ရွှေစျေးနှုန်း ထိန်းနိုင်ရန် ရန်ကုန်ရွှေအသင်းက နေ့စဉ် ရွှေပိသာချိန် ၂၀ ရောင်းချပေးရန် စီစဉ်

ရွှေစျေးနှုန်း ထိန်းနိုင်ရန် ရန်ကုန်ရွှေအသင်းက နေ့စဉ် ရွှေပိသာချိန် ၂၀ ရောင်းချပေးရန် စီစဉ်
Published 29 September 2021

ရွှေစျေးနှုန်းထိန်းနိုင်ရန် ရန်ကုန်ရွှေအသင်းက နေ့စဉ် ရွှေပိသာချိန် ၂၀ ရောင်းချပေးရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

" အဓိက ရွှေစျေးကွက်က ရန်ကုန်နဲ့ မန္တလေးပေါ့။ ရန်ကုန်မှာဆိုရင် စျေးထိန်းနိုင်ဖို့ ရွှေဆိုင်တွေနဲ့ ညှိနှိုင်းပြီးစီစဉ်တာပါ။ ရွှေဆိုင်တွေကလည်း ရောင်းပေးမယ်။ အဓိက စျေးကို ထိန်းနိုင်ဖို့ပါ" ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူက ပြောကြားသည်။

ယနေ့ပြုလုပ်ခဲ့သည့် ရန်ကုန်ရွှေအသင်း၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ အောင်သမာဓိရွှေဆိုင်၊ ဇွဲထက်၊ အကယ်ဒမီ စိန်ရွှေရတနာဆိုင်နှင့် ရွှေကုန်သည် ဦးဧရာစိုးနိုင်တို့က တစ်ထုတ်လျှင် တစ်ပိသာနှုန်းဖြင့် ရန်ကုန်ရွှေ အသင်းသို့ ငါးထုတ်စီရောင်းချပေးသွားရန် ဆုံးဖြတ်သဘောတူခဲ့ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း အလုပ်အမှူဆောင်အစည်းအဝေးကို စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက ကျင်းပရာ ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း

ဖြစ်သည်။ အစည်းအဝေးအဖွင့်အမှာစကားကို နာယက ဦးဆန်းလွင်က ပြောကြားပြီးနောက် အသင်းဥက္ကဌ ဦးမျိုးမြင့်က ရွှေစျေးနှုန်းတည်ငြိမ်ကျဆင်းစေရေး

အထူးအလေးပေး ပြောကြားခဲ့သည်ဟု ရွှေအသင်းက သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၂၈ ရက်က ရွှေစျေးနှုန်းမှာ ကျပ် ၂၂ သိန်းကျော်အထိမြင့်တက်ခဲ့ပြီး တစ်ရက်အကြာ စက်တင်ဘာ ၂၉ ရက်တွင် ရွှေစျေးနှုန်းမှာ ကျပ်သိန်း ၂၀ သို့ ပြန်လည်ကျဆင်းခဲ့သည်။

Most Read

Most Recent