နိုင်ငံ၏ မျှော်မှန်းသက်တမ်းများ တိုးတက်စေလိုသည့်အတွက် ပြည်သူများ၏ စားသုံးမှုနှင့် နေထိုင်မှုပုံစံများ ပြောင်းလဲနိုင်ရေး ဆောင်ရွက်ကြရန် တိုက်တွန်းနေခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား

နိုင်ငံ၏ မျှော်မှန်းသက်တမ်းများ တိုးတက်စေလိုသည့်အတွက် ပြည်သူများ၏ စားသုံးမှုနှင့် နေထိုင်မှုပုံစံများ ပြောင်းလဲနိုင်ရေး ဆောင်ရွက်ကြရန် တိုက်တွန်းနေခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား
Published 10 November 2021

နိုင်ငံ၏ မျှော်မှန်းသက်တမ်းများ တိုးတက်စေလိုသည့်အတွက် ပြည်သူများ၏ စားသုံးမှုနှင့် နေထိုင်မှုပုံစံများ ပြောင်းလဲနိုင်ရေး ဆောင်ရွက်ကြရန် တိုက်တွန်းနေခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၉ ရက်က ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၇/၂၀၂၁)တွင် ၎င်းက  အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၁ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်တာဝန်ယူသည့် ကိုးလပြည့်မိန့်ခွန်းတွင် ဆန်စားသုံးမှုအား လျှော့ချပြီး စားသုံးမှုပုံစံပြောင်းလဲရန် တိုက်တွန်းပြောကြားခဲ့မှုနှင့် ပတ်သက်၍  ၎င်းက  ပြန်လည်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆန်ကို ဗိုက်ပြည့်သည်အထိ စားသုံးကြပြီး အဆိုပါဆန်တွင် ကာဗိုဟိုက်ဒရိတ် များပြားစွာ ပါဝင်သဖြင့် အဆီနှင့် အချိုဓာတ်များ ပါဝင်ကြောင်း၊ အလားတူ အခြားအချိုပါဝင်သည့် မုန့်များနှင့် ဟင်းလျာများတွင်လည်း ဆီကိုအလွန်အမင်း ထည့်သွင်းအသုံးပြုမှုများရှိသဖြင့် ကာဗိုဟိုက်ဒရိတ် စားသုံးမှု များပြားကြောင်း၊ အလားတူ အချိုနှင့်ဆီများ စားသုံးမှု၊ အရက်နှင့်ဆေးလိပ်များ သောက်သုံးမှုများကြောင့်လည်း ကျန်းမာရေးကို များစွာထိခိုက်နိုင်ကြောင်း၊ ထို့ကြောင့် ပြည်သူများ ကိုယ်လက်လှုပ်ရှား အားကစား ဆောင်ရွက်မှုနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် တိုက်တွန်းဆောင်ရွက်လျက်ရှိသကဲ့သို့ ရုပ် မြင်သံကြားများမှလည်း အဆက်မပြတ် ထုတ်လွှင့်ပညာပေးလျက်ရှိကြောင်း၊ ပြည်သူတိုင်း သက်တမ်းစေ့နေနိုင်ရေး အရေးကြီးသဖြင့် ကာဗိုဟိုက်ဒရိတ် လျှော့ချနိုင်ရေးအတွက် ဆန်စားသုံးမှု လျှော့ချရေးဆောင်ရွက်ပြီး အခြားလိုအပ်သည့် ပရိုတိန်းဓာတ်များ ရရှိစေရေးအတွက် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် ဥများအား စားသုံး၍ ဖြည့်ဆည်းပေးရန်လိုကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးမွေးမြူရေး လုပ်ငန်းများဆောင်ရွက်ရေး မိမိအနေဖြင့် တိုက်တွန်းဆောင်ရွက်လျက်ရှိကြောင်း၊ လူတစ်ဦးအနေဖြင့် တစ်ရက်လျှင် ကြက်ဥသုံးလုံးမှ ခြောက်လုံးအထိ စားသုံးရန်လိုအပ်ပြီး အသားငါးအား တစ်ရက်လျှင် ငါးကျပ်သားမှ ၁၀ သားအထိ နေ့စဉ်စားသုံးရန်နှင့် ဟင်းသီးဟင်းရွက်များအား ငါးကျပ်သားမှ ၁၂ ကျပ် သားအထိ စားသုံးရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည် ရေမြေသဘာဝ ကောင်းမွန်သည့် နိုင်ငံဖြစ်သည့်အတွက် သီးနှံများဖြစ်ထွန်းအောင် စိုက်ပျိုးရန်လိုအပ်ပြီး မြစ်ချောင်းများအတွင်း ငါးများပေါများအောင် ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ ပြည်သူများ အာဟာရပြည့်ဝစွာ စားသုံးနိုင်ပြီး ကျန်းမာရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ လူတိုင်းသက်တမ်းစေ့နေနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်၏ စွမ်းအားသည် ပြည်သူများပင်ဖြစ်သဖြင့် ပြည်သူများ အားလုံးကျန်းမာစွာဖြင့် နေထိုင် နိုင်ရန်လိုအပ်သဖြင့် ကျန်းမာရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းများ တိုးတက်စေရေး အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ စားသုံးမှုနှင့် နေထိုင်မှုပုံစံများ ပြောင်းလဲနိုင်ရေး ဆောင်ရွက်ကြရန်တိုက်တွန်းနေခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဆက်လက်ပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအပေါ်တွင် မူတည်၍ မျှော်မှန်းသက်တမ်းများအား မိမိတို့နိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ တွက်ချက်မှုအရ ၂၀၂၀ ခုနှစ်တွင် ၆၇ ဒသမ ၄၂ နှစ်ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊  ကုလသမဂ္ဂလူဦးရေဌာနမှ တွက်ချက်ရာတွင် ၆၇ ဒသမ ၇၈ နှစ်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် မျှော်မှန်းသက်တမ်းတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင့် ၁၅၁ တွင်ရှိကြောင်း၊ အိမ်နီးချင်းနိုင်ငံများတွင် မိမိတို့နိုင်ငံသည် နံပါတ် ၆ အဆင့်တွင်ရှိပြီး အာဆီယံနိုင်ငံများတွင် နံပါတ် ၁၀ ရှိကြောင်း၊ အဆိုပါ မျှော်မှန်းသက်တမ်းအား အခြေခံအချက်များဖြစ်သည့် ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်ဘဝအခြေအနေများ၊ ပညာသင်ကြားမှု အခြေအနေများ၊ လူမှုစီးပွားဘဝ အခြေအနေများ၊ လူနေမှုပုံစံများ၊ ကလေး သေဆုံးမှုနှုန်းများ အပေါ်တွင် အဓိကထား၍ တွက်ချက်ကြခြင်းဖြစ်ကြောင်း၊ ပြည်သူများ ကျန်းမာရေးနှင့် ပတ်သက်၍ ဆီစားသုံးမှု လျှော့ချရန်၊အရက်၊ ဆေးလိပ်သောက်သုံးမှုများ လျှော့ချရန် တိုက်တွန်းပြောကြားလျက်ရှိကြောင်း ၎င်းက ဆိုသည်။

Most Read

Most Recent