ဆန်ရှင်သစ်၊ ကျိန်စာသင့်စာမျက်နှာနှင့် ခြင်

ဆန်ရှင်သစ်၊ ကျိန်စာသင့်စာမျက်နှာနှင့် ခြင်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုပ်ငန်းခွင်ကို ၂၀၁၅-၂၀၁၆ ခုနှစ်ဝန်းကျင်က တွေ့ရစဉ်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုပ်ငန်းခွင်ကို ၂၀၁၅-၂၀၁၆ ခုနှစ်ဝန်းကျင်က တွေ့ရစဉ်
Published 31 October 2021
သန်းစိုး (ဘောဂဗေဒ)

ဤဆောင်းပါးသုံးသပ်ချက်တွင် ခေါင်းစဉ်ပါ အပိုင်းလေးပိုင်းစလုံးအား ဆက်စပ်ထားခြင်းဖြစ်ပြီး စာဖတ်သူများ သဘောပေါက်နားလည်အောင် ကြိုးစားထားကြောင်း ကြိုတင်မေတ္တာရပ်ခံပါတယ်။

(အပိုင်း ၁)

တရုတ်နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း တရုတ်နိုင်ငံတစ်ဝန်း အအေးလှိုင်းဟာ ရေခဲအောက်အမှတ်အထိ ကျရောက်သွားခဲ့လို့ ကျောက်မီးသွေး စက်ရုံတွေ၊ ဓာတ်ငွေ့သုံးစက်ရုံတွေ အပြည့်အဝ မလည်ပတ်နိုင်ဖြစ်ပြီး ပြည်နယ် ၁၂ ခုထက်မနည်း လျှပ်စစ်မီးလောင်စာ ပြတ်တောက်မှု၊ စွမ်းအင်အကျပ်အတည်းနဲ့ ရင်ဆိုင်လိုက် ရပါတယ်။ လျှပ်စစ်ပြတ်တောက်မှုကြောင့် ဘီလျံပေါင်းများစွာဆုံးရှုံးခဲ့ပြီး ပို့ကုန်အားပြုထားတဲ့ စက်ရုံတွေရဲ့ ထုတ်လုပ်မှုရပ်ဆိုင်းကုန်ပြီး နိုင်ငံတကာစျေးကွက်ရဲ့ Supply Chain ဖြစ်စဉ်တစ်ခုလုံး ကစဉ့်ကလျား ဖြစ်သွားခဲ့ရပါတယ်။

အမှန်တော့ တရုတ်နိုင်ငံတစ်ခုလုံးရဲ့ လျှပ်စစ်ပမာဏ ရာခိုင်နှုန်း ၇၀ နီးပါး စက်မှုလုပ်ငန်းတွေက သုံးစွဲနေကြတာပါ။ လျှပ်စစ်မီး ပြတ်တောက်သွားမှုဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ စက်မှုလုပ်ငန်း ၄၄ ရာခိုင်နှုန်းနီးပါး ဒဏ်ခံလိုက်ရတယ်လို့ Goldman Sachs က တင်ပြသွားပါတယ်။ အလူမီနီယံထုတ်လုပ်မှု ခုနစ်ရာခိုင်နှုန်း၊ ဓာတ်မြေသြဇာထုတ်လုပ်မှု ၂၉ ရာခိုင်နှုန်း၊ ဓာတုဗေဒထုတ်ကုန်၊ ပရိဘောဂပစ္စည်းများ၊ စက္ကူထုတ်လုပ်မှု၊ မှန်နှင့် အီလစ်ထရွန်နစ် ကုန်စည်တွေအားလုံး ထုတ်လုပ်မှု ကျဆင်းသွားပြီး ကုန်စျေးနှုန်းတွေ ရုတ်တရက်ထိုးတက်သွားခဲ့တယ်လို့ မော်ဂန်စတန်လေ ဆန်းစစ်တဲ့အဖွဲ့က သုံးသပ်ပြသွားပါတယ်။ ကမ္ဘာ့ကုန်စည်ဖြန့်ဖြူးမှုစျေးကွက်ရဲ့ ၅၀ ရာခိုင်နှုန်းနီးပါး ဖြည့်ဆည်းပေးနေမှု၊ နိုင်ငံတစ်ဝန်း မြို့ကြီးထွားလာမှု၊ စက်မှုဇုန်၊ စက်ရုံအလုပ်ရုံတွေ ပေါများလာမှုနှင့်အတူ စွမ်းအင်လိုအပ်ချက်ဟာလည်း တစ်နှစ်ပြီးတစ်နှစ် တိုးလာခဲ့တာ ငြင်းလို့မရပါဘူး။ ပြည်တွင်း ကျောက်မီးသွေး၊ ဓာတ်ငွေ့စွမ်းအင်နဲ့ မလုံလောက်သလို ပြည်ပကလောင်စာတင်သွင်းမှုဟာလည်း နိုင်ငံတကာရေနံဝယ်လိုအား မြင့်တက်နေမှုကြောင့် တရုတ်စက်မှုဖွံ့ဖြိုးမှုကို အကျပ်အတည်းတွေ့စေပါတယ်။

လျှပ်စစ်မီးသုံးစွဲမှုပမာဏဟာ ၂၀၀၉ ခုနှစ်မှာ ၃၇၀၃ ဒသမ ၂၁၅ မဂ္ဂါဝပ်ကနေ နောက် ၁၀ နှစ်အကြာ ၂၀၁၉ ခုနှစ်မှာ ၇၂၄၈ ဒသမ ၆၀၀ မဂ္ဂါဝပ်အထိ မြင့်တက်လာပြီး ၂၀၂၁ စာရင်းအရ မဂ္ဂါဝပ် ၇၅၁၁ မဂ္ဂါဝပ်အထိ ရောက်ရှိနေပါပြီ။ လောင်စာအလွန်အမင်း လိုအပ်ချက်ကြောင့် တရုတ်ပြည်ထဲတင်သွင်းတဲ့ ရေနံပမာဏဟာ ၂၀၀၉ ခုနှစ်မှာ ၄၀၈၄ ဒသမ ၂၁၉ တန်သာရှိခဲ့ရာကနေ ၂၀၁၉ ခုနှစ် ၁၀၁၈၀ ဒသမ ၄၆၇ တန်အထိ အဆပေါင်းများစွာ ကြောက်ခမန်းလိလိ ဖြစ်လာတာကို သတိထားမိနိုင်ပါတယ်။ ၂၀၂၀ နှစ်လွန် ကိုဗစ်ကာလအတွင်းမှာတောင် လောင်စာတင်သွင်းမှု ၁၀၈၅၂ ဒသမ ၆၁၅ တန်အထိ မြင့်တက်လာတာဟာ တရုတ်စက်မှုကဏ္ဍ တိုးတက်မှုအတွက် မီးမောင်းထိုးပြနေသလို ဖြစ်နေပါတယ်။

၂၀၂၀ ခုနှစ်က တရုတ်နိုင်ငံ ဂျီဒီပီတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၄၇ ဒသမ ၂၃ ထရီလျံရှိခဲ့ပါတယ်။ ကမ္ဘာ့စီးပွားရေးရဲ့ ဂျီဒီပီတန်ဖိုးအားလုံးပေါင်းရဲ့ ၁၃ ဒသမ ၀၄ ရာခိုင်နှုန်း ဝေစုဖြစ်နေတယ်လို့ ကမ္ဘာ့ဘဏ်က မှတ်တမ်းတင်ထားပါတယ်။ ကမ္ဘာကြီးကို တင်ပို့နေတဲ့ ပို့ကုန်တန်ဖိုးဟာ ၂၀၂၀ ခုနှစ်က အမေရိကန်ဒေါ်လာ ၂၉၄၃ ဒသမ ၂ ဘီလျံ ရှိပါတယ်။ ကိုဗစ်ကာလ စီပွားရေးအခြေအနေ၊ ရေနံစျေး မငြိမ်မသက်မှုဖြစ်နေတဲ့ ကာလအတွင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းရရှိတဲ့ ပို့ကုန်စာရင်းအရ အမေရိကန် ဒေါ်လာ ၃၀၅၇ ဘီလျံအတွင်း ရောက်ရှိနေပါပြီ။ ပို့ကုန်အချိုးဟာ တစ်နှစ်ကို ၂၈ ဒသမ ၁ ရာခိုင်နှုန်းနီးပါး တက်နေတာ တွေ့ရပါတယ်။

ဒီကိန်းဂဏန်းတွေ ဘာကြောင့်ပြောရသလဲဆိုရင် စီးပွားရေးကြီးထွားလာမှု၊ ပို့ကုန်မြင့်တက်လာမှု၊ စက်မှုကဏ္ဍ တိုးတက်လာမှုဟာ တရုတ်နိုင်ငံအတွက် လောင်စာအလွန်အမင်း လိုအပ်နေပါတယ်ဆိုတဲ့ အချိုးနဲ့ တိုက်ရိုက်ဆက်စပ်နေလို့ တင်ပြရခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလက လျှပ်စစ်မီးပြတ်တောက်မှု၊ လောင်စာလိုအပ်ချက် ရှော့ရသွားမှုကြောင့် စက်ရုံတွေ ဘယ်လောက်ထိခိုက်သွားသလဲဆိုတာ ကြိုတွက်ချက်မိတဲ့ တရုတ်ခေါင်းဆောင်တွေ တရုတ်စွမ်းအင်ဖြည့်ဆည်းဖို့ အသည်းအသန် မဟာဗျူဟာချ ဆောင်ရွက်နေလောက်ပြီဆိုတာ ကြိုနိဒါန်းပျိုးနေရခြင်းဖြစ်ပါတယ်။

(အပိုင်း ၂)

မြန်မာ့အရင်းအမြစ်

၂၀၁၈ MEITI အစီရင်ခံစာအရ ကမ်းလွန်စီမံကိန်းလေးခုရှိပြီး ပတ္တမြားသဘာဝဓာတ်ငွေ့စီမံကိန်းကို TOTAL SA ကုမ္ပဏီက ရှယ်ယာတန်ဖိုး ၃၁ ဒသမ ၂ ရာခိုင်နှုန်းနဲ့ ဦးဆောင်လည်ပတ်ဆောင်ရွက်ပါတယ်။ အမေရိကန်အခြေစိုက် Chevon-Unocal ကတော့ ရှယ်ယာတန်ဖိုး ၂၈ ဒသမ ၃ ရာခိုင်နှုန်း၊ ထိုင်း PTTEP က ၂၅ ဒသမ ၅ ရာခိုင်နှုန်း၊ MOGE က ၁၅ ရာခိုင်နှုန်း အကျိုးအမြတ်ရရှိမှုနဲ့ ဆောင်ရွက်နေပါတယ်။ ရတနာစီမံကိန်းကတော့ TOTAL က ၃၁ ဒသမ ၂ ရာခိုင်နှုန်း၊ MOGE က ၁၅ ရာခိုင်နှုန်းဖြစ်ပါတယ်။ ရဲတံခွန်စီမံကိန်းကတော့ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရင်းနှီးမြှုပ်နှံထားပြီး Patronas က ၄၁ ဒသမ ၉၁ ရာခိုင်နှုန်း၊ MOGE က ၂၀ ဒသမ ၄၅ ရာခိုင်နှုန်း၊ PTTEP ၁၉ ဒသမ ၃၂၊ ရာခိုင်နှုန်း၊ Nippon Oil Exploration Myanmar ၁၉ ဒသမ ၃၂ ရာခိုင်နှုန်းတို့ဖြစ်ပါတယ်။ ဇောတိကစီမံကိန်းကတော့ အမေရိကန်ဒေါ်လာ နှစ်ဘီလျံတန်ဖိုးနဲ့ လည်ပတ်နေပြီး PTTEP က ရာခိုင်နှုန်း ၈၀ နဲ့ စီမံကိန်းကို ဦးဆောင်လည်ပတ်ပြီး MOGE က ၂၀ ရာခိုင်နှုန်း ခံစားခွင့်ရှိပါတယ်။ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကတော့ ကိုရီးယား POSCO က ဦးဆောင်နေပါတယ်။ ရွှေသဘာဝဓာတ်ငွေ့က ထွက်ရှိတဲ့ ဓာတ်ငွေ့ကို China National United Oil Corporation ကို နှစ် ၃၀ ခန့်အထိ ရောင်းချပြီး မြန်မာပြည်အတွင်း ပြန်လည်ရောင်းချရန်ဖြစ်တယ်လို့ ဆိုထားပါတယ်။ နိုင်ငံတော်ကနေ ထုတ်လုပ်မှု ခွဲဝေခွဲတမ်း၊ အခွန်အမျိုးမျိုး၊ ငှားရမ်းခအမျိုးမျိုး၊ CSR စရိတ်အမျိုးမျိုးနဲ့ နိုင်ငံတော်ဝင်ငွေများစွာ ရရှိနေပါတယ်။ (အသေးစိတ်အချက်အလက်တွေကိုတော့ EITI အစီရင်ခံစာမှာ လေ့လာနိုင်ပါတယ်။)

အီးအိုင်တီအိုင် မြန်မာအစီရင်ခံစာ၊ ၂၀၁၃-၁၄ ခုနှစ် စာရင်းအရ ရေနံစိမ်းပီပါပေါင်း ခြောက်သန်းနီးပါး ထုတ်လုပ်ခဲ့ပြီး သဘာဓာတ်ငွေ့ ၄၆၂ ဒသမ ၁၇၄ MMscf ထုတ်လုပ်နိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။ MOGE ရဲ့ ဒေတာအရ ရေနံစိမ်းကနေ အမေရိကန် ဒေါ်လာသန်းပေါင်း ၅၁၅ သန်း၊ သဘာဝဓာတ်ငွေ့ကနေ အမေရိကန်ဒေါ်လာသန်းပေါင်း ၄၀၈၀ ရရှိခဲ့တယ်လို့ ဆိုထားပါတယ်။ အဲဒီအထဲကနေ ပြည်ပကို ရေနံစိမ်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၈၂ သန်းခန့်တင်ပို့နိုင်ခဲ့ပြီး သဘာဝဓာတ်ငွေ့တန်ဖိုး ၃၆၄၀ သန်းခန့် တင်ပို့နိုင်ခဲ့တာဖြစ်တယ်လို့ MOGE က ထပ်မံဖြည့်စွက်ထားတာကို တွေ့ရပါတယ်။

အဲဒီအစီရင်ခံစာရဲ့ စာမျက်နှာ ၅၁ အရ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍတစ်ခုထဲကနေ ရတဲ့ငွေပမာဏဟာ အစိုးရ ရငွေတစ်ခုလုံးရဲ့ ၁၉ ဒသမ ၉ ရာခိုင်နှုန်း၊ ပမာဏအားဖြင့် ကျပ်ဘီလျံ ၁၆၃၄ ခန့်ရှိပါတယ်။ ပြည်ပပို့ကုန်တန်ဖိုးဘက်ကကြည့်ရင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပို့ကုန်တန်ဖိုးဟာ ကျပ်ဘီလျံ ၄၁၄၁ နဲ့ ပို့ကုန်တစ်ခုလုံးရဲ့ ၃၈ ရာခိုင်နှုန်း ပမာဏနဲ့ ဦးဆောင်နေပါတယ်။ သဘာဝအရင်းအမြစ် သယံဇာတရငွေ၊ ဂျီဒီပီအချိုးနဲ့ပတ်သက်ပြီး အေဒီဘီရဲ့ ခန့်မှန်းချက်အရ ၂၀၁၁-၁၂ ခုနှစ်မှာ ဂျီဒီပီရဲ့ လေးရာခိုင်နှုန်းခန့်သာရှိပြီး အီးအိုင်တီအိုင်ဝင်လိုက်ပြီးတဲ့နောက် ဂျီဒီပီရဲ့ ၁၇ ဒသမ ၈ ရာခိုင်နှုန်း တက်လာတာ ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း ဒေသတွင်း ပျမ်းမျှရာခိုင်နှုန်း ၂၂ ထက် နည်းနေတာကိုတော့ ထောက်ပြထားပါတယ်။ ဗဟိုစာရင်းအင်းအဖွဲ့ရဲ့ ၂၀၁၄-၁၅ ထုတ်ပြန်ချက်အရ သယံဇာတကဏ္ဍကနေ ထုတ်လုပ်မှုတန်ဖိုးဟာ ဂျီဒီပီရဲ့ ခုနစ်ရာခိုင်နှုန်းအထိရှိလာပြီး ပမာဏအားဖြင့် ကျပ်ဘီလျံ  ၄၇၉၈ နီးပါးရှိပါတယ်။ အစိုးရဝင်ငွေရဲ့ ၂၀ ဒသမ ၆ ရာခိုင်နှုန်း ကိုယ်စားပြုလို့ တက်လာတယ်လို့ သတ်မှတ်ရမှာပါ။ အမေရိကန်ဒေါ်လာနဲ့ပြောရင် ၆ ဒသမ ၇ ဘီလျံရှိတယ်လို့ သိရပါတယ်။ Knoema ဝက်ဘ်ဆိုက်အရ မြန်မာရဲ့ရေနံစိမ်း အရန်ပမာဏဟာ ၂၀၁၆ ခန့်မှန်းတွက်ချက်မှုအရ စုစုပေါင်း အရန်ရေနံစိမ်းပီပါပေါင်း သန်း ၅၀ အထိရှိနေပြီး ကမ္ဘာ့ရေနံထုတ်လုပ်နိုင်စွမ်းရဲ့ ၇၆ အဆင့်နေရာမှာရှိတယ်လို့ ခန့်မှန်းထားပါတယ်။ (မှားရင်ပြင်နိုင်ပါတယ်)။ သဘာဝဓာတ်ငွေ့ ထရီလျံကုဗပေ သန်းပေါင်းများစွာ ကျန်နေပါသေးတယ်။

နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိတာ၊ အချက်အလက်ကိန်းဂဏန်းဖော်ပြမှု အားနည်းတာ၊ စီးပွားရေး ဆန်ဆန်လုပ်ရမယ့်အပိုင်းတွေကတော့ တက်လာတဲ့အစိုးရတိုင်း၊ ပြုပြင်ပြောင်းလဲမှုလုပ်ရမယ့် ပေါ်လစီကိစ္စသာ ဖြစ်ပါတယ်။ ၂၀၁၅ အစီရင်ခံစာ၊ ၂၀၁၈ အစီရင်ခံစာတွေအရ အဲဒီစီမံကိန်းတွေနဲ့ပတ်သက်ပြီး ရေနံနဲ့သဘာဓာတ်ငွေ့ တစ်နှစ်ထွက်ရှိမှုပမာဏ ဘယ်လောက်ရှိတယ်။ ပြည်တွင်းပမာဏ ဘယ်လောက်သုံးစွဲနေတယ်။ စုစုပေါင်း ဝင်ငွေ၊ ထွက်ငွေစတဲ့ Agg-regate ကိန်းဂဏန်းကိုတော့ တွေ့ရှိဖို့ခက်ပါတယ်။ ဒါပေမဲ့လည်း သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုရဲ့ရာခိုင်နှုန်း ၄၀ နီးပါး စျေးနှုန်းချိုချိုနဲ့ ပြည်တွင်းမှာ ပြန်လည်သုံးစွဲတယ်လို့တော့ အဲဒီအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ သူတွေဆီက ကြားသိရပါတယ်။

(အပိုင်း ၃)

အကျပ်အတည်း

မြန်မာနိုင်ငံဟာ နှစ်စဉ်ဘတ်ဂျက်ရဲ့ ၂၆ ရာခိုင်နှုန်းနဲ့ ၃၆ ရာခိုင်နှုန်းအကြားမှာ ကျန်းမာရေးအသုံးစရိတ်၊ ပညာရေးအသုံးစရိတ်၊ လူမှုရေးဖူလုံရေးအသုံးစရိတ်တွေမှာ ကျခံသုံးစွဲနေတာဖြစ်ပါတယ်။ တစ်ဦးချင်းဝင်ငွေ ဒေါ်လာ ၁၂၀၀ သာသာရှိတဲ့နိုင်ငံမှာ ဒီလူမှုရေးကဏ္ဍ အသုံးစရိတ်တွေကို နိုင်ငံတော်ဝင်ငွေက ကျားကန်ဖြည့်ဆည်းပေးရတာ ဖြစ်ပါတယ်။ နိုင်ငံတော်အခွန်ဟာ အသုံးစရိတ်ရဲ့ ရာခိုင်နှုန်း ၃၀ မရှိပါဘူး။ အစိုးရ ရငွေဟာ ရာခိုင်နှုန်း ၃၀ ပတ်ဝန်းကျင်သာ ရှိပါတယ်။ ကျန်တာချေးငွေတွေနဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။

တကယ်လို့ အမေရိကန်အနေနဲ့ သဘာဝအရင်းအမြစ် သယံဇာတနဲ့ဆက်စပ်နေတဲ့ ဆန်ရှင်မျိုးချခဲ့မယ်ဆိုရင် (၁) အဆိုပါ ကုမ္ပဏီတွေ ထွက်ခွာသွားရမှာပါ။ (၂)အစိုးရရဲ့ ဝင်ငွေကျဆင်းသွားတာနဲ့ တစ်ပြိုင်နက်တည်း ဘတ်ဂျက်လိုငွေ အကြီးအကျယ် ဖြစ်ပေါ်ပါလိမ့်မယ်။ (၃)ဘတ်ဂျက်လိုငွေ အကြီးအကျယ် ဖြစ်ပေါ်လာရင် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ အခြေခံအဆောက်အအုံကဏ္ဍမှာ သုံးစွဲဖို့ငွေ မဖြစ်မနေ ဖြတ်တောက် လျှော့ချရပါတော့မယ်။ (၄)အစိုးရဝင်ငွေ ထိခိုက်လို့၊  ဘတ်ဂျက်လိုငွေများလာရင် ငွေစက္ကူ မဖြစ်မနေ ရိုက်နှိပ်ရပါတော့မယ်။ (၅) ငွေစက္ကူရိုက်နှိပ်ရလို့ အင်ဖလေးရှင်းက စောင့်နေပါလိမ့်မယ်။ (၆) အစိုးရက လူမှုရေး အသုံးစရိတ်ကျခံမှု မပေးနိုင်တော့ဘူးဆိုရင် နိုင်ငံသားတွေစားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးအတွက် ကိုယ့်ပိုက်ဆံနဲ့ကိုယ်သုံးရတော့မှာ ဖြစ်တဲ့အတွက် ဝင်ငွေခွဲဝေသုံးစွဲမှု ကျပ်တည်းလာပါလိမ့်မယ်။ (ဝင်ငွေကနည်း၊ သုံးရတဲ့အရာကများ၊ အင်ဖလေးရှင်းကဖြစ်ဆိုရင် ပြည်သူတွေးသာကြည့်ပါ။) (၆) ရေနံ၊ သဘာဝဓာတ်ငွေ့ ပြည်တွင်းသုံးစွဲမှု ခွဲတမ်းမရရှိတော့လို့ ဒီကဏ္ဍက စျေးနှုန်းကြီးမြင့်မှုနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ (၇) စွမ်းအင်ကြောင့် လျှပ်စစ်ကဏ္ဍ ဖူလုံမှုမရှိတော့ဘူးဆိုရင် ထုတ်လုပ်မှုစရိတ်တွေ ကြီးမြင့်လာမယ်။ စက်ရုံအလုပ်ရုံတွေ၊ စက်မှုလုပ်ငန်းတွေ ရပ်ဆိုင်းရပါလိမ့်မယ်။ (၈) အလုပ်လက်မဲ့တွေကများ ထုတ်လုပ်မှုတွေ ကျဆင်း၊ လူမှုရေးပြဿနာတွေ တန်းပြီးပေါ်လာပါလိမ့်မယ်။ (၉) လျှပ်စစ်မီတာခတွေ တိုးမြှင့်ကောက်ခံလာပါလိမ့်မယ် (လျှပ်စစ်မီး အပြည့်အဝ မသုံးစွဲနိုင်ရတဲ့ကြားထဲ လျှပ်စစ်ကုန်ကျစရိတ်က ထပ်ဆောင်းဒုက္ခပေးလာပါလိမ့်မယ်။ (၁၀) ပြည်တွင်းစားသုံးမှုအတွက် ထုတ်လုပ်မှုမရှိလို့ ပြည်ပသွင်းကုန်တွေ ဒီထက်ပမာဏ များလာပါလိမ့်မယ်။ ဒီနိုင်ငံကရတဲ့ နိုင်ငံခြားငွေမှန်သမျှ ပြန်ထွက်သွားပါလိမ့်မယ်။ (၁၁) နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနဲ့ ပတ်သက်ပြီး ယုံကြည်မှု ပျောက်ဆုံးသွားပါ လိမ့်မယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ယုံကြည်မှုပျောက်ဆုံးခြင်းဟာ ဘယ်အစိုးရတက်တက် ဖြေရှင်းရခက်တဲ့ ပြဿနာတစ်ခုဖြစ်သလို ပြန်လည်တည်ဆောက်ရတာလည်း အချိန်အရမ်းကြာပါတယ်။

ဒီဖြစ်စဉ်တွေ နက်နက်နဲနဲတွေး၊ ဘက်ပေါင်းစုံကတွေးပြီး အဖြေရှာရင် နောက်ဆုံးမှာ ကျောမွဲနိုင်ငံသား တွေကသာ ရင်စည်းခံကြရမှာဖြစ်သလို နိုင်ငံသားတွေအပေါ်သာ တိုက်ရိုက်သက်ရောက်မှု ဖြစ်စေမှာပါ။ အခုလည်း ကိုဗစ်နှိပ်စက်ထားလို့ စီးပွားရေးနာလန်ထူနိုင်စရာ အခွင့်အလမ်းနည်းပါးနေပါတယ်။ ချမ်းသာတဲ့အီလစ်မျိုးစုံ၊ နိုင်ငံခြားဘဏ်မှာ အကောင့်မျိုးစုံ ဖွင့်ထားတဲ့သူတွေဟာ သာသာယာယာနဲ့ ပြည်ပထွက်သွားကြမှာပါ။ အုပ်စိုးသူအားလုံးဟာ နိုင်ငံအပေါ်မှာ စေတနာထားရှိတာ နည်းပါးလွန်းပါတယ်။

သဘာဝသယံဇာတအရင်းအမြစ် ဝင်ငွေတွေနဲ့ပတ်သက်ပြီး အဂတိတရားတွေ (ရှိခြင်း/မရှိခြင်း)၊ အကျင့်ပျက်ခြစားမှုတွေ (ရှိခြင်း/မရှိခြင်း)၊ အလေအလွင့်အဟောသိကံနဲ့ ယိုပေါက်တွေ (ရှိခြင်း/မရှိခြင်း) ဟာ တက်လာတဲ့ အစိုးရရဲ့ ပြုပြင်ပြောင်းလဲလိုမှု (ရှိခြင်း/မရှိခြင်း) ဆိုတဲ့ ပေါ်လစီအပိုင်းဖြစ်သလို ခေါင်းဆောင်ရဲ့ ပြုပြင်ပြောင်းလဲလိုမှု နိုင်ငံရေး စိတ်ဆန္ဒနဲ့ သက်ဆိုင်ပါတယ်။

(အပိုင်း ၄)

တရုတ်ကြီးရဲ့ အခန်းကဏ္ဍ

တရုတ်နိုင်ငံရဲ့ လောင်စာလိုအပ်ချက်ကို ပထမခေါင်းစဉ်၊ ရေနံနှင့် သဘာဝသယံဇာတ အရင်းအမြစ်နှင့် နိုင်ငံတော်ဘတ်ဂျက် ခွဲဝေချထားမှု၊ သွယ်ဝိုက်သက်ရောက် အကျပ်အတည်းကိုဦးတည်စေမှုအပိုင်းနဲ့ အခုစတုတ္ထပိုင်းအား ဆက်စပ်သွားပါ့မယ်။

၂၀၁၁ နောက်ပိုင်း အမေရိကန် ကော်ပိုရေးရှင်းကြီးတချို့ဟာ မြန်မာနိုင်ငံမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံဖို့ စတင်ခဲ့ပါတယ်။ ဥပမာ Che-von ရေနံကုမ္ပဏီ၊ GE လုပ်ငန်းစုတို့ ဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေ မြန်မာအစိုးရကို ဘိုရင်းလေယာဉ် ၁၀ စင်း ငှားရမ်းမှုမှာ အာမခံပေးထားမှု၊ လျှပ်စစ်လုပ်ငန်းတွေအတွက် တာဘိုင်ကန်  ထရိုက်တွေ လုပ်ထားတာ ရှိပါတယ်။ ၂၀၁၄ ခုနှစ်မှာ GE ရဲ့ Jenbacher ဓာတ်ငွေ့အင်ဂျင် ဖြန့်ဖြူးရေးအစီအစဉ်နဲ့ ရန်ကုန်တိုင်း သာကေတမြို့နယ်မှာ Max Power (Thaketa) Co. စီမံကိန်းကနေ ၅၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံတည်ဆောက်ပြီး စက်မှုလုပ်ငန်းတွေ၊ အိမ်ထောင်စုတွေကို ဖြန့်ဖြူးမှုစတဲ့ အမေရိကန် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ ရှိပါတယ်။ အမေရိကန်ကုမ္ပဏီများဟာ နိုင်ငံတကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများရဲ့ Images ဖြစ်သလို တံခါးပေါက်လည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲ ရင်းနှီးမြှုပ်နှံထားတဲ့ ရေနံနှင့်သဘာဓာတ်ငွေ့ ကော်ပိုရေးရှင်းကြီးတွေ ထွက်သွားရင် ကျန်ခဲ့မယ့် Equipment တွေ၊ အရင်းအမြစ်တွေ၊ လုပ်ငန်းတွေ၊ အစုရှယ်ယာတွေ၊ ဘွန်း၊ အာမခံစာချုပ်တွေ၊ လုပ်ပိုင်ခွင့်တွေ၊ စာချုပ်စာတမ်းတွေ၊ အရင်းအနှီးတွေအားလုံးကို တရုတ်က ဝယ်သွားပါလိ့မ်မယ်။ စွမ်းအင်လိုအပ်ချက် အလွန်အမင်းဖြစ်နေတဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက ကော်ပိုရေးရှင်းတွေ ဝယ်လိုက်ခြင်းအားဖြင့် သယ်ယူပို့ဆောင် စရိတ်သက်သာခြင်း၊ အောက်စျေးနဲ့ရမယ့် ပေါချောင်ကောင်းစျေးနှုန်း ဖြစ်ခြင်း၊ Logistic Infrastructure အရန်သင့်ရှိလို့ တရုတ်ဘက်ကို တိုက်ရိုက်တင်သွင်းနိုင်ခြင်းစတဲ့ အခွင့်အရေးတွေ ရသွားနိုင်ပါတယ်။ စွမ်းအင်လိုအပ်ချက်မရှိလို့ ပြုတ်ပြုတ်ပြုန်းသွားတဲ့ စက်မှုကဏ္ဍထုတ်ကုန် လိုအပ်ချက်တွေဖြစ်လာရင် ဒီနိုင်ငံထဲတရုတ်ကုန်စည်တွေ ပိုပြီးတိုးမြင့်တင်သွင်းလာနိုင်တယ်။ အဲဒီကရတဲ့ ငွေနဲ့ ရင်းနှီးလိုက်ရတဲ့ငွေ ၁၀ နှစ်အတွင်း အရင်းကျေသွားနိုင်တယ်။ တစ်ချိန်ချိန်မှာ မြေတွေလည်း တရုတ်လက်ထဲမှာ၊ အရင်းအမြစ်တွေလည်း တရုတ်လက်ထဲမှာ၊ စျေးကွက်လည်း တရုတ်လက်ထဲမှာဆိုရင် ဆရာသန့်မြင့်ဦးပြောသလို တရုတ်သြဇာခံ၊ ပြည်နယ်တစ်ခုလို ဖြစ်သွားနိုင်တာကို အမြင်ကျယ်ကျယ်ကြည့် တတ်ကြဖို့လိုပါတယ်။

၁၉၉၆ ခုနှစ်တုန်းက ကနေဒါအခြေစိုက် အိုင်ဗင်ဟိုး ကြေးနီသတ္တု လုပ်ငန်းကော်ပိုရေးရှင်းဟာ မုံရွာမြို့အနီး လက်ပံတောင်းတောင်မှာ ကြေးနီသတ္တုတွင်းလုပ်ကွက်၊ ရာခိုင်နှုန်း ၅၀၊  မြန်မာအစိုးရနဲ့ အကျိုးတူလုပ်ငန်း ဆောင်ရွက်ခဲ့ဖူးပါတယ်။ မြေယာပြဿနာတွေ၊ ဆန်ရှင်လုပ်ရပ်တွေကြောင့် အိုင်ဗင်ဟိုးဟာ သူ့ရဲ့ ရာခိုင်နှုန်း ၅၀  အစုရှယ်ယာကို ၂၀၀၇ ခုနှစ်မှာ တရုတ်ဆီရောင်းထုတ်ပြီး မြန်မာပြည်ကနေ အပြီးအပိုင် ထွက်သွားခဲ့ဖူးပါတယ်။ လက်ပံတောင်းအကျပ်အတည်းဟာ အခုအထိ မီးမသေသေးသလို အကျိုးတူအစုရှယ်ယာ အရှုပ်အရှင်းကိစ္စတွေဟာလည်း ၂၀၁၁ ခုနှစ်အထိတိုင်အောင် မဖြေရှင်းနိုင်ခဲ့ကြဘူးဆိုတာ သတင်းတွေမှာ ဖတ်ဖူးပါတယ်။

အဘနဖူးပေါ်က ခြင်

ဒါကြောင့် အမေရိကန်နိုင်ငံအနေနဲ့ ဆန်ရှင်အသစ်တွေ ချမှတ်မယ်ဆိုရင် ဒီအချက်တွေ ကြိုမြင်နိုင်ပါစေလို့ ဆုတောင်းရင်း မြန်မာနိုင်ငံသားတွေကိုလည်း  ဥပမာလေးတစ်ခုနဲ့ အဆုံးသတ်ချင်ပါတယ်။

မြေးတစ်ယောက်ဟာ သူ့အဘရဲ့ နဖူးမှာ နားနေတဲ့ခြင်ကောင်ကို ရှင်းပေးဖို့ စိတ်ဆန္ဒဖြစ်ပေါ်နေပါတယ်။ အဲဒါနဲ့ နီးရာ ပုဆိန်ခပ်ကြီးကြီးကိုယူပြီး အဘနဖူးပေါ်ကခြင်ကို ရိုက်သတ်လိုက်တဲ့အခါ ခြင်ရော၊ အဘလည်း ခေါင်းကွဲပြီး သေသွားတဲ့ ဖြစ်စဉ်မျိုး မဖြစ်ကြပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်။ Zero Sum Game သဘောမျိုး သက်ဆင်းသွားမှာကို မလိုလားတာ အမှန်ပါပဲ။

ရည်ညွန်း

(၁) အင်တာနက်စာမျက်နှာများ

(၂) ၂၀၁၅၊၂၀၁၈ မြန်မာ့အီးအိုင်တီ အိုင် အစီရင်ခံစာများ

Most Read

Most Recent