လူသေမှုဖြစ်စေခဲ့သည့် Astroworld ရှိုးပွဲဖြစ်စဉ်အတွက် ထရားဗစ်စကော့နှင့် ဒရိတ်ခ်တိ့ု တရားစွဲခံရ

လူသေမှုဖြစ်စေခဲ့သည့် Astroworld ရှိုးပွဲဖြစ်စဉ်အတွက် ထရားဗစ်စကော့နှင့် ဒရိတ်ခ်တိ့ု တရားစွဲခံရ
Photo: The Sun
Photo: The Sun
Published 9 November 2021

အမေရိကန်ရက်ပါအဆိုတော် ထရားဗစ်စကော့၏ ရှိုးပွဲအတွင်း လူနင်းခံရမှုကြောင့် သေကြေဒဏ်ရာရမှုများဖြစ်ခဲ့သည့် ဖြစ်စဉ်အတွက် ထရားဗစ်စကော့နှင့် ကနေဒါ ရက်ပ်အဆိုတော် ဒရိတ်ခ်တို့ တရားစွဲမှုနှင့် ရင်ဆိုင်နေရသည်။

နိုဝင်ဘာ ၅ ရက်ညပိုင်းက Astroworld ဂီတပွဲတော်အတွင်း စင်မြင့်ရှိရာသို့ပရိသတ်များ ကြိတ်ကြိတ်တိုးရင်း လူနင်းခံရရာ ရှစ်ဦးသေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရခဲ့သည်။ သေဆုံးသူများထဲ အသက် ၁၄ နှစ်နှင့် ၁၆ နှစ်အရွယ် လူငယ်နှစ်ဦးလည်း ပါခဲ့သည်။

တရားစွဲဆိုချက်တွင် စကော့နှင့် ဒရိတ်ခ်တို့က လူအုပ်ကြွလာအောင် လှုံ့ဆော်ခဲ့မှု၊ ဖျော်ဖြေပွဲစီစဉ်သူ Live Nation က လုံလောက်သည့် လုံခြုံရေးအစီအမံများ မပေးခဲ့မှုတို့ဖြင့် စွပ်စွဲထားသည်။ ထရားဗစ်စကော့  ဖျော်ဖြေချိန် စင်မြင့်ရှိရာသို့ လူအုပ်ကတိုးဝှေ့လာပြီး ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြခြင်း ဖြစ်သည်။

ဖြစ်စဉ်အသေးစိတ်ကို ဟျုစတင်ရဲတပ်ဖွဲ့က စစ်ဆေးဖော်ထုတ်နေပြီး ရှိုးပွဲအတွင်း ပရိသတ်အုပ်ထဲမှ တစ်ဦးက အခြားသူများကို ဆေးထိုးအပ်ဖြင့် လိုက်ထိုးခဲ့သည်ဆိုသည့် သတင်းများလည်း ရဲတပ်ဖွဲ့က စုံစမ်းနေသည်။ FBI ကလည်း လိုအပ်သည့်အကူအညီများ ပေးနေသည်ဟု ပြောသည်။

ဟျုစတင်အခြေစိုက်ရှေ့နေ Tony Buzbee အဆိုအရ ၎င်း၏ရှေ့နေကုမ္ပဏီက လူသေဆုံးသည်အထိ ဖြစ်စေခဲ့သည့် ရှိုးပွဲအတွင်းဆိုးရွားသည့် ပေါ့လျော့မှုများအတွက် တရားလို ၃၅ ဦးကိုယ်စား တရားစွဲ ပေးထားသည်။ “လူတွေက Live Nation Entertainment က ငှားထားတဲ့ လုံခြုံရေးဝန်ထမ်းတွေကို အကူအညီတောင်းကြပါသေးတယ်။ ဒါပေမဲ့ အဖက်လုပ်မခံရဘူး” ဟုလည်း တရားစွဲဆိုချက်တွင် ဖော်ပြထားသည်။

ဒဏ်ရာပြင်းပြင်းထန်ထန်ရသူအချို့က လျော်ကြေး အမေရိကန်ဒေါ်လာ တစ်သန်းစီ တောင်းထားမှုများလည်းရှိနေသည်။ ဖျော်ဖြေပွဲကြောင့် အမှုရင်ဆိုင်ရခြင်းမှာ ထရားဗစ်စကော့အတွက်  ယခုပထမဆုံးအကြိမ်မဟုတ်ပေ။ ၂၀၁၈ ခုနှစ်ကလည်း အမေရိကန်ပြည်ထောင်စု အာကင်ဆက််ပြည်နယ်တွင် ပြုလုပ်သည့် ရှိုးပွဲတွင်လူအုပ်ကို စင်ဘက်သို့ တိုးလာအောင်လှုံ့ဆော်ခဲ့မှုဖြင့် တရားစွဲခံရပြီး အနာတရဖြစ်ခဲ့သူနှစ်ဦးအား လျော်ကြေးပေးလိုက်ရသည်။

ထိုနေ့က ရှိုးပွဲတွင် စကော့၏ချစ်သူ ကိုင်လီဂျန်နာက (စကော့နှင့် ရထားသည့်) သုံးနှစ်သမီးလေး  စတော်မီဝက်ဘ်စတာ၊ အစ်မကန်ဒဲလ်ဂျန်နာတို့နှင့်အတူ ရှိနေခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်ပြီးဂျန်နာက သူမနှင့်ထရားဗစ်တို့နှစ်ဦးစလုံး စိတ်ထိခိုက်ရကြောင်း၊ ရှိုးပွဲပြီးသွားပြီး သတင်းထွက်လာတော့မှ လူသေမှုဖြစ်ခဲ့သည်ကို သိခဲ့ရကြောင်း အင်စတာဂရမ်တွင် ရေးသားခဲ့သည်။

ထရားဗစ်စကော့သည် သေဆုံးသွားသူ ရှစ်ဦးအတွက် နာရေးကုန်ကျစရိတ်များကို ကျခံပေးမည်ဖြစ်ပြီး BetterHelp ကုမ္ပဏီနှင့် ပူးပေါင်းကာ စိတ်ထိခိုက်ခဲ့ရသူ မိသားစုများအားလုံးကို အခမဲ့စိတ်ကျန်းမာရေး ဝန်ဆောင်မှုများ ပေးမည်ဖြစ်သည်။ 

သီးခြားအနေဖြင့် Astroworld ရှိုးပွဲ စီစဉ်သူများကလည်း လက်မှတ်ဝယ်ထားသူများအားလုံး (နိုဝင်ဘာ ၅ ရက်ပွဲကို တက်လိုက်ရသူရော၊ ဖျက်သိမ်းလိုက်သည့် နိုဝင်ဘာ ၆ ရက် ပွဲလက်မှတ်ဝယ်ထားသူများကိုပါ) ကို ငွေအပြည့်ပြန်အမ်းပေးမည်ဖြစ်သည်။ 

Most Read

Most Recent