PR စနစ်သည် ပါတီသစ် ပါတီငယ်များအတွက် အခွင့်အလမ်းပိုမိုရရှိသော်လည်း လက်ရှိကာလတွင် ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲမှုကို မဆောင်ရွက်သင့်သေးကြောင်း ပြည်သူ့ပါတီ၏ စာတမ်းတွင် အကြံပြုထား

PR စနစ်သည် ပါတီသစ် ပါတီငယ်များအတွက် အခွင့်အလမ်းပိုမိုရရှိသော်လည်း လက်ရှိကာလတွင် ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲမှုကို မဆောင်ရွက်သင့်သေးကြောင်း ပြည်သူ့ပါတီ၏ စာတမ်းတွင် အကြံပြုထား
Published 12 November 2021

အချိုးကျကိုယ်စားပြုစနစ် (PR) သည် ပါတီသစ် ပါတီငယ်များအတွက် အခွင့်အလမ်း ပိုမိုရရှိသော်လည်း လွှတ်တော်မခေါ်ယူနိုင်သည့်ကာလ၊ မဲဆန္ဒရှင်များ လက်ရှိနိုင်ငံရေးအခြေအနေအပေါ် ယုံကြည်မှု ကျဆင်းနေသည့်ကာလတွင် ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲမှုကို မဆောင်ရွက်သင့်သေးကြောင်း ပြည်သူ့ပါတီက အကြံပြုသည်။

ရွေးကောက်ပွဲစနစ်ဆိုင်ရာ သုံးသပ်အကြံပြုချက်ဟူ၍ စာမျက်နှာရှစ်မျက်နှာပါ အကြံပြုစာတမ်းကို ပြည်သူ့ပါတီက နိုဝင်ဘာ ၁၂ ရက်တွင်ထုတ်ပြန်ရာ၌ အထက်ပါအချက် ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

“ ပါတီနိုင်ငံရေး အကျိုးစီးပွားနဲ့ ပြောမယ်ဆိုရင် PR ဟာ ကျွန်တော်တို့လိုမျိုး ပါတီတွေအတွက် အခွင့်အလမ်းပိုလာမယ်။ သို့သော်လည်း PR နဲ့တစ်ဆက်တည်း စဉ်းစားရမယ့်ကိစ္စတွေက ရွေးကောက်ပွဲစနစ်ကို စဉ်းစားရင် ၇၅ ရာခိုင်နှုန်းကို ကွက်ပြီးစဉ်းစားလို့ မရဘူး။ ၁၀၀ ရာခိုင်နှုန်းအပေါ်မှာ စဉ်းစားတဲ့ စဉ်းစားချက်မျိုး ဖြစ်ဖို့လိုတယ်။ နောက်တစ်ခုကလည်း တစ်ပါတီတည်း အနိုင်မရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်လိုက်လို့ရှိရင် စစ်တပ်က ၂၅ ရာခိုင်နှုန်း အခိုင်အမာရှိထားပြီး ဖြစ်တဲ့အတွက်ကြောင့် အစိုးရဖြစ်ဖို့ကိုပါ စစ်တပ် ၂၅ ရာခိုင်နှုန်းရဲ့ ထောက်ခံမှုက ပိုပြီးတော့ အရေးပါလာတဲ့သဘောမျိုးဖြစ်တဲ့ အခါကျတော့ ကျွန်တော်တို့က စစ်တပ်ရဲ့အခန်းကဏ္ဍကို လျှော့ချရမယ့်အစား ပိုပြီးတော့ကြီးထွားလာမယ်။ ဒါကြောင့်မို့ ရွေးကောက်ပွဲစနစ် ပြင်ဆင်ဖို့၊ ပြောတော့မယ်၊ စဉ်းစားတော့မယ်ဆိုရင် ရွေးကောက်ပွဲစနစ်နဲ့ ဆက်စပ်နေတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ဖွဲ့စည်းမှု၊ သူ့ရဲ့ လုပ်ပိုင်ခွင့် ပြီးတော့ ပြုပြင်ပြောင်းလဲမှု လုပ်တိုင်းလုပ်တိုင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှု ရှိ၊ မရှိဆိုတာကို အဆုံးအဖြတ်ပေးနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးနဲ့ ပက်သက်တဲ့ကိစ္စ အစရှိသဖြင့်။ စစ်တပ်ရဲ့ နိုင်ငံရေးမှာပါဝင်မှု အခန်းကဏ္ဍ၊ နောက်တစ်ခါ ရွေးကောက်ပွဲစနစ် ပြောင်းလိုက်ရင် ကိုယ်စားပြုမှုအခြေအနေပါ ပြောင်းသွားနိုင်တာ ဖြစ်တဲ့အတွက်ကြောင့် တိုင်းရင်းသားတန်းတူညီမျှရေးနဲ့ ဖက်ဒရယ်တည်ဆောက်ရေး  ဒါတွေအကုန်လုံးကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားရမယ့် ဆွေးနွေးရမယ့်ကိစ္စမှာ အခုလိုမျိုး လွှတ်တော်လည်း မရှိ၊ ယာယီထိန်းသိမ်းပါတယ်ဆိုတဲ့ အိမ်စောင့်အစိုးရလို ကာလမျိုးမှာ မလုပ်သင့်ဘူးလို့ ကျွန်တော်တို့ကတော့ ထောက်ပြတယ်” ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက The Daily Eleven သတင်းစာကို ပြောကြားသည်။

ပြည်သူ့ပါတီသည် PR စနစ်နှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ဆွေးနွေးပွဲသို့ တက်ရောက်ခြင်းမရှိသော်လည်း လက်ရှိထုတ်ပြန်သည့် ရွေးကောက်ပွဲစနစ်ဆိုင်ရာ  အကြံပြုစာတမ်းကို ကော်မရှင်ထံ ပေးပို့ထားကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။

ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေးသည် နည်းပညာပြဿနာမဟုတ်ဘဲ နိုင်ငံရေး ပြဿနာဖြစ်ကာ လက်ရှိပြဿနာများကို ဖြေရှင်းနိုင်ခြင်းမရှိသေးဘဲ၊ မဲဆန္ဒရှင်များ၏ အမြင်သဘောထား၊ အနာဂတ် ရေရှည်အကျိုးဆက်များကို တွက်ဆခြင်းမရှိဘဲ ဆုံးဖြတ်ခြင်းသည် ပြဿနာများကို ပိုမိုရှုပ်ထွေးစေမည်ဟု ပြည်သူ့ပါတီ၏ အကြံပြုစာတမ်းတွင် ဖော်ပြထားသည်။

“ ဘာကြောင့်လဲဆိုတော့ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရဆိုရင် နှိုင်းယှဉ်ရင် နှစ်ခုပေါ့။ အဲဒီတော့ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရမှာ လွှတ်တော် မပျက်ဘူး။ လွှတ်တော်ရှိနေတယ်။ အိမ်စောင့်အစိုးရက ရွေးကောက်ပွဲ လုပ်တယ်ဆိုတဲ့အခါမှာလည်းပဲ ရွေးကောက်ပွဲစနစ်ကို ပြုပြင်ပြောင်းလဲတာတို့ အစရှိတာမျိုးတွေ မလုပ်ခဲ့ဘူး။ ဒါကြောင့် ဒီကာလဟာ နိုင်ငံရေး အင်မတန် အကဲဆတ်တဲ့ အချိန်မှာ လတ်တလော ပြဿနာတွေကိုတောင်မှ မဖြေရှင်းနိုင်သေးဘဲနဲ့ နောက်ထပ်ပြဿနာအသစ်တစ်ခု ထပ်ပြီးပေါ်ပေါက်မယ့် ကိစ္စမျိုးကိုတော့ သတိထားသင့်တယ်လို့ ကျွန်တော်တော့ မြင်ပါတယ်” ဟု ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။

PR စနစ် ပြောင်းလဲကျင့်သုံးမည့် လုပ်ငန်းစဉ်သည် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးညှိနှိုင်းတိုင်ပင်ပြီးမှ ဆုံးဖြတ်ရမည့် အရေးကြီး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလူနည်းစု ကိုယ်စားပြုသူများ၊ ပညာရှင်များနှင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင်ပါဝင်သော ပုဂ္ဂိုလ်များ ပါဝင်သည့်အစုအဖွဲ့များက အချိန်ယူ၍ ပကတိအခြေအနေကို လေ့လာသုုံးသပ်ပြီးမှ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ဖြစ်ကြောင်း ပြည်သူ့ပါတီ၏စာတမ်းတွင် အကြံပြုထားသည်။

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်က PR ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးနိုင်ရေးအတွက် နိုင်ငံရေးပါတီများကို ဖိတ်ကြား၍ ဆွေးနွေးပွဲ သုံးကြိမ် ပြုလုပ်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲများကို နိုင်ငံရေးပါတီ ၅၀ ကျော် တက်ရောက်ဆွေးနွေးကြကာ ပါတီ ၄၀ နီးပါး တက်ရောက်ခြင်းမရှိဟု သိရသည်။

Most Read

Most Recent