အာဖဂန်နစ္စတန်၏ တစ်လသား တာလီဘန်အစိုးရ-၂

အာဖဂန်နစ္စတန်၏ တစ်လသား တာလီဘန်အစိုးရ-၂
ကဘူးမြို့ရှိ ဘဏ်တစ်ခုရှေ့၌ ငွေထုတ်ယူရန်အတွက် နာရီပေါင်းများစွာ စောင့်ဆိုင်းနေသည့် အာဖဂန်နိုင်ငံသားများကို တွေ့ရစဉ် (Photo: AP)
ကဘူးမြို့ရှိ ဘဏ်တစ်ခုရှေ့၌ ငွေထုတ်ယူရန်အတွက် နာရီပေါင်းများစွာ စောင့်ဆိုင်းနေသည့် အာဖဂန်နိုင်ငံသားများကို တွေ့ရစဉ် (Photo: AP)
Published 8 October 2021
မိုးဧအောင်

အရန်နိုင်ငံခြားငွေနှင့် ဗဟိုဘဏ်

အာဖဂန်နစ္စတန်၏ ဗဟိုဘဏ်တွင် အရန်ငွေကြေးအဖြစ်ထားရှိသည့် အမေရိကန်ဒေါ်လာ ငွေသားများကိစ္စက ထပ်ဆင့်ပြဿနာ ဖြစ်လာသည်။ လက်ငင်းဖြစ်ပေါ်နေသော ဘဏ္ဍာရေးအကျပ်အတည်းအတွက် နိုင်ငံတကာမှ အလှူရှင်များကို ရှင်းလင်းတင်ပြထားသည့် အကျဉ်းချုပ် နှစ်မျက်နှာစာ လျှို့ ဝှက်စာတမ်းအရ တာလီဘန်တို့ ကဘူးကို မသိမ်းပိုက်မီကပင် ဤအရန်ဒေါ်လာများ ပျောက်သွားခဲ့ခြင်းဖြစ်၏။

ဖြစ်စဉ်ကို ဝေဖန်ရသော် ယခင်ဗဟိုဘဏ်ကို ကိုင်တွယ်ခဲ့သူများ၏ တာလီဘန်တို့ အောင်ပွဲမခံမီ အမေရိကန်ဒေါ်လာနှင့် ကျန်ငွေသား အမြောက်အမြားကို နယ်မြို့ကြီးရှိ ဘဏ်များဆီသို့ ရွှေ့ပြောင်းခဲ့သည့် ဆုံးဖြတ်ချက်အမှားဖြစ်၏။ ယခုအခါ ကဘူးဗဟိုဘဏ်ရှိ နိုင်ငံခြားအရန်ငွေကြေးများ အကြီးအကျယ် လျော့ပါးသွားပြီး ဘဏ်ဖောက်သည်များ၏ ငွေတောင်းခံလွှာအတိုင်း ထုတ်မပေးနိုင်သော အခြေအနေသို့ ဆိုက်ရောက်လာသည်။

ဗဟိုဘဏ်၏ စာရင်းစစ်ကော်မတီဥက္ကဋ္ဌ ရှားမာရာဘီသည် ဘဏ်၏ကိစ္စအဝဝကို အလုံးစုံကြီးကြပ်ရသူဖြစ်ပြီး ယခုတာလီဘန်အစိုးရ လက်ထက်ထိ ရာထူးတည်မြဲနေဆဲ ဖြစ်သည်။ သူ့အပြောအရ ဗဟိုဘဏ်၏ ဆောင်ရွက်ချက်အပေါ် ‘ကာ’ ပေးခဲ့ပြီး ဤလုပ်ဆောင်ချက်မှာ ပြည်တွင်းသုံး အာဖဂန် ငွေကြေးထုတ်ယူမှုကို အကာအကွယ်ပြုနိုင်ရန် ကြိုးစားခဲ့ခြင်းဟု ဆိုပါသည်။

ဤငွေသားပြတ်လပ်မှုကြောင့် စုဆောင်းထားခဲ့သော ကိုယ်ပိုင်ဒေါ်လာငွေကို ဘဏ်မှပြန်ထုတ်ရန် နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းနေရသည့် လူအုပ်ကြီးကို အာဖဂန်မြို့ကြီးများ၌ အဝေးကပင် မြင်နိုင်ပါ၏။

အနောက်တိုင်း ကျောထောက်နောက်ခံပြုသည့် အက်ရှ်ရက်ဂါနီ၏ အစိုးရလက်ထက်ကပင် နူရာဝဲစွဲနေသော အာဖဂန်စီးပွားရေးသည် တာလီဘန်တို့ နောက်တစ်ကျော့ပြန် ရောက်လာချိန်၌ နိုင်ငံတကာ အကူအညီတို့ ရပ်ဆိုင်းမှုနှင့်အတူ အကျပ်အတည်းများအကြား လဲရာသူခိုးထောင်းဘဝ ရောက်ရှိသွားတော့သည်။ ဂျုံကဲ့သို့သော အခြေခံစားကုန်များ စျေးတက်လာချိန်အတွင်း လုပ်ငန်းများ အားလုံးလိုလို ရပ်တန့်ကုန်ကြသဖြင့် ဆောင်းရာသီနီးလာချိန်၌ ပြည်သူသန်းပေါင်းများစွာ အငတ်ဘေး ဆိုက်သွားနိုင်ပါသည်။

လျှို့ဝှက်အစီရင်ခံစာအရ ယခင်အစိုးရလက်ထက် ဇွန် ၁ ရက်မှ သြဂုတ် ၁၅ ရက်အတွင်း ဒေသခံနိုင်ငံခြားငွေ ဝယ်ရောင်းများထံ လေလံပစ်ခဲ့သည်ဆိုသော အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံမှာ အလွန်များသည့်ပမာဏ ဖြစ်နေ၏။ သြဂုတ် ၁၅ ရက် စာရင်းချုပ်အရ အမေရိကန်ဒေါ်လာ ၇၁၄ သန်းနှင့် အာဖဂန်နီ ၅၀ ဘီလျံ (အမေရိကန် ဒေါ်လာ ၅၆၉ သန်း) ကို ကော်မာရှယ်ဘဏ်များထံ လေလံပစ်ရောင်းချနိုင်ခဲ့၏။ ဘဏ်စာရင်းစစ်ဥက္ကဋ္ဌ၏ အပြောအရတော့ တန်ဖိုးလျော့နှင့် ငွေဖောင်းပွမှု လျှော့ချနိုင်ရန် ထိုသို့ဆောင်ရွက်ခဲ့သည်ဟု ဆိုပါသည်။

တာလီဘန်တို့ အာဏာပြန်ရသည်နှင့်အတူ ယခင်အစိုးရရော၊ နိုင်ငံခြားငွေများပါ အငွေ့ပြန် ပျောက်ကွယ်သွားပါပြီ။ တိုင်းသူပြည်သားများမှာလည်း ထောင်နှင့်ချီ၍ သေဆုံးခဲ့ကြရပါပြီ။ ဗဟိုဘဏ်ကို အခြေပြုလျက် ဖြန့်လေ့ရှိသည့် နိုင်ငံတကာ အလှူငွေများလည်း ရပ်တန့်ခဲ့ပါပြီ။ အစိုးရဝန်ထမ်းများလည်း လစာမထုတ်ရသည့်အခြေသို့ ဆိုက်ရောက်သွားပါပြီ။ ထို့ထက်ပို၍ဆိုးသည်မှာ ပြည်ပတွင်အပ်နှံထားသော အာဖဂန်နစ္စတန်ပိုင် အမေရိကန်ဒေါ်လာ ကိုးဘီလျံမှာလည်း တာလီဘန်တို့ ကဘူးကိုသိမ်းလိုက်သည်နှင့် ထုတ်မရသည့် ငွေသေများ ဖြစ်သွားပါပြီ။

နယ်မြို့ကြီးရှိဘဏ်များ၌ ၂၀၂၀ နှစ်ကုန် စာရင်းပိတ်လက်ကျန်အဖြစ် ပေါ်နေသော အမေရိကန်ဒေါ်လာ ၂၀၂ သန်းမှာလည်း အခိုးခံရသည်ဟု အစီရင်ခံစာက ညွှန်းဆိုထားပါ၏။

နိုင်ငံတကာဆက်ဆံရေးနှင့် သံခင်းတမန်ခင်း

“နိုင်ငံတစ်ခုဟာ စာချုပ်အဖွဲ့ဝင်တာ ဖြစ်စေ၊ ဒါမှမဟုတ် နိုင်ငံတကာ တရားဝင် အသိအမှတ်ပြုတာ ခံရပြီးရင်ဖြစ်စေ၊ အဲဒီ တရားဝင်အသိအမှတ်ပြုခြင်းများဟာ နိုင်ငံရှိသမျှ တည်တ့ံပါတယ်။ ဘယ်အစိုးရ ပြောင်းပြောင်းပေါ့” ဘရွတ်ကင်း အင်စတီကျူးရှင်း၏ ဂုဏ်ထူးဆောင်ပညာရှင်၊ Lawfare ၏ ၀ါရင့်အယ်ဒီတာ စကော့အာအင်ဒါဆင်၏ အယူအဆ ဖြစ်ပါသည်။

တာလီဘန် ခေါင်းဆောင်များအနေနှင့် အာဖဂန်နစ္စတန်နိုင်ငံအတွက် တော်တည့်မှန်ကန်သော ဦးဆောင်သူများဟူ၍ ယုံကြည်နေသည့်တိုင် ကမ္ဘာကအသိအမှတ်ပြုခြင်းကိုတော့ လိုချင်ကြပါသည်။ ပြည်ပနိုင်ငံများကလည်း အစိုးရပြောင်းလဲသွားသည့် အခြေအနေကို ကိုယ့်တွက်ကိန်းနှင့် ကိုယ်ပိုင်းဖြတ်ကာ မည်သို့ဆက်လက်စခန်း သွားကြမည်ဟု ဆုံးဖြတ်ကြပါသည်။

အာဖဂန်နှင့် တာလီဘန်တို့သမိုင်းသည် နှစ်အစိတ်အတွင်း တစ်ပတ်လည်သည်ဟု ဆိုရပါမည်။ ၁၉၉၆ ခုနှစ် တာလီဘန်တို့ ကဘူးကိုသိမ်းပိုက်စဉ်က တိုင်းပြည်အတွင်း ခုခံတော်လှန်မှုများမှာ ယခုထက် ပိုမိုကျယ်ပြန့်ပြီး အထူးသဖြင့် မြောက်ပိုင်းအင်အားစုများ ဖြစ်ကြသည်။ ထိုအချိန်တွင် သူတို့ဖြုတ်ချခဲ့သော ယခင်သမ္မတ ဘာဟာနူ ဒင်ရာဘန်နီ၏ အစိုးရမှာ ကုလသမဂ္ဂတွင် ကိုယ်စားပြုနေဆဲဖြစ်ခဲ့၏။ မြောက်ပိုင်းကို တာလီဘန်တို့ အလုံးစုံမထိန်းချုပ်နိုင်သေးသည်ကို အကြောင်းပြုလျက် ကုလသမဂ္ဂကလည်း ယခင်အစိုးရကို ထိုင်ခုံဆက်ပေးနေခဲ့သည်။ ထိုအချိန်က ပါကစ္စတန်၊ ယူအေအီးနှင့် ဆော်ဒီအာရေဗျ သုံးနိုင်ငံကသာ တာလီဘန်အစိုးရကို အသိအမှတ်ပြုခဲ့သည်။

ယခုတစ်ကြိမ်တွင် တာလီဘန်တို့ ကမ္ဘာ့နိုင်ငံများအကြား အသိအမှတ်အပြုခံလိုခြင်းမှာ သူတို့၏ယာယီအစိုးရတွင် ပါဝင်သော ထိပ်တန်းခေါင်းဆောင်အချို့ကြောင့် ဖြစ်နိုင်သည်။ ကြားဖြတ်အစိုးရအဖွဲ့အတွင်း ကုလသမဂ္ဂ၏ ဆန်ရှင်အလုပ်ခံရသူ၊ အကြမ်းဖက်အဖြစ် ဆုငွေအထုတ်ခံရသူများ ပါဝင်နေရာ အကယ်၍ ကမ္ဘာ့အဖွဲ့အစည်းများ၏ တရားဝင်အသိအမှတ်ပြုခြင်းကို ခံယူရရှိလျှင် ထိုအပြစ်တို့မှ ပြေပျောက်ပြီး ဖြစ်သလို၊ ပြည်ပနိုင်ငံများသို့လည်း လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်မည်။

ဥရောပသမဂ္ဂအနေနှင့် အာဖဂန်နစ္စတန်သို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးပို့သွားမည်။ ထိုထောက်ပ့ံမှုသည် တာလီဘန်အစိုးရအပေါ် သွယ်ဝိုက်သော နည်းအားဖြင့် အသိအမှတ်ပြုရာ ရောက်သော်လည်း သူ့အဖွဲ့ဝင်နိုင်ငံများအတွင်းသို့ ဒုက္ခသည်လှိုင်းလုံးကြီး ဝင်မလာစေရေးအတွက် ဤနည်းဖြင့်သာ လှူဒါန်းတားဆီးရပါမည်။

ရုရှားနှင့် အီရန်တို့မှာ အာဖဂန်၏ အစိုးရနှစ်ဆက်အကြား အတိုက်အခိုက်၊ အပြောင်းအလဲကာလတွင် တစ်ရက်မှ သံရုံးမပိတ်ခဲ့ဘဲ ပုံမှန်သံတမန်လုပ်ငန်းများ အရှိန်မပျက် ဆက်လက်လည်ပတ်နေခြင်းမှာ ဒေသတွင်း အပြောင်းအလဲအပေါ် မည်သို့တုံ့ပြန်ရမည်ကို ကြိုတင်တွက်ချက်ခဲ့၍ ဖြစ်ပါ၏။

ပါကစ္စတန်သည် တာလီဘန်တို့နှင့် သံမဏိရှည်သော မိတ်ဆွေရင်းချာများ ဖြစ်ခဲ့သည့်အလျောက် တာလီဘန်တို့သိမ်းပြီး နှစ်ပတ်အကြာ၊ အစိုးရမဖွဲ့မီကာလ၌ ကဘူးသို့ ရောက်ရှိသွားသည့် ပါကစ္စတန် ထောက်လှမ်းရေးအကြီးအကဲ ဖာအစ်ဟမ္မိဒ်မှာ တာလီဘန်တို့၏ ပထမဆုံး ပြည်ပဧည့်သည်တော် ဖြစ်သည်။

တရုတ်သည် တာလီဘန်တို့ အာဏာမရမီကပင် ၂၀၂၁ ခုနှစ် ဇူလိုင် ၂၁ ရက်တွင် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက တာလီဘန်ဒုတိယ ခေါင်းဆောင် မူလာအဗ္ဗဒူဂါနီ ဘာရာဒါ ဦးဆောင်သည့် အာဖဂန်တာလီဘန် ကိုယ်စားလှယ် ကိုးယောက်နှင့် တရားဝင် အဆင့်မြင့် အစည်းအဝေး ကျင်းပခဲ့၏။ တရုတ်က အာဖဂန်နစ္စတန်ကို သတ္တုတူးဖော်ရေးနှင့် အခြေခံအဆောက်အအုံ လုပ်ကွက်များ အကောင်အထည်ဖော်နိုင်မည့် အလားအလာကောင်းသော စီးပွားရေးမိတ်ဖက်နိုင်ငံအဖြစ် ရှုမြင်၏။ တာလီဘန်တို့အနေနှင့်လည်း အနောက်တိုင်းနှင့် ပြတ်ပြတ်သားသား လမ်းခွဲမည်ဆိုပါက တရုတ်သည်သာ ရွေးချယ်စရာ အစစ်ဖြစ်သည်။ စက်တင်ဘာ ဒုတိယပတ်အတွင်း တရုတ်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံသို့ ယွမ်သန်း၂၀၀ (အမေရိကန် ဒေါ်လာ ၃၁ သန်း) တန်ဖိုးရှိ အစားအစားနှင့် ကိုဗစ်ကာကွယ်ဆေးများ ပေးပို့လှူဒါန်းခဲ့သည်။ အပြန်အလှန်အားဖြင့် တာလီဘန်အစိုးရကလည်း တရုတ်အစိုးရကို ဆန့်ကျင်နေသော ဝီဂါစစ်သွေးကြွများကို အာဖဂန် - တရုတ်နယ်စပ်မှ အောက်တိုဘာလဆန်းတွင် နှင်ထုတ်ခဲ့၏။

အာဖဂန်နိုင်ငံတွင်း အကြမ်းဖက်မှုများ

အမေရိကန်တို့ ဆုတ်ခွာနေဆဲ သြဂုတ် ၂၆ ရက်တွင် ကဘူးလေဆိပ်၌ အာဖဂန်အခြေစိုက် အစ္စလာမ္မစ်နိုင်ငံတော် (IS-K) တို့ အသေခံဗုံးခွဲခဲ့၍ အမေရိကန်စစ်သား ၁၃ ယောက်နှင့် အာဖဂန်အရပ်သား ၁၇၀ ကျော် သေဆုံးခဲ့ရသည်။ ထိုကိစ္စအတွက် ရက်ပိုင်းအတွင်း အမေရိကန်က IS-K ပစ်မှတ်ကို ဒရုန်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။ ကဘူးမြို့အတွင်း ဒုတိယအကြိမ်မြောက် ပစ်မှတ်အဖြစ် အမေရိကန်တို့ ဒရုန်းတိုက်ခိုက်မှုပြုသည့်အခါ အကြမ်းဖက်မှုနှင့် လုံးဝမသက်ဆိုင်သော အရပ်သားမိသားစု သေဆုံးခဲ့ရ၏။

စက်တင်ဘာ ၂၄ ရက်တွင် အာဖဂန်နစ္စတန်အရှေ့ပိုင်း နန်ဂါဟာပြည်နယ်၌ IS တို့က နှစ်နေရာခွဲ၍ တိုက်ခိုက်ခဲ့သဖြင့် အရပ်သားငါးဦး သေဆုံးခဲ့သည်။ IS တို့နှင့် အပြန်အလှန်ပစ်ခတ်မှုအတွင်း တာလီဘန် နှစ်ယောက်၊ အရပ်သားတစ်ယောက် သေဆုံးခဲ့၏။

အောက်တိုဘာ ၃ ရက်တွင် ကဘူးမြို့တော် အိဒ်ဂါဗလီ၌ တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်၏ မိခင်အတွက် အောက်မေ့ဖွယ်အထိမ်းအမှတ် ဝတ်ပြုဆုတောင်းနေချိန် ဗလီအပြင်ဘက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အရပ်သားငါးဦး သေဆုံးပြီး လေးဦးဒဏ်ရာရခဲ့သည်။ အစ္စလာမ္မစ်နိုင်ငံတော် ခိုရာဇန်ပြည်နယ် (ISIS-K) ၏ လက်ချက်ဖြစ်သည်။ ထိုအဖြစ်အပျက်နှင့် လက်ရာပိုင်ရှင်သိပြီးနောက် နေ့မကူးမီပင် ကဘူးမြောက်ဘက်၊ အမှတ် ၁၇ ခရိုင်ရှိ ISIS ကလာပ်စည်းများခိုအောင်းရာ အခြေခံစခန်းတစ်ခုကို တာလီဘန်တို့ ချေမှုန်းခဲ့ကြသည်။

အောက်တိုဘာ ၅ ရက်တွင် ဒေကွန်ဒီပြည်နယ်တွင် ဟာဇာဒါလူမျိုးစုဝင် ၁၃ ယောက်ကို တာလီဘန်တို့ သတ်ပစ်ခဲ့ရာ ၁၁ ယောက်မှာ ယခင်အစိုးရတပ်ဖွဲ့ဝင်များဟု ဆိုသည်။ အသတ်ခံရသူများတွင် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦး ပါဝင်သည်။ သြဂုတ် ၃၀ ရက်ကလည်း တာလီဘန်တို့သည် ခီဒါပြည်နယ်တွင် တပ်အင်အားရွှေ့ပြောင်းသည့် ယာဉ်တန်းနှင့်တွေ့ခဲ့သော ဟာဇာဒါ ၁၁ ယောက်ကို ပစ်သတ်ခဲ့သေးသည်။ တာလီဘန်များသာမက ပြိုင်ဘက်ဖြစ်သော IS-K နှင့် ISIL တို့ကပါ အာဖဂန်ရှိ ရှီအိုက် မွတ်စလင်များဖြစ်သော ဟာဇာဒါလူမျိုးစုကို ပစ်မှတ်ထားတိုက်ခိိုက်လေ့ရှိသည်။

နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများ

ထောင်ချီသော အာဖဂန်အမျိုးသားများ ပြည်ပထွက်ခွာခွင့်လက်မှတ်ရရှိရန် ပတ်စပို့ရုံး၌ အလုအယက် တိုးဝှေ့နေကြသည်။

အီရန်နိုင်ငံခြားရေး ဒုဝန်ကြီး အလီဘဂါရီကာနီနှင့် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဆိုဟေးမာမွဒ်တို့သည် နှစ်နိုင်ငံ၏ အာဖဂန်နစ္စတန်နယ်စပ်တစ်လျှောက် လုံခြုံရေးနှင့် ဒေသတွင်းငြိမ်းချမ်းရေး ဆွေးနွေးလျက်ရှိသည်။

ဗြိတိသျှဝန်ကြီးချုပ်၏ အာဖဂန်ရေးရာ အဆင့်မြင့်ကိုယ်စားလှယ် ဆာဆိုင်မွန်ဂက်စ်နှင့်အဖွဲ့သည် တာလီဘန်အစိုးရ ထိပ်တန်းခေါင်းဆောင်များဖြစ်သော မော်လဝီအမ္မာခန် မွတ်တာကီ၊ မူလာအဗ္ဗဒူဂါနီ ဘာရာဒါ အခွန်၊ မော်လဝီ အဗ္ဗဒူလ်-ဆလာမ်ဟနာဖီတို့နှင့် တွေ့ဆုံကာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး၊ အကြမ်းဖက်မှု ပေါက်ဖွားရာဒေသ မဖြစ်စေရေး၊ နိုင်ငံအတွင်း ကျန်ရှိနေသူများ လုံခြုံစွာထွက်ခွာခွင့်ပြုရေး၊ လူနည်းစုသဘောထားနှင့် အမျိုးသမီးများ၊ မိန်းကလေးများ၏ အခွင့်အရေး မြှင့်တင်ပေးနိုင်ရေး ဆွေးနွေးခဲ့ကြသည်။

Most Read

Most Recent