Squid Game Season 2 ရိုက်ကူးမည်ဟု ဒါရိုက်တာအတည်ပြု

Squid Game Season 2 ရိုက်ကူးမည်ဟု ဒါရိုက်တာအတည်ပြု
Published 10 November 2021

ကမ္ဘာတစ်ဝန်း ပရိသတ်အားပေးမှု တခဲနက်ရခဲ့သည့် တောင်ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ Squid Game ကိုဖန်တီးခဲ့သူ ဒါရိုက်တာ  Hwang Dong Hyuk က  Season 2 ရိုက်ကူးမည်ဖြစ်ကြောင်း အတည်ပြုလိုက်ပြီ ဖြစ်သည်။

နိုဝင်ဘာ ၈ ရက်ညပိုင်းက LA တွင် ပြုလုပ်ခဲ့သည့် AP သတင်းဌာနနှင့် အင်တာဗျူးတွင် Hwang က အတည်ပြုလိုက်ခြင်းဖြစ်ပြီး Season 2 ကိုပရိသတ်က တောင်းဆိုမျှော်လင့်လွန်းနေသည့်အတွက် သူ့မှာရွေးစ ရာမရှိလုနီးပါးခံစားရပြီး ဒုတိယအပိုင်းတွဲ သေချာပေါက်ထွက်လာပါမည်ဟု ကတိပေးခဲ့သည်။

“ခေါင်းထဲမှာအခုအဲဒါရှိနေပြီ။ စီလည်းစီစဉ်နေပါပြီ။ ဒါပေမဲ့ ဘယ်အချိန်ရိုက်ဖြစ်မလဲတော့ ပြောဖို့ စောပါသေးတယ်။ ပရိသတ်တွေကို ကတိပေးပါတယ်။ Kihoon (Lee Jung-jae ကို ဆိုလိုခြင်းဖြစ်) ကိုပြန်တွေ့ရ မှာပါ ” ဟု Hwang က ဆိုသည်။

Squid Game Season 2 ရိုက်ကူးမည့်အကြောင်း သတင်းများ ပြေးနေသော်လည်း ဒါရိုက်တာ၏ အတည်ပြုမှုက ယခုပထမဆုံးဖြစ်သည်။

ဆုငွေကိုရီးယားဝမ် ၄၅ ဒသမ ၆ ဘီလျံကို တပ်မက်စွာဖြင့် ရှုံးသည်နှင့် အသတ်ခံရမည်ကိုမသိဘဲ အလွန်ဆိုးရွားသည့် ဂိမ်းပွဲတစ်ခုကို ဝင်ပြိုင်ကြသူများအကြောင်း ရိုက်ကူးထားသည့် ရင်ခုန်စိတ်လှုပ်ရှားစရာ Squid Game ကို စက်တင်ဘာတွင် Netflix မှ စတင်ပြသခဲ့သည်။

ဇာတ်လမ်းထဲတွင် သွေးထွက်သံယိုကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် ပြကွက်များပါဝင်သည့်အတွက် အသက် ၁၅ နှစ်အောက် ကလေးများ မကြည့်သင့်သည့် ဇာတ်လမ်းဟုလည်း သတ်မှတ်ထားသည်။

Squid Game  သည် Netflix ၏ လူကြည့်ရှုမှုအများဆုံး ဇာတ်လမ်းတွဲအဖြစ် သတ်မှတ်ခံခဲ့ရပြီး ယခင် လူကြည့်အများဆုံးဖြစ်ခဲ့သည့် အမေရိကန်ဇာတ်လမ်းတွဲ  Bridgerton ကို ကျော်ကာ ထုတ်လွှင့်ပြီး ၂၈ ရက်အတွင်း ကြည့်ရှုသူ ၁၁၁ သန်း ရှိခဲ့သည်။ ပါဝင်သည့် အနုပညာရှင်များ၏ အောင်မြင်မှုကလည်း ကြောက်စရာကောင်းလှပြီး လူသိအများဆုံးဖြစ်ခဲ့သူက Jung Ho Yeon ဟု ဆိုနိုင်သည်။

Most Read

Most Recent