ဥရောပနှင့် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ယူရိုချန်ပီယံနှင့် ကိုပါချန်ပီယံ ခြေစမ်းကစားမည်

ဥရောပနှင့် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ယူရိုချန်ပီယံနှင့် ကိုပါချန်ပီယံ ခြေစမ်းကစားမည်
Photo: Athletic
Photo: Athletic
Published 4 October 2021

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)နှင့် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်(CONMEBOL)တို့ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ ယူရိုချန်ပီယံနှင့် ကိုပါအမေရိကချန်ပီယံအသင်းတို့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအစီအစဉ်မှာ အာဂျင်တီးနားသတင်းစာ Ole ၏ စိတ်ကူးအဆိုပြုမှုအပေါ် မြစ်ဖျားခံခဲ့ခြင်းဖြစ်သည်။

ကိုပါအမေရိကပြိုင်ပွဲတွင် အာဂျင်တီးနားအသင်း ဗိုလ်စွဲခဲ့ပြီးနောက် Ole က ကွယ်လွန်သွားပြီဖြစ်သည့် အာဂျင်တီးနားဂန္ထဝင်တိုက်စစ်မှူး မာရာဒိုနာကို ဂုဏ်ပြုသည့်အနေဖြင့် ကိုပါအမေရိကချန်ပီယံ အာဂျင်တီးနားအသင်းနှင့် ယူရိုချန်ပီယံ အီတလီအသင်းတို့ ယှဉ်ပြိုင်ကစားသင့်ကြောင်း အကြံပြုခဲ့ခြင်းဖြစ်သည်။

ယခုအခါ ဥရောပဘောလုံးအဖွဲ့ချုပ်နှင့် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်တို့က ဘောလုံးအဖွဲ့ချုပ်နှစ်ခု ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တစ်ရပ်အဖြစ် ယူရိုချန်ပီယံနှင့် ကိုပါအမေရိကချန်ပီယံတို့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က ဘောလုံးအဖွဲ့ချုပ်နှစ်ခုပူးပေါင်းထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ''UEFA နဲ့ CONMEBOL တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့တဲ့ အစီအစဉ်တစ်ရပ်အနေနဲ့ ယူရို-၂၀၂၀ ချန်ပီယံ အီတလီအသင်းနဲ့ ၂၀၂၁ ကိုပါအမေရိကချန်ပီယံ အာဂျင်တီးနားအသင်းတို့ ၂၀၂၂ ဇွန်လ နိုင်ငံတကာရက်သတ္တပတ်မှာ ယှဉ်ပြိုင်ကစားသွားမှာပါ။ ကျင်းပမယ့်ကွင်းကို ထပ်မံအတည်ပြုပါမယ်။ အခု သဘောတူညီမှုက ပြိုင်ပွဲ(၃)ခုစာ ချန်ပီယံအသင်းတွေ ယှဉ်ပြိုင်သွားမှာဖြစ်သလို၊ လန်ဒန်မှာ ပူးတွဲရုံးခွဲတစ်ခု ဖွင့်လှစ်သွားဖို့လည်း ပါဝင်ပါတယ်''ဟု ဖော်ပြပါရှိခဲ့သည်။

ထိို့ကြောင့် ယူရို-၂၀၂၀ ချန်ပီယံ အီတလီအသင်းနှင့် ၂၀၂၁ ကိုပါအမေရိကချန်ပီယံ အာဂျင်တီးနားအသင်းတို့  ယှဉ်ပြိုင်သွားမည်ဖြစ်သလို၊ လာမည့် ယူရိုပြိုင်ပွဲနှစ်ကြိမ်နှင့် ကိုပါအမေရိကပြိုင်ပွဲနှစ်ကြိမ်မှ ချန်ပီယံအသင်းများလည်း ထပ်မံယှဉ်ပြိုင်သွားမည်ဖြစ်သည်။

UEFA နှင့် CONMEBOL တို့သည် လက်ရှိအချိန်တွင် ဘောလုံးအဖွဲ့ချုပ်နှစ်ခု ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပြီး ပြီးခဲ့သည့် ယူရိုပြိုင်ပွဲနှင့် ကိုပါအမေရိကပြိုင်ပွဲများ၌ ဒိုင်လူကြီးများ လဲလှယ်အသုံးပြုသည့် အစီအစဉ်ကိုလည်း စတင်ခဲ့သည်။

နောက်ပိုင်းတွင် အမျိုးသမီး၊ ဖူဆယ်နှင့် လူငယ်ပြိုင်ပွဲများ၌ ပူးပေါင်းယှဉ်ပြိုင်မှုများ လုပ်ဆောင်သွားမည်ဖြစ်သလို၊ လက်ရွေးစင်အသင်းများ ပူးတွဲလေ့ကျင့်သည့် အစီအစဉ်များလည်း ပါဝင်လာမည်ဟု သိရသည်။

UEFA နှင့် CONMEBOL တို့သည်  ကမ္ဘာ့ဘောလုံးလောကတွင် အင်အားအကြီးဆုံး ဘောလုံးအဖွဲ့ချုပ်များဖြစ်ပြီး ၎င်းတို့ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လာခြင်းမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) နှင့် အင်အားချင်းပြိုင်ရန် ဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

FIFA ၏ ကမ္ဘာ့ဖလားပြိုင်ပွဲ (၂)နှစ်တစ်ကြိမ်ကျင်းပမည့် အစီအစဉ်အား အဆိုပါအဖွဲ့ချုပ်နှစ်ခုစလုံးက ဆန့်ကျင်ကန့်ကွက်လျက်ရှိသည်။

ယခု ချန်ပီယံနှစ်သင်း ခြေစမ်းကစားမည့် အစီအစဉ်ကို ပရိသတ်များက ကြိုဆိုထောက်ခံနေကြောင်းလည်း သိရသည်။

Most Read

Most Recent