ပရီးမီးယားလိဂ်ပွဲစဉ် (၁၀) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၁၀) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 30 October 2021

လက်စတာ - အာဆင်နယ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၃၀ ရက် ညနေ ၆:၀၀ နာရီ)

လက်စတာရော၊ အာဆင်နယ်ပါ နောက်ပိုင်းပွဲတွေမှာ သိသိသာသာတိုးတက်လာတယ်။ ရလဒ်ပိုင်း သိပ်မကွာကြသလို၊ ခြေစွမ်းပိုင်းလည်း မျှတယ်လို့ပြောလို့ရတယ်။ လက်စတာက ပိုမာကျောပြီး စိတ်ချရတယ်။ အာဆင်နယ်ကတော့ လူငယ်တွေရဲ့အားနဲ့ ပေါက်ကွဲအားကောင်းသလို Creativity လည်း ပိုရှိတယ်။ လက်စတာကွင်းလယ်မှာ တီလေမန်းစ်-မတ်ဒီဆန်တို့ အကောင်းဆုံးပုံစံရနေပြီး တိုက်စစ်ပိုင်းမှာလည်း ဒါကာ ဂိုးတွေသွင်းလာတဲ့အတွက် ဗာဒီတစ်ဦးတည်းကို အားကိုးနေရတဲ့အ ခြေအနေမဟုတ်တော့ဘူး။ ဒါ့အပြင် အီဟီယန်နာချိုကလည်း ပိုရင့်ကျက်လာသလို၊ ပိုအားကိုးလာရတယ်။ အာဆင်နယ်ကတော့ အက်စတွန်ဗီလာနဲ့ပွဲတုန်းက အာတီတာ သုံးခဲ့တဲ့ ၄-၄-၂ နဲ့ တော်တော်လေး အံဝင်ခွင်ကျဖြစ်ခဲ့တာကို တွေ့ရတယ်။ ကစားပုံလည်း ပိုတက်လာတယ်။ တိုက်စစ်ရော၊ ခံစစ်ပါ စွမ်းဆောင်ရည် တိုးတက်လာတယ်။ ဒီပွဲက လက်စတာကွင်းဖြစ်နေ ပေမဲ့ အာဆင်နယ်ရဲ့ လက်ရှိ Rhythm ကြောင့် မရှုံးနိုင်လောက်ဘူးထင်တယ်။ 

ဘန်လေ - ဘရန့်ဖို့ဒ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၃၀ ရက် ည ၈:၃၀ နာရီ)

ပုံစံကောင်းပြသနေပြီး ချီးကျူးစရာခြေစွမ်းနဲ့ ဘရန့်ဖို့ဒ်က နောက်ဆုံးကစားခဲ့တဲ့ (၂)ပွဲဆက် ရှုံးခဲ့တယ်။ ဒါပေမဲ့ အသင်းကြီးတွေကို အကြိတ်အနယ်ကစားပြီး ရှုံးခဲ့တာကို တွေ့ရတယ်။ ဒါကို Rhythm ပျက်သွားပြီလို့ ပြောလို့မရဘူး။ သူတို့ လမ်းကြောင်းအတိုင်း သူတို့သွားနေနိုင်တာ တွေ့ရတယ်။ ဘန်လေက အတွေ့အကြုံပိုရင့်ပြီး မာကျောပေမဲ့ ဒီပွဲတော့ ဘရန့်ဖို့ဒ် သရေလောက်ကစားနိုင်မယ်ထင်တယ်။ 

လီဗာပူးလ် - ဘရိုက်တန် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၃၀ ရက် ည ၈:၃၀ နာရီ)

ဘရိုက်တန်က မာကျောတဲ့အသင်းကောင်းတစ်သင်းဖြစ်ပြီး အသင်းကြီးတွေကိုလည်း ခံကစားလေ့ရှိတယ်။ ဒါပေမဲ့ အဓိကပြဿနာက လီဗာပူးလ်ရဲ့ အကောင်းဆုံးအချိန်၊ ယုံကြည်မှု အမြင့်မားဆုံးအချိန်မှာ ရင်ဆိုင်နေရခြင်းပဲ။ ဂိုးမြူးနေပြီး အကောင်းဆုံးပုံစံရနေတဲ့ ဆာလာကို တားဆီးဖို့ခက်သလို၊ ဖေမီနို ပုံမှန်ခြေစွမ်းပြန်ရောက်လာတာ၊ မာနေ၊ ဂျိုတာတို့ အားကိုးရတာတွေကြောင့် လီဗာပူးလ်ပဲ ခပ်လွယ်လွယ်နိုင်မယ်ထင်တယ်။ 

မန်စီးတီး - ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၃၀ ရက် ည ၈:၃၀ နာရီ)

ပဲလေ့စ်က အသင်းကောင်းတစ်သင်းဖြစ်ပြီး တစ်ဦးချင်းလည်း ကောင်းကြတယ်။ မထင်ရင်မထင်သလို အသင်းကြီးတွေကို ဒုက္ခပေးတတ်တယ်။ ဒါပေမဲ့ အများအားဖြင့်တော့ ပုံစံကောင်းပြသနိုင်ဖို့ ရုန်းကန်နေရလေ့ရှိတယ်။ ဗီယာရာက မန်စီးတီးကို သရေကစားဖို့ ပြင်ဆင်လာမှာဖြစ်ပေမဲ့ ဂွါဒီယိုလာရဲ့အသင်းကို တားဆီးနိုင်ဖို့ခက်ပါတယ်။ မန်စီးတီးပဲ နိုင်လိမ့်မယ်။ 

နယူးကာဆယ် - ချယ်လ်ဆီး (မြန်မာစံတော်ချိန် အောက်တိုဘာလ ၃၀ ရက် ည ၈:၃၀ နာရီ)

နယူးကာဆယ်က ဇန်နဝါရီ နောက်ပိုင်းမှာ စောင့်ကြည့်ရမယ့်အသင်းဆိုပေမဲ့ အခုအချိန်အထိတော့ အားရစရာမရှိသေးဘူး။ နောက်ဆုံးကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ပွဲမှာ ချယ်လ်ဆီးက ပွဲချိန်တွင်း သရေပဲကစားနိုင်ခဲ့တယ်။ ဒါပေမဲ့ အားထည့်ပုံ၊ အာရုံစိုက်ပုံ မတူပါဘူး။ ချယ်လ်ဆီးကစားတာ စုစည်းပြီး မာကျောတယ်။ ဖန်တီးနို်င်စွမ်းလည်း တက်လာတယ်။ ချယ်လ်ဆီးပဲ နိုင်လိမ့်မယ်။ 

ဝက်ဖို့ဒ်  - ဆောက်သမ်တန် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၃၀ ရက် ည ၈:၃၀ နာရီ)

ဆောက်သမ်တန်က နောက်ဆုံးကစားခဲ့တဲ့ လိဂ်ဖလားပွဲမှာ ချယ်လ်ဆီးကို ပွဲချိန်တွင်း သရေကစားခဲ့တယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ နိုင်ပွဲတစ်ပွဲသာရထားပြီး၊ တိုက်စစ်ကလည်း (၉)ပွဲမှာ (၈)ဂိုးပဲရသေးတာ တော်တော်ဆိုးပါတယ်။ အင့်စ်နေရာကို အစားထိုးနိုင်ဖို့ ခက်နေတယ်။ ဝက်ဖို့ဒ်က ရာနီရေးရီကိုင်တဲ့ နှစ်ပွဲမှာ တစ်ပွဲ ဂိုးပြတ်ရှုံးပြီး၊ တစ်ပွဲ ဂိုးပြတ်နိုင်တယ်။ ခြေစွမ်းကောင်းတယ်။ အိမ်ကွင်းမှာ ရလဒ်ကောင်းမျှော်နိုင်တယ်။ 

စပါး - မန်ယူ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၃၀ ရက် ည ၁၁:၀၀ နာရီ)

နည်းပြနှစ်ဦးစလုံးမှာ ဖိအားကိုယ်စီရှိနေတယ်။ နူနိုရော၊ ဆိုးလ်ရှားပါ ရာသီအစ ပုံစံသိပ်မဆိုးပေမဲ့ နောက်ပိုင်းမှာတော့ ရလဒ်ပိုင်းသိပ်မငြိမ်ဘူး။ အထူးသဖြင့် ဆိုးလ်ရှားရဲ့အခြေအနေက ပိုဆိုးနေပြီး ဘယ်လိုမှ ယုံကြည်လို့မရတဲ့ပုံစံဖြစ်နေတယ်။ ကစားသမားအင်အားနဲ့ စုဖွဲ့မှုက အားကောင်းပေမဲ့ အသင်းရဲ့လူအင်အားကို အသုံးမချနိုင်သလိုလည်းဖြစ်နေတယ်။ အရင်က မန်ယူအသင်းရဲ့ တိုက်စစ်ကစားပုံက တန်ပြန်တိုက်စစ်အခြေပြုပြီး ခံစစ်ကနေ တိုက်စစ်ကို ကူးပြောင်းပုံမြန်တယ်။ တိုက်စစ်မှာလည်း Fluid ဖြစ်တယ်။ ဒါပေမဲ့ စီရော်နယ်လ်ဒိုရှိနေချိန်မှာ ဒီပုံစံတောင် ပျက်သွားတယ်။ စီရော်နယ်လ်ဒိုကိုယ်တိုင်က ဂိုးသွင်းပေးနေပေမဲ့ အသင်းလိုက် ညီညွတ်မှုပျက်သွားတာမျိုးလည်း တွေ့ရတယ်။ ပိုဆိုးတာက ပြိုင်ဘက်တွေကို Pressing လုပ်တဲ့အပိုင်းမှာလည်း အားပျော့နေတယ်။ စပါးကလည်း ဟာရီကိန်း တစ်နေ့ရွှေ၊ တစ်နေ့ငွေနဲ့ ပစ်ပယ်လို့ကလည်း မရတဲ့ အခြေအနေပါ။ တပ်ပျက်နေတဲ့အသင်းနှစ်သင်းဖြစ်ပြီး သရေဆိုတာ မျှတပါတယ်။ 

Most Read

Most Recent