ဝေဒနာ

ဝေဒနာ
Photo:UCLA
Photo:UCLA
Published 5 October 2021
ပြည်သစ်ဟန်

ဝေဒနာတစ်ခုအကြောင်းကို ပြောပြချင်မိတယ်။ ဝေဒနာက အစိုင်အခဲလိုဖြစ်လာပေမဲ့ အစရှာတော့လည်း မရဘူးဖြစ်နေပြန်တယ်။ ဝေဒနာတွေအကြောင်းတွေးရင် လျော့ရဲသွားတဲ့ ခန္ဓာကိုယ်ကိုပဲ အရင်ဆုံးသတိပြုမိတယ်။ ဝေဒနာဆိုတာကတော့ မျိုးစုံရှိနေတတ်တာပဲလေ။ ဆိုင်ကယ်ဖြတ်ကြိတ်ခံလိုက်ရတဲ့ ခွေးလေးတစ်ကောင် ခံစားနေရတဲ့ ဝေဒနာနဲ့ အရေပြားနာကျင်မှုမရှိဘဲ တဆစ်ဆစ်နာကျင်ရတဲ့ ဝေဒနာကတော့ မတူနိုင်ဘူး။တစ်ခါတလေတော့လည်း ဝေဒနာတွေက ကူးစက်ခံရတတ်တာပဲလေ။ တားဆီးလို့လည်း မရနိုင်ပြန်ဘူး။ သလိပ်တွေ၊ ချောင်းဆိုးတာတွေ၊ နှာချေတာတွေမလိုအပ်ဘဲ မိုင်ပေါင်းများစွာ အဝေးကနေလည်း ဝေဒနာတွေဟာ အဆိပ်တက်သလို တဆစ်ဆစ် ကိုက်ခဲလာတတ်တယ်။ ဝေဒနာတချို့ကိုတော့ ဒိုင်ယာရီစာမျက်နှာတွေမလိုဘဲ တစ်ခါတစ်ရံမှာ တစ်ရွက်ချင်း လှန်ဖတ်နေမိတတ်တာလည်း အကျင့်လိုဖြစ်နေခဲ့ပြန်တယ်။ မိုးရွာသွန်းနေတဲ့အချိန်မှာ ဝေဒနာအကြောင်းတွေ တွေးမိရင်တော့ ဝေဒနာတွေက သစ်ရွက်တွေကြားမှာ မိုးရေစက်တွေအဖြစ် တွယ်ကပ်နေတတ် ကြသေးတယ်။

တစ်ခါတစ်ရံတော့ လမ်းဘေးကနေ ကြာပန်းရိုင်းပွင့်လေးတွေထဲမှာ ဝေဒနာတွေကို အန်ထုတ်လိုက်မယ်လို့ ချဉ်းကပ်သွားမိတဲ့အခါတွေ  ရှိခဲ့သေးတယ်။ ဒါပေမဲ့လည်း လိမ္မော်ရင့်ရောင် နေကြာပန်းရိုင်းပွင့်လေး တွေကတော့ ဝေဒနာဆိုတဲ့အရာကို ရိပ်မိတဲ့ ပုံမရပါဘူး။ သူ့အနားမှာ မျိုးကွဲ ပုံမကျပန်းမကျ ပန်းမျိုးစိတ်တစ်မျိုး မတ်တတ်ရပ်ပြီး ကြည့်နေတယ်ဆိုပြီးတော့ ရယ်ချင်ရယ်နေပါလိမ့်မယ်။ လူသားဟာ စကြဝဠာရဲ့ သမိုင်းဖြစ်စဉ်ထဲမှာ ဂွအကျဆုံး မျိုးစိတ်တစ်မျိုးလည်း ဖြစ်နေနိုင်တယ်လေ။ ဘာ့ကြောင့်လဲဆိုတော့ သူတို့မှာပဲ ဝေဒနာဖြစ်ပေါ်တတ်တာဆိုပြီး အဦးဆုံးတွေးတောတတ်တာပါပဲ။

ကပ်ဖကာရဲ့စာတွေဖတ်ဖြစ်တဲ့အချိန်က ဝေဒနာဆိုတဲ့အရာကို တဆစ်ဆစ်နဲ့ သတိထားမိလိုက်သေးတယ်။ ကပ်ဖကာက သေဆုံးသွားခဲ့ပြီ။ ဝေဒနာတွေကတော့ မသေဆုံးသေးဘူးဆိုတာကိုရောပေါ့။ ဒီလိုနဲ့ ဝေဒနာဇာတ်ကောင်တွေဟာ ခန္ဓာကိုယ်ထဲမှာ သက်တမ်းပိုရှည်လာတော့တယ်။ တကယ်တော့ ဝေဒနာဆိုတဲ့အရာဟာ ကူးစက်လွယ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးလိုပါပဲ။ မနေ့ကတုန်းက ပျောက်ချင်းမလှပျောက်နေတဲ့ ဝေဒနာက ဒီကနေ့မှာ ထိုးထိုးထောင်ထောင်နဲ့ ရောက်လာခဲ့ပြန်တယ်။ ဝေဒနာရဲ့အနားကို ရောက်တယ်ဆိုရင်ပဲ ဝေဒနာဆီကနေ ကြေကွဲဖွယ်အသံတွေ ထွက်လာတော့တယ်။ ဝေဒနာရဲ့ အရေပြားတွေပေါ်မှာလည်း ချွေးသီးချွေးပေါက်တွေ ကျဆင်းနေခဲ့တယ်။ ဝေဒနာရဲ့ အရိုးတွေက အသားကိုကျော်လွန်ပြီး အရေပြားနဲ့ အနီးဆုံးနေရာမှာ ထင်ထင်ပေါ်ပေါ် ရှိနေခဲ့တယ်။ အဲဒီအရိုးတွေဟာ ကျွန်တော့်မျက်လုံးထဲမှာ ဝေဒနာပုံရိပ်တွေကိုပဲ ဖန်ဆင်းပေးနေခဲ့တယ်။ ကျွန်တော်ဘေးနားက ဝေဒနာကို ကြည့်ရင်း ကြည့်ရင်း မျက်ရည်ကျလာခဲ့မိတယ်။ ထုံးစံအတိုင်း ခန္ဓာကိုယ်ဟာ လျော့ရဲသွားတော့တယ်။ ခေါင်းအနည်းငယ် မူးဝေလာတယ်။ သေချာတယ်၊ ဘေးနားကဝေဒနာတွေ ကူးစက်သွားခဲ့ပြီဆိုတာပါပဲ။ အဲဒီဝေဒနာအတွက် ဘာမှလည်း လုပ်မပေးနိုင်ဘူး။အဲဒီတော့ ဝေဒနာကူးစက်ခံလိုက်ခြင်းကသာ ကျွန်တော်လုပ်ပေးနိုင်တဲ့အရာလို့ နားလည်သွားမိတယ်။ ဝေဒနာရဲ့ အော်ဟစ်သံတွေကလည်း ကျွန်တော့်နားထဲမှာ ကြေကွဲဖွယ်တေးတစ်ပုဒ်လို စီးဆင်းနေတော့တယ်။

ဝေဒနာရဲ့အနားကနေ ထွက်ခွာလာခဲ့တဲ့ ကျွန်တော် မြစ်ကမ်းနားက တံတားတစ်ခုပေါ်မှာ အချိန်အတော်ကြာအောင် ထိုင်နေမိတယ်။ ကိုယ် လုပ်ပေးနိုင်တာက ဝေဒနာကူးစက်ရုံဆိုတော့ အဲဒီကူးစက်ဝေဒနာကို ဒီတံတားပေါ်မှာထိုင်ပြီး ခံစားရုံပဲရှိတော့တယ်။တိတ်ဆိတ်တယ်။ နောက်ပြီးတော့ တစ်ယောက်တည်း။ အဖော်ကဝေဒနာ။ မျက်ရည်တချို့ကတော့ ကျနေခဲ့တုန်းပဲ။ အပေါ်အကျႌကတော့ ပူအိုက်လာတာနဲ့ ချွတ်ထားခဲ့လိုက်တယ်။

သိပ်မကြာခင်မှာပဲ ဒီရေကတံတားရဲ့အဖျားကို တိုးတိုက်လာခဲ့တယ်။ ရေထဲကို ကျွန်တော် ဆင်းသွားလိုက်တယ်။ခေါင်းဖော်ပြီး ရေထဲမှာ ခဏစိမ်နေလိုက်မိတယ်။ မိုးချုပ်စဆိုပေမဲ့ လရောင်က ရေပြင်ပေါ်ကို ထိုးကျနေခဲ့ပြီလေ။ အဲဒီရေပြင်ပေါ်မှာ ဝေဒနာအရိပ်တွေက တဖြည်းဖြည်း နေရာယူလာကြတယ်။ ကျွန်တော့်ခန္ဓာကိုယ်က အေးစက်တဲ့အထိအတွေ့ကို မခံစားရဘူး ဖြစ်နေခဲ့တယ်။ပြီးတော့ နာကျင်မှုလည်း ကင်းမဲ့နေသလိုပဲ။ဘေးနားရေပြင်ပေါ်က ဝေဒနာအရိပ်တွေကိုတော့ ကျွန်တော် အားလုံးသိနေခဲ့တယ်။ ဒီဝေဒနာက ဘယ်နှခုနှစ်က ဘာ့ကြောင့်ရခဲ့တဲ့ဝေဒနာ။ ဒီဝေဒနာက ဘယ်နှစ်တွေတုန်းက ရခဲ့တဲ့ဝေဒနာ။ ဘယ်ဝေဒနာက ပြင်းထန်ပြီး ဘယ်ဝေဒနာက သိပ်မပြင်းထန်ဘူး စသဖြင့်ပေါ့။ အခုဝေဒနာကတော့ အနီးနားလေးမှာပဲ ရှိနေသေးတယ်။ ဒီလိုနဲ့ကျွန်တော် ဝေဒနာရေပြင်ထဲမှာ လိုက်လံကူးခတ် နေခဲ့မိတယ်။ခုနှစ်တစ်ခုက ဝေဒနာတစ်ခုအနားကိုရောက်တိုင်း ဝေဒနာရဲ့အထိအတွေ့ကို တစ်ခါခံစားရတယ်။ အဲဒီအခါ ခန္ဓာကိုယ်ဟာ နာကျင်မှုတွေကို ခံစားလာရပြီး အေးစက်တဲ့အထိအတွေ့ကို ရလာခဲ့ပြန်တယ်။ မောလည်းမောလာခဲ့တယ်။ အဲဒီအခါခဏနားပြီး ဆက်လက်ကူးခတ် နေခဲ့ပြန်တယ်။ အဲဒီလို ကူးခတ်နေရင်းနဲ့ ဝေဒနာပုံရိပ်တွေဟာ ကျွန်တော့်ဘေးနားမှာ မကုန်နိုင်အောင် များပြားလာနေခဲ့တယ်။ ကျွန်တော်လည်း ဆက်လက်မကူးခတ်နိုင်တာနဲ့ မြစ်ကမ်းစပ်တံတားလေးဆီကို ပြန်ကူးလာခဲ့လိုက်တယ်။ တံတားပေါ်ရောက်တာနဲ့ မောမောနဲ့ ပက်လက်လှန် လှဲချလိုက်မိတယ်။

မောတာတွေပျောက်သွားခဲ့ပေမဲ့ ဝေဒနာတွေကတော့ ပျောက်ဆုံးမသွားခဲ့သေးဘူး။ အဲဒီစိတ်အခံနဲ့ လရောင်ရှိနေတဲ့ ကောင်းကင်ပြင်ကို မော့ကြည့်မိတော့လည်း ကောင်းကင်ပြင်ထဲမှာ ဝေဒနာပုံရိပ်တွေ အကွက်လိုက် အကွက်လိုက် လတ်တလောကတော့ ဒီဝေဒနာအကြောင်းကို ပြောမပြတတ်ဘူး ဖြစ်နေခဲ့တယ်။ အဲဒီဝေဒနာကို မြတ်လည်း မြတ်နိုးနေမိပြန်တယ်။

Most Read

Most Recent