သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မိုင်းထောင်ဖောက်ခွဲခံရပြီး ရုံးအဆောက်အဦးအပါအဝင် အနီးရှိ လူနေအိမ်နှစ်လုံးတွင် ထိခိုက်ပျက်ဆီးမှုများရှိခဲ့

သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မိုင်းထောင်ဖောက်ခွဲခံရပြီး ရုံးအဆောက်အဦးအပါအဝင် အနီးရှိ လူနေအိမ်နှစ်လုံးတွင် ထိခိုက်ပျက်ဆီးမှုများရှိခဲ့
Published 27 May 2024

သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မေလ ၂၇ ရက်၊ နံနက်အစောပိုင်းက  မိုင်းထောင်ဖောက်ခွဲခံရပြီး ရုံးအဆောက်အဦးအပါအဝင် အနီးရှိ လူနေအိမ်နှစ်လုံးတွင် ထိခိုက်ပျက်ဆီးမှုများရှိခဲ့ကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။

နံနက် ၃ နာရီ ၅၀ မိနစ်ခန့်က ပေါက်ကွဲသံအကျယ်ကြီး ကြားလိုက်ရကြောင်း၊ပေါက်ကွဲမှုမှာပြင်းထန်သည့်အတွက် မြေကြီးပါတုန်သွားကြောင်း သထုံမြို့ခံပြည်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “နောက်တော့ နန်းခဲရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ပေါက်ကွဲမှုဖြစ်သွားတာလို့ သိရတယ်။ အုပ်ချုပ်ရေးမှူးရုံးကတော့ အဆောက်အဦးနံရံ၊ အမိုး၊ မျက်နှာကျက်တွေ ပျက်ဆီးသွားတယ်။ အဲ့ဒီအပြင်ကို ရုံးအရှေ့မှာရှိတဲ့ ဦးသန်းထွန်းလေးရဲ့နှစ်ထပ်တိုက် အိမ်ရှေ့ပြတင်းတံခါးမှန်တွေ ပျက်ဆီးခဲ့သလို၊ ဦးသန်းလှိုင်ရဲ့နေအိမ်ရှေ့ ပြတင်းပေါက်မှန်တွေလည်း ပျက်ဆီးသွားတယ်။ လူထိခိုက်မှုတော့မရှိဘူး” ဟု ပြောကြားသည်။

ထိုသို့ နန်းခဲရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲခံရပြီးသည့်နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးမှုများလုပ်ဆောင်ခဲ့သည့်အပြင်၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများလည်းလုပ်ဆောင်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

မွန်ပြည်နယ် သထုံမြို့နယ်နှင့်ဘီးလင်းမြို့နယ်အတွင်း လတ်တလော မိုင်းထောင်ဖောက်ခွဲမှုများ မကြာခဏဖြစ်ပွားလေ့ရှိရာ ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့ နံနက်စောပိုင်းအချိန်က ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာ ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ ဒေသအခေါ် မစောတံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသေးသည့်အပြင်၊ ပြီးခဲ့သည့် မေလ(၁၁) ရက်နေ့ နံနက်အစောပိုင်းအချိန်ကလည်း သထုံမြို့နယ်နှင့်ဘီးလင်းမြို့နယ်ကြား ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားမှာ ဒုတိယအကြိမ် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသေးကြောင်း သိရသည်။

 

Most Read

Most Recent