောသလမင်းကြီးဟာ ထူးဆန်းတဲ့အိပ်မက်တွေကို မြင်မက်ခဲ့တယ်။ အနီးအနားမှာရှိတဲ့ ပုဏ္ဏားတွေကိုမေးတော့ ပုဏ္ဏားတွေက လျှောက်တယ်။ ကပ်သုံးပါးကျရောက်မယ့် နိမိတ်ဖြစ်တယ်။ မကျရောက်စေချင်ရင် သားကောင်တွေကိုသတ်ပြီး ယစ်နတ် ပူဇော်ရမယ်လို့ဆိုတယ်။
ကောသလမင်းကြီးရဲ့ ကြင်ယာတော် မလ္လိကာမိဖုရားကတော့ ပုဏ္ဏားတွေပြောတာကို မယုံဘူး။ မြတ်စွာဘုရားထံ လျှောက်ထားကြည့်ဖို့ အကြံပေးသတဲ့။ အဲဒါနဲ့ကောသလမင်းကြီးလည်း မြတ်စွာဘုရားထံမှောက် ဝင်ရောက်ပြီး လျှောက်ထားပါတယ်။
မြတ်စွာဘုရားရှင်က ကောသလမင်းကြီးမက်တဲ့ အိပ်မက်တွေဟာ ချက်ချင်းလက်ငင်း ဖြစ်လာမှာ မဟုတ်ဘူးလို့ မိန့်ကြားပါတယ်။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း ၁၀၀၀ ကျော်မှာ ဖြစ်ပေါ်လာမယ့် နိမိတ်ဖြစ်တယ်တဲ့ ။ ကောသလမင်းက အိပ်မက် ၁၆ ချက်ကို တစ်ခုချင်း လျှောက်တင်တဲ့အခါ မြတ်စွာဘုရားရှင်က တစ်ခုချင်း ဖြေကြားတော်မူပါတယ်။
(၁) နွားလားလေးကောင်ဟာ ဝှေ့မယောင်ပြုပြီး မဝှေ့ဘဲ ထွက်သွားကြသတဲ့။ အဲဒီအိပ်မက်ရဲ့ အဓိပ္ပာယ်ကတော့ အရှေ့၊ အနောက်၊ တောင်၊ မြောက်မှာ ရွာမလိုလိုနဲ့ မရွာဘဲ ရှိလိမ့်မယ်။ ကောက်ပဲသီးနှံတွေ ပျက်စီးတတ်တယ်လို့ ဆိုတယ်။
(၂) သစ်ပင်ငယ်လေးတွေ အသီးအပွင့် စုံစုံလင်လင်နဲ့ ဖြစ်နေတယ်လို့ အိပ်မက်မက်သတဲ့။ အဲဒီ အိမ်မက်ရဲ့ အဓိပ္ပာယ်ကတော့ အိမ်ထောင်သားမွေးပြုမယ့် အဓိပ္ပာယ်ပါပဲ။
(၃) နွားငယ်လေးတွေရဲ့ နို့ကို အမေနွားမကြီးက စို့သတဲ့။ ပစ္စည်းဥစ္စာကြွယ်ဝတဲ့ သားသမီးတွေဆီမှာ မိဘတွေက အောက်ကြို့ပြီး နေရလိမ့်မယ်တဲ့။
(၄) နွားကြီးတွေကို ဖယ်ရှားပြီး နွားငယ်နှစ်ကောင်ကို သူတို့မဆွဲနိုင်တဲ့ဝန်ကို ရုန်းစေသတဲ့။ အသက်အရွယ်ကြီးရင့်သူတွေကို ဖယ်ရှားပြီး လူငယ်လူရွယ်တွေကို တာဝန်ထမ်းဆောင်စေတဲ့အတွက် မနိုင်မနင်းတွေ ဖြစ်လိမ့်မယ်တဲ့။
(၅) ခံတွင်း (ပါးစပ်) နှစ်ခုရှိတဲ့ အဿထိုရ်မြင်းဟာ မုယောဆန်တွေကို စားနေတယ်လို့ အိပ်မက်မက်သတဲ့။ တရားလို၊ တရားခံ နှစ်ဘက်စလုံးကနေ လာဘ်စားတာတွေ ဖြစ်လာနိုင်သတဲ့။
(၆) သိန်းတန်တဲ့ ရွှေခွက်ထဲကို ခွေးအိုကြီးက ကျင်ငယ် စွန့်သတဲ့။ အမျိုးမြတ်တဲ့ မိန်းမပျိုတွေဟာ ပစ္စည်း၊ ဥစ္စာ အာဏာကို တပ်မက်လို့ ယုတ်ညံ့တဲ့ ယောက်ျားတွေနဲ့ ပေါင်းဖက်ကြမယ်တဲ့။
(၇) ရှေ့ကနေ သားရေကို ကြိုးကျစ်ပြီးချထားတာကို နောက်ဘက်မှာ ခွေးအိုမက ကိုက်ဝါးစားပစ်သတဲ့။ လင်ယောက်ျား ရှာဖွေထားတာကို ဇနီးမယားက လင်ငယ်ကို ပေးပစ်သတဲ့။
(၈) အိုးငယ်တွေမှာ ရေမရှိပေမဲ့လည်း ပြည့်ပြီးသားအိုးကြီးတွေထဲပဲ ရေထပ်ဖြည့်နေသတဲ့။ မရှိဆင်းရဲသားတွေ အခွန်အတုပ်ပိတတ်သတဲ့။
(၉) ရေကန်ကြီးမှာ ရေလယ်မှာ နောက်ကျိနေပြီး ကမ်းနားဝန်းကျင်မှာ ရေတွေကြည်လင်နေသတဲ့။ မြို့တွင်းထက် မြို့ပြင်မှာပိုပြီး စည်ကားမယ်လို့ ဆိုပါတယ်။
(၁၀) အဖိုးတစ်သိန်းတန်တဲ့ စန္ဒကူးနံ့သာကို ရက်တက်ပုန်းရည်နဲ့ လဲစားသတဲ့။ တရားစစ်၊ တရားမှန်တွေကို အလဇ္ဇီ ရဟန်းတွေက ငွေနဲ့ လဲလှယ်ပြီး ဟောစားသတဲ့။
(၁၁) ဘာမှမရှိတဲ့ ဘူးလွတ်တွေရေထဲမှာ မြုပ်နေပြီး ပြည့်နေတဲ့ ဘူးတွေ ရေပေါ်မှာ ပေါ်သတဲ့။ သူတော်ကောင်းတွေရဲ့ စကားကိုပစ်ပယ်ပြီး သူယုတ်မာတွေရဲ့ စကားကို အတည်ယူနေကြသတဲ့။
(၁၂) လေးပင်နေတဲ့ ကျောက်ဖျာချပ်ကြီးတွေ ရေပြင်ပေါ်မှာ ပေါ်နေသတဲ့။ လူဆိုးတွေ ဂုဏ်ရောင်တိုးပြီး တန်ခိုးကြီးလိမ့်မယ်လို့ ဆိုပါတယ်။
(၁၃) တစ်အိုးထဲမှာထည့်ပြီးချက်တဲ့ ထမင်းဖြစ်ပေမဲ့လည်း အဲဒီအိုးထဲမှာပဲ အပျော့၊ အမာ၊ အနပ် မတူညီဘူး ဖြစ်နေတယ်။ မိုးလေမမှန် ကွက်ကြားရွာပြီး ကောက်ပဲသီးနှံတွေ ပျက်စီးမယ်လို့ ဆိုပါတယ်။
(၁၄) အဆိပ်ပြင်းတဲ့ ငန်းမြွေကို ဖားငယ်က မျိုသတဲ့။ အသက်အရွယ်ကြီးရင့်တဲ့ အဘိုးကြီးတွေဟာ မိန်းမငယ်ငယ်လေးတွေကို ယူလို့ အဲဒီမိန်းမရဲ့ ကြိမ်းမောင်းဆဲဆိုတာကို ခေါင်းငုံ့ခံရမယ်တဲ့။
(၁၅) မည်းနက်တဲ့ ကျီးနက်ကို ရွှေဟင်္သာငှက်တွေက ခစားကြသတဲ့။ ပညာရှိတွေက သူယုတ်မာထံမှာ ခစားရမယ်လို့ ဆိုပါတယ်။
(၁၆) ဆိတ်သတ္တဝါက ခြင်္သေ့၊ ကျား၊ ကျားသစ်တွေကို လိုက်လံတိုက်ခိုက်လို့ ခြင်္သေ့၊ ကျား၊ ကျားသစ်တွေ ထွက်ပြေးနေရသတဲ့။ လူမိုက်လူယုတ်မာတွေ ထောင်လွှားပြီး သူတော်ကောင်းတွေ ထွက်ပြေးတိမ်းရှောင်ရမယ်လို့ ဆိုတယ်။
ကောသလမင်းအိပ်မက် ၁၆ ချက်ဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဖြစ်နေပြီလားလို့ တွေးထင်ယူဆမိတယ်။
(၁) ရွာမယောင်နဲ့ မရွာဘဲနေတဲ့ မိုးကြောင့် ကောက်ပဲသီးနှံတွေ ပျက်စီးတာလည်း ရှိခဲ့ဖူးတယ်။
(၂) အရွယ်ငယ်ငယ်နဲ့ အိမ်ထောင်ပြုတာတွေရှိသလို Living Together နေကြတာလည်း ရှိနေပြီလေ။
(၃) နွားငယ်လေးရဲ့နို့ကို နွားမကြီးက စို့နေရသလို ဖြစ်နေတာတွေလည်း အများအပြားပါ ။
(၄) နွားကြီးတွေကို ဘေးဖယ်ထားပြီး နွားငယ်တွေကို မနိုင်ဝန် ရုန်းနေရတာလည်း ရှိတယ်။
(၅) ခေါင်းနှစ်လုံးနဲ့ မြင်းတွေကလည်း ပေါမှပေါပဲ။
(၆) သိန်းတန်တဲ့ ရွှေခွက်ထဲကို ကျင်ငယ်စွန့်တဲ့ ခွေးအိုကြီးတွေလည်း တွေ့ဖူးတယ်။
(၇) ကြိုးကျစ်ပြီး ချထားတာကို ကိုက်စားနေတဲ့ ခွေးမတွေလည်း ရှိကြတယ်။
(၈) ပြည့်ပြီးသား အိုးတွေကိုပဲ ရေထပ်ဖြည့်နေကြလေရဲ့။
(၉) ရေလယ်မှာ နောက်ကျိနေတဲ့ ရေကန်တွေလည်း ရှိပါလိမ့်မယ်။
(၁၀) သိန်းတန်တဲ့ စန္ဒကူးကို ဘာမှအဖိုးမတန်တဲ့ ရတက်ပုန်းရည်နဲ့ လဲစားသူတွေလည်း ရှိကြတယ်။
(၁၁) ဘူးလွတ်တွေ ရေနစ်ပြီး ပြည့်နေတဲ့ဘူးတွေ ရေပေါ်မှာ ပေါ်နေကြတယ်။
(၁၂) လေးပင်တဲ့ ကျောက်ဖြာကြီးတွေလည်း ရေမှာ ပေါ်နေကြတယ်။
(၁၃) ကွက်ကြားမိုးရွာလို့ ကောက်ပဲသီးနှံတွေ ပျက်စီးတာလည်း ရှိခဲ့တယ်။
(၁၄) အဆိပ်ပြင်းတဲ့ ငန်းမြွေကို ဖားငယ်က မျိုတာတွေလည်း ရှိရဲ့။
(၁၅) မည်းနက်တဲ့ ကျီးငှက်ကို ရွှေဟင်္သာငှက်တွေ ခစားနေကြတယ်။
(၁၆) ဆိတ်သတ္တဝါက လိုက်လံတိုက်ခိုက်လို့ ခြင်္သေ့၊ ကျား၊ ကျားသစ်တွေ ပြေးနေကြပြီလေ။
ကျွန်တော် သတိရမိတဲ့ ဝေါဟာရတစ်ခုက ‘ကလိယုဂ်ဆုတ်ကပ်’ ဆိုတဲ့ ဝေါဟာရပါ။ လူအုပ်စုလေးစုရှိရင်တစ်စုပဲ သူတော်ကောင်းတရားကို ကျင့်ကြံသတဲ့။ ကျန်သုံးစုက တရားပျက်နေသတဲ့။ အဲဒါကို ကလိယုဂ်ဆုတ်ကပ်လို့ ခေါ်သတဲ့။ ‘ကလိယုဂ်ဆုတ်ကပ်’ ခေတ်ဟာ မကောင်းမှု အကုသိုလ်အားလုံးတို့ရဲ့ စုဝေးရာအိမ်ကြီးလိုပဲ ဖြစ်နေသတဲ့။ လူအများစုဟာ မကောင်းမှုတွေမှာ ပျော်မွေ့ကြသတဲ့။ တိုင်းပြည်ပျက်ရတဲ့ အကြောင်းရင်းက လူတွေအနေနဲ့ အကုသိုလ် ဒုစရိုက်အစုံပြုလုပ်လာလို့ ဖြစ်တာတဲ့။ ဆရာတော်ကြီး တစ်ပါးရဲ့ တရားမှာ နာကြားခဲ့ဖူးတာပါ။
ဆရာကြီး မောင်စွမ်းရည်က ‘ကမ္ဘာဦးကျမ်းအလို’ ဆိုတဲ့ ကဗျာထဲမှာ အောက်ပါအတိုင်း ရေးဖွဲ့ခဲ့တယ်။
ကမ္ဘာဦးကျမ်းအလို
ကမ္ဘာဦးမှာ
ပဒေသာပင် ပေါက်တော့
ဗြဟ္မာကြီးက လေးယောက်ပဲ ရှိသေးတယ်။
သစ္စာခေတ်ဆိုတော့လည်း မေတ္တာလည်း စစ်တာပေါ့။
အခု ကမ္ဘာဦးမဟုတ်
ကလိယုဂ်ဆုတ်ကပ်မှာ
ဗြဟ္မာ သန်းလေးထောင်
အရောင်အဝါတွေ ကွယ်ပသမို့
ပဒေသာပင်လည်း မြေလွှာပင်က ကွယ်ရပြီ။
မောဟအမှောင်တိုက်မှာ
ဒေါသတွေလည်း လောင်မြိုက်ကုန်ပြီ။
ကြည့်စမ်းပ
ကြည့်ရင်း ကြည့်ရင်းနဲ့
နေတစ်စင်းက နှစ်စင်း
နှစ်စင်းက သုံးစင်း ...
နေခုနှစ်စင်းလည်း ထွက်ရော
ကမ္ဘာကြီးလည်း ပျက်ရော။
အဲဒီတော့ သူငယ်ချင်း
မင်း ဘယ်သွားမလဲ
ငါ လား ...
ငါတော့ မန္တလေးကိုပဲ
ပြန်မှာပေါ့ ...။
မောင်စွမ်းရည်
ကဗျာထဲမှာသာ ဖတ်ရတာပါ။ ဆရာ မောင်စွမ်းရည်လည်း မန္တလေးနဲ့ ဝေးရာဆီမှာပါ။ မန္တလေးကလည်း ဆရာစွမ်းတို့ရဲ့ မန္တလေး မဟုတ်တော့ဘူးလေ။
မန်လည်ဆရာတော်ကြီးကလည်း မဃဒေဝလင်္ကာသစ်ထဲမှာ ယခုလို ရေးဖွဲ့ခဲ့ပါတယ်။
ပါပသမုတ် ၊ ကလိယုဂ်၌
ဆုတ်ကပ်သွားသည့်၊
နောက်သားတကာ
အဝဇာဖြင့်၊ အလိမ္မာကို
မလိုဆည်းပူး၊ လေလွင့်ရူး၍
အမူးအမော်၊ စားပျော်သောက်ပြု
ကစားမှုနှင့် ၊ မိုက်တုမိုက်ထ
လိုက်မှားကြလိမ့် ... တဲ့
လောကမှာ ဖခင်ကောင်းတဲ့သားတွေ ပေါများသတဲ့။ သားကောင်းဖခင်ကတော့ ရှားသတဲ့။ မိဘနှစ်ပါးထက် သီလ၊ သမာဓိ ၊ ပညာလောကဓမ္မ အစစ သာလွန်တဲ့ သားသမီးကို အတိဇာတပုတ္တသားသမီးလို့ ခေါ်သတဲ့။ မိဘနဲ့ တန်းတူညီမျှသာရှိတဲ့ သားသမီးကိုတော့ အနုဇာတပုတ္တ သားသမီး လို့ခေါ်ဆိုသတဲ့။ မိဘလောက်တောင် အဆင့်အတန်းမရှိတဲ့ သူကိုတော့ အဝဇာတပုတ္တသားသမီးလို့ ခေါ်သတဲ့။ ဆုတ်ကပ်ကာလမှာတော့ အဝဇာတပုတ္တသားသမီးတွေသာ များပြားတယ်လို့ ဆိုပါတယ်။
ဒီနေ့ ဒီအချိန်မှာ ကိုယ့်ရဲ့ တပည့်ဖြစ်ခဲ့ဖူးသူတိုင်းကို ‘ငါ့တပည့်’ လို့ ပြောလို့မရပါဘူး။ မပြောဘဲနေတာ ပိုပြီးတော့ ကောင်းပါလိမ့်မယ်။ သူတို့က ကိုယ့်ကို သူတို့ရဲ့ ဆရာလို့ သတ်မှတ်ချင်မှ သတ်မှတ်မှာပါ။ သူတို့က ကိုယ့်ကိုဆရာအဖြစ် သတ်မှတ်မှသာ သူတို့ဟာ ကိုယ့်ရဲ့ တပည့်အစစ်ပါ။ ကျွန်တော်ကတော့ သင်ဆရာ၊ မြင်ဆရာ၊ ကိုယ့်ကို အလုပ်ပေးတဲ့ ဆရာတိုင်းကို ‘ဆရာ’ လို့ ရဲရဲဝံ့ဝ့ံ ခေါ်ရဲပါတယ်။
၂၅.၇. ၁၉၇၁ နေ့ကထုတ်ဝေခဲ့တဲ့ သတင်းစာတစ်စောင်မှာ ဆရာကြီး ရွှေဥဒေါင်းရဲ့ အောက်ပါစာကို ဖော်ပြခဲ့တယ်။
‘ယခင်ကမူ လူအများကို သိချင်သည်။ မိမိကိုလည်း လူများများက သိအောင်လုပ်ခဲ့မိဖူးသည်။ ယခုမူ ဂေါတမဗုဒ္ဓ၏ ၀ါဒအတိုင်း မိမိကိုယ်ကိုယ် မိမိသိအောင် ကြိုးစားလျက်ရှိပြီဖြစ်၍ လူတွေကိုလည်း မသိလို၊ မိမိအားလည်း လူများများက သိခြင်းကိုလည်း မလိုလား၊ မိမိကိုယ်မိမိ သဘာဝကျကျသိဖို့ကိုသာ အရေးကြီးပါတော့သတည်း။
ရွှေဥဒေါင်း
ဟုတ်ကဲ့... ကလိယုဂ်ဆုတ်ကပ်မှာ စိတ်ပျက်စရာတွေကတော့ အများအပြားပါပဲ၊ ဖြစ်ပျက်ကို မမြင်တွေ့ဘဲနဲ့ အနှစ်တစ်ရာ အသက်ရှင်ရတာဟာ အချည်းနှီးပဲတဲ့။ ဖြစ်ပျက်ကို တွေ့မြင်ရတဲ့ တစ်ရက်၊ တစ်မနက်ဟာ အဖိုးတန်သတဲ့။ ကျွန်တော်ကတော့ ဖြစ်ပျက်မမြင်ဘဲ နေလာခဲ့တာ နှစ်ကာလရှည်ခဲ့ပြီလို့ ကိုယ့်ကိုယ်ကိုယ် အောက်မေ့သုံးသပ်မိပါတော့တယ်။