၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲမတိုင်မီ မြန်မာ့လက်ရွေးစင်အသင်း နိုင်ငံတကာခြေစမ်းပွဲများ ကစားနိုင်ရန် MFF စီစဉ်ဆောင်ရွက်နေ

၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲမတိုင်မီ မြန်မာ့လက်ရွေးစင်အသင်း နိုင်ငံတကာခြေစမ်းပွဲများ ကစားနိုင်ရန် MFF စီစဉ်ဆောင်ရွက်နေ
Photo: Twitter
Photo: Twitter
Published 5 October 2021

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် လက်ရှိဖြစ်ပေါ်နေသည့် ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါအခြေအနေအပေါ်မူတည်၍ မြန်မာ့လက်ရွေးစင်အသင်းအား အာဆီယံဆူဇူကီးဖလားပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲများ ကစားနိုင်ရန် စီစဉ် ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲအတွက် အောက်တိုဘာ ဒုတိယပတ်တွင် စတင်လေ့ကျင့်မည်ဖြစ်ပြီး ပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲ သို့မဟုတ် ပြည်ပလေ့ကျင့်ရေးခရီးစဉ် သွားရောက်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ်လယ်ပိုင်းက ယှဉ်ပြိုင်ခဲ့သည့် ၂၀၂၂ ကမ္ဘာ့ ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုလက်ကျန်ပွဲများမယှဉ်ပြိုင် မီကလည်း ကပ်ရောဂါကြောင့် နိုင်ငံတကာခြေစမ်းပွဲများယှဉ်ပြိုင်ကစားရခြင်းမရှိဘဲ လေ့ကျင့်မှုများသာပြုလုပ်ပြီး ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်သည်။ ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီး တွင်လည်း မြန်မာ့လက်ရွေးစင်အသင်းသည် ကာလရှည်လေ့ကျင့်မှုရပ်နားထားရ သည့်အပြင် ကစားသမားများမှာလည်း ပြည်တွင်းပွဲများမရှိသောကြောင့် MFF အနေဖြင့် ဆူဇူကီးဖလားပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲများကစားနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။

MFF အနေဖြင့် မြန်မာ့လက်ရွေးစင်အသင်း၏ ပြိုင်ပွဲအကြို ပြင်ဆင်မှုများအား နည်းပြချုပ်အန်တွမ်နီဟေးနှင့် ညှိနှိုင်းကာ ဆောင်ရွက်လျက်ရှိသော် လည်း နိုင်ငံတကာခြေစမ်းပွဲများကစားခွင့်ရရန်မှာ ကပ်ရောဂါအခြေအနေအပေါ် မူတည်နေကြောင်း သိရသည်။ ကပ်ရောဂါအခြေအနေကြောင့် ခရီးသွားလာရန် ခက်ခဲခြင်း၊ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံသွားလာရန် ခက်ခဲခြင်းတို့ ကြောင့် ခြေစမ်းပွဲ များကစားရန် စီစဉ်ရာတွင် အခက်အခဲများရှိနေခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် အသင်းသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် နီပေါလက်ရွေးစင်အသင်းနှင့် မန္တလေးမြို့ တွင် ခြေစမ်းပွဲ ကစားပြီးနောက်ပိုင်း နိုင်ငံတကာခြေစမ်းပွဲများကစားရခြင်းမရှိတော့ သည်မှာ (၂)နှစ်နီးပါးကြာမြင့်နေပြီဖြစ်သည်။ ထို့ပြင် ကပ်ရောဂါကြောင့် (၂)နှစ်ဝန်း ကျင်ကာလအတွင်း နိုင်ငံတကာပွဲအဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ(၃)ပွဲသာ ယှဉ်ပြိုင်ခဲ့ ရပြီး ယင်း(၃) ပွဲစလုံး ရလဒ်မကောင်းဘဲ ပွဲတိုင်းဂိုးပြတ်အရေးနိမ့်ကာ ခြေစစ်ပွဲအပြီး တွင် အုပ်စုအောက်ဆုံးနေရာ၌သာ ရပ်တည်နိုင်ခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတွင် ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ခြေစစ်ပွဲအောင်အသင်း (ဘရူနိုင်း/တီမော)တို့နှင့် အုပ်စု (A) တွင် ကျရောက်နေပြီး ဆီမီးဖိုင်နယ်တက်ရောက်နိုင်ရန် ရုန်းကန်ရဖွယ်ရှိနေသည်။ မြန်မာအသင်းသည် ဆီမီးဖိုင်နယ်တက်ရောက်နိုင်ရန်အတွက် ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူအသင်းတို့နှင့် အပြိုင်ဖြစ်နေရာ ပြိုင်ပွဲအကြို ပြင်ဆင်မှု လုံလောက်စွာရရှိရန် ဆောင်ရွက်နေခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ဆူဇူကီးဖလား ပြိုင်ပွဲအတွက် ပြင်ဆင်ချိန် တစ်လခွဲဝန်းကျင် ရရှိမည်ဖြစ်ပြီး ကစားသမားအစုံအလင် လေ့ကျင့်ချိန်မှာ တစ်လဝန်းကျင်သာရရှိမည်ဖြစ်သည်။ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၃ အသင်းတွင် ပါဝင်မည့် ကစားသမားများမှာ နိုဝင်ဘာ လဆန်းပိုင်းမှသာ အသင်းနှင့် ပူးပေါင်းနိုင်မည်ဖြစ်သည်။

Most Read

Most Recent