ဝိုင်းမော်မြို့ရှိ ခလရ ၅၈ တပ်ရင်း သုံးကြိမ်မြောက် တိုက်ခိုက်ခံရပြီး တပ်ရင်းအနီး လဘန်ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်မှုကြောင့် လူနေအိမ်နှစ်လုံး ပျက်စီးကာ အိမ်မွေးတိရစ္ဆာန်များသေဆုံး

ဝိုင်းမော်မြို့ရှိ ခလရ ၅၈ တပ်ရင်း သုံးကြိမ်မြောက် တိုက်ခိုက်ခံရပြီး တပ်ရင်းအနီး လဘန်ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်မှုကြောင့် လူနေအိမ်နှစ်လုံး ပျက်စီးကာ အိမ်မွေးတိရစ္ဆာန်များသေဆုံး
Published 4 August 2021

ကချင်ပြည်နယ် ဝိုင်းမော်မြို့   မဒိန်ကျေးရွာ အခြေစိုက် ခလရ ၅၈ တပ်ရင်းအား သြဂုတ် ၃ ရက် ညပိုင်းတွင် သုံးကြိမ်းမြောက် ဝင်ရောက်တိုက်ခဲ့ပြီး ပစ်ခတ်မှုများကြောင့် တပ်ရင်းအနီး လဘန်ကျေးရွာအတွင်း လက်နက်ကြီးကျရောက်မှုကြောင့် လူနေအိမ်နှစ်လုံး မီးလောင်ပျက်စီးကာ အိမ်မွေးတိရစ္ဆာန် အမြောက်အများလည်း သေဆုံးခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ခလရ ၅၈ တပ်ရင်းအား ဇူလိုင် ၂၉ ရက်၊ သြဂုတ် ၂ ရက်နှင့် သြဂုတ် ၃ ရက် ညပိုင်းများတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၃ ရက် ညပိုင်းပစ်ခတ်တိုက်ခိုက်မှုမှာ အပြင်းထန်ဆုံးဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

မဒိန်ကျေးရွာ ဒေသခံ တစ်ဦးက '' ည ၁၀ နာရီဝန်းကျင်က ဖြစ်တာ မနက်လင်းမှ ရပ်တယ်ဗျာ။လက်နက်ကြီး အချက် မရေးနိုင်ဘူး။ည ၁၁ ကျော်တော့ မြစ်ကြီးနားက တင့်ကား၊ စစ်ကားတွေ ရောက်လာတယ်။ ရဟတ်ယာဉ်နဲ့က နှစ်ချက် ဆော်တယ်။ အခုတော့ ဝါရှောင်လမ်းမကြီးတော့ ပေါက်နေပြီ။ကျနော်တို့လူငယ်တွေက မသွားရဲဘူး။  တောဘက်က ပစ်တာက လက်နက်က အသံမကျယ်ဘူး။ဒီဘက်ကတော့အစုံပစ်တာ ။ တစ်ဖက်တည်းပစ်တာ မဟုတ်ဘူး နှစ်ဖက်စလုံးဘဲ ။ လဘန်က ရွာသားတွေ ဝက်ခြံသွားကျတာ ဝက် ၇ ကောင်သေတယ်။ တစ်ခြံကတော့ ဘယ်နှစ်ကောင်လဲ မသိဘူး။ အိမ်တစ်လုံးက လက်နက်ကြီးမှန်တယ်။ တစ်လုံးက မှန်ပြီး မီးလောင်သွားတယ် ။တစ်ချို့လက်နက်ကြီးတွေ မပေါက်ကွဲသေးလို့  အိမ်သားတွေ မသွားရဲကြသေးဘူး။ မိဘတွေ ပြောတာတော့ နှစ်ပေါင်း ၆၀ လောက်မှာ ဒီမှာ တစ်ခါမှ မဖြစ်ဖူးဘူးတဲ့''ဟု ပြောကြားသည်။

ထိုသို့ ခလရ ၅၈ တပ်ရင်းအား ပထမကြိမ် ဇူလိုင် ၂၉ ရက် ညပိုင်းတွင် တိုက်ခိုက်ခဲ့မှုမှာ KIA အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအတည်ပြုထားသည်။

သို့ရာတွင် သြဂုတ် ၂ ရက် ညပိုင်းတိုက်ခိုက်မှုမှာ ၎င်းအဖွဲ့မဟုတ်ကြောင်းနှင့် သြဂုတ် ၃ ရက် ညပိုင်း ပစ်တ်ုိက်မှုကို အတိအကျမသိသေးကြောင်း KIA မှပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

'' လွန်ခဲ့တဲ့ညက ပစ်ခတ်တာ ကျွန်တော််တို့ အတိအကျ မသိရသေးဘူး။ မနေ့ည (သြဂုတ် ၂ ရက်ညပိုင်း)ပစ်ခတ်တာတော့ ကျွန်တော်တို့အဖွဲ့ မဟုတ်ဘူးလို့ အတည်ပြုထားပါတယ်။ ဒီဗဟိုကလည်းဒီလို ညွှန်ကြားတာ မရှိဘူးလို့ သိရပါတယ်။ သူတို့ဘက်တော့ ကျွန်တော်တို့ ဘက်ကို လွန်ခဲ့တဲ့ ညက လက်နက်ကြီးတွေနဲ့ လာပစ်ပါတယ်။ လူနေရပ်ကွက်ကို ကျလာပါတယ်။ မိုင်ဆပ်ပါမှာလည်း ကိုဗစ်ရောဂါနှင့် ပတ်သက်တဲ့ ကွာရင်းတင်း စင်တာဘက် ရောက်လာပါတယ်။ စစ်ရေးအားဖြင့် ဆိုရင် ဖားကန့်သွားရာလမ်းကြောင်းတွေမှာ ၊ တနိုင်း လီဒိုလမ်းပိုင်းတွေမှာတော့ ပစ်ခတ် တိုက်ခိုက်မှုတွေ ရှိပါတယ်။ ရှမ်းမြောက်မုံးကိုး ဒေသ KIA အမှတ် ၃၆ တပ်ရင်းနယ်မြေမှာတော့ တိုက်ပွဲဖြစ်ကြတာ ရှိပါတယ်''ဟု KIA မှ ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူ ပြောကြားသည်။

ဇူလိုင် ၂၉ ရက်ညပိုင်းက ခလရ ၅၈ အား ဝင်ရောက်ပစ်ခတ်ခဲ့မှုတွင် တပ်ရင်းအနီးကျေးရွာအတွင်းရှိ ကုမ္ပဏီတစ်ခုမှ အလုပ်သမားတစ်ဦး လက်နက်ကြီးမှန် သေဆုံးကာ  တပ်မတော်သား တစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

ထို့အတူ ဇူလိုင် ၃၁ ရက်က ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့အနီး လီဒိုလမ်းမပေါ်ရှိ ဆီးဒင်ယန်ကျေးရွာ စစ်တပ်စခန်းကို KIA တပ်ဖွဲ့ဝင်များက နံနက် ၄ နာရီတွင်ဝင်ရောက်တိုက်ခိုက်ရာတွင် ဆီးဒင်ယန်ကျေးရွာသားတစ်ဦး  သေနတ်ထိမှန် သေဆုံးခဲ့သည်။

 

Most Read

Most Recent