လားရှိုးမြို့တွင် ကိုဗစ်ရောဂါပိုး ကူးစက်မှု လျှော့ချနိုင်ရေးအတွက် ပြန်လည် ဖွင့်လှစ်ခွင့်ပြုထားသည့် စျေးများကို  ယာယီ ပြန်ပိတ်

လားရှိုးမြို့တွင် ကိုဗစ်ရောဂါပိုး ကူးစက်မှု လျှော့ချနိုင်ရေးအတွက် ပြန်လည် ဖွင့်လှစ်ခွင့်ပြုထားသည့် စျေးများကို  ယာယီ ပြန်ပိတ်
သတ်မှတ်ကုန် လေးမျိုးဖြင့် ပြန်လည် ဖွင့်လှစ်ခွင့်ပြုခဲ့သည့် လားရှိုးမြို့မစျေးကြီးကို သြဂုတ် ၁ ရက်က တွေ့ရစဉ်။
သတ်မှတ်ကုန် လေးမျိုးဖြင့် ပြန်လည် ဖွင့်လှစ်ခွင့်ပြုခဲ့သည့် လားရှိုးမြို့မစျေးကြီးကို သြဂုတ် ၁ ရက်က တွေ့ရစဉ်။
Published 2 August 2021
ထွန်းနေလှိုင်(နောင်ပိန်)

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ တွင် သြဂုတ် ၁ရက်မှ စတင်ကာ ပြန်လည် ဖွင့်လှစ်ခွင့်ပြုထားသည့် စျေးဆိုင်များကို ကိုဗစ်ရောဂါပိုး ကူးစက်မှု လျှော့ချနိုင်ရေးအတွက် သြဂုတ် ၃ ရက်မှ စတင်ကာ ယာယီ ပြန်ပိတ်သွားမည ်ဖြစ်ကြောင်း သိရသည်။

ပြန်လည် ဖွင့်လှစ်ခွင့်ပြုခဲ့သည့် စျေးဆိုင်များမှာ လားရှိုးမြို့ မြို့မစျေးကြီး၊ မန်ဆူစျေး နှင့် လားရှိုးကြီးစျေးအတွင်း တွင် ရောင်းချကြသည့် ဆန်၊ ဆီ၊ ဆေးနှင့် အသား၊ ငါး အရောင်းဆိုင်များသာဖြစ်ပြီး အဝတ်အထည်ဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင်နှင့် အခြားကုန်ပစ္စည်းဆိုင်များမှာမူ ပြန်လည် ဖွင့်လှစ်ခွင့် မရရှိသေးပေ။ လားရှိုးမြို့တွင် သတ်မှတ်ထားသော ကုန်ပစ္စည်းစျေးဆိုင်များဖြင့် စျေးများကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်းကြောင့် မြို့တွင်း ဖြတ်သန်းသွားလာမှုများကို ကန့်သတ်မှုများ ပြုလုပ်ထားသော ဂိတ်များတွင် စျေးသို့ သွားမည့်သူ အလွန်များပြားနေခဲ့ခြင်းကြောင့် COVID-19 ရောဂါ ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရန်အတွက် စျေးများကို ယာယီ ပြန်လည် ပိတ်သိမ်းရခြင်း ဖြစ်ကြောင်း သိရသည်။

“အခု လားရှိုးမှာက ကိုဗစ်ရောဂါပိုး ကူးစက်ပျံ့နှံ့မှုက သိသိသာသာ လျော့ကျမှု မရှိသေးဘူး။ မြို့တွင်း သွားလာမှု ဂိတ်တွေမှာလည်း စျေးသွားမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြို့ထဲကို တော်တော်များများ လာကြတော့ မြို့တွင်း စျေးပတ်ဝန်းကျင်မှာ လူတွေ တော်တော်များနေတယ်။ ဒါကြောင့် ကိုဗစ်ကူးစက်မှု ရောဂါပိုပြီးဖြစ်မှာ စိုးရိမ်တဲ့အတွက် ဖွင့်လှစ်ခွင့်ပြုထားတဲ့ ဆိုင်တွေကို ယာယီပြန်ပိတ်မှာ ဖြစ်ပါတယ်” ဟု လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

လားရှိုးမြို့တွင် မြို့မစျေးကြီး ၊ မန်ဆူစျေး နှင့် လားရှိုးကြီးစျေးအတွင်းရှိ ဆန်၊ဆီ၊ ဆေး၊ အသား၊ ငါး စျေးဆိုင်များကို သြဂုတ် ၁ ရက်မှ စတင်ကာ ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး ယခုအခါ မြို့တွင်း သွားလာမှု အလွန်များပြားလာခဲ့ခြင်းကြောင့် ပြန်လည် ပိတ်သိမ်းခဲ့ရခြင်း ဖြစ်သည်။

လားရှိုးမြို့တွင် သြဂုတ် ၁ ရက်အထိ COVID-19 ရောဂါ ကူးစက်ခံထားရသူပေါင်း ၁၈၁၃ ဦးထိရှိခဲ့ပြီး ကိုဗစ်ရောဂါကြောင့် ဆေးရုံတက်ရောက် ကုသရင်း သေဆုံးခဲ့ရသူမှာ ၉၂ ဦးထိ ရှိနေကြောင်း သိရသည်။