COVID-19 တတိယလှိုင်းနဲ့ မြင့်တက်နေတဲ့ အောက်ဆီဂျင်လိုအပ်ချက်

COVID-19 တတိယလှိုင်းနဲ့ မြင့်တက်နေတဲ့ အောက်ဆီဂျင်လိုအပ်ချက်
ရန်ကုန်မြို့ တောင်ဒဂုံစက်မှုဇုန်အတွင်းရှိ အောက်ဆီဂျင်စက်ရုံတစ်ရုံတွင် အောက်ဆီဂျင်လာရောက် ဖြည့်တင်းသူများကို ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
ရန်ကုန်မြို့ တောင်ဒဂုံစက်မှုဇုန်အတွင်းရှိ အောက်ဆီဂျင်စက်ရုံတစ်ရုံတွင် အောက်ဆီဂျင်လာရောက် ဖြည့်တင်းသူများကို ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
Published 11 July 2021
ဇော်မင်းနိုင်

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတစ်ခုဖြစ်တဲ့ COVID-19 မှာ လက်ရှိမှာတော့ မြန်မာနိုင်ငံသို့ တတိယလှိုင်းအဖြစ် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဇူလိုင်လပိုင်းက စတင်ကာ ကူးစက်မှုများ မြင့်တက်လာခဲ့ပြီး နောက်တွင် လက်ရှိအချိန်၌ တစ်နိုင်ငံလုံး ပျံ့နှံ့ရောက်ရှိနေပြီလို့ဆိုရမှာ ဖြစ်ပါတယ်။

ကူးစက်မှုပြင်းထန်တဲ့ တတိယလှိုင်း ကိုဗစ်

ဒုတိယလှိုင်းကိုဗစ်ထက် တတိယလှိုင်းကတော့ ပိုမိုပြင်းထန်တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။

မေလလယ်ပိုင်းမှာ ပိုးတွေ့သူတွေရဲ့ ကိုဗစ်ပိုးကို လေ့လာရာမှာတော့ ကူးစက်မှုမြန်တဲ့ ဗီဇပြောင်းပိုး ဖြစ်နေတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မျိုးရိုးဗီဇပြောင်းလဲတဲ့ တွေ့ရှိမှုအနေနဲ့ Alpha နှစ်ဦး၊ Delta ငါးဦး၊ Variants of Interest ဖြစ်သည့် Kappa လေးဦးဖြစ်ကြောင်း တွေ့ရှိရပြီးတော့ အဆိုပါပိုးများကို အဓိကမူလတွေ့ရှိတဲ့ နိုင်ငံတွေက အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ အိုင်ယာလန်နဲ့ ဆွစ်ဇာလန်နိုင်ငံတွေပဲ ဖြစ်ပါတယ်။

“Alpha နဲ့ Delta နှစ်ခုယှဉ်ရင်တောင်မှာ Delta ဆိုတဲ့ အိန္ဒိယမှာ စတွေ့တဲ့မျိုးကွဲက Alpha ထက်စာရင် ရာခိုင်နှုန်း ၆၀ ကူးစက်မှုမြန်ပါတယ်” လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိပိုးကူးစက်မှု အခြေအနေတွေအရလည်း ထိစပ်တဲ့ မိသားစုဝင်တွေကို ကူးစက်မှုပိုမြင့်တယ်လို့ ဆိုပါတယ်။

“Alpha နဲ့ Delta ရဲ့ နောက်ထပ်ထူးခြားချက်က သူကပိုးတွေ့တဲ့လူရဲ့ ထိတွေ့ဆက်စပ်နေတဲ့ မိသားစုဝင်တွေမှာ သူ့ရဲ့ကူးစက်နှုန်းက မြင့်ပါတယ်ဆိုပြီး ပြောထားပါတယ်” လို့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကို ကိုးကားပြီး အဆိုပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရလည်း ဇွန်လပိုင်းကစတင်ပြီး ကိုဗစ်ကူးစက်မှုကို ပိုမိုမြင့်တက်လာတာကို တွေ့ရပါတယ်။

နေ့စဉ်နေ့တိုင်း ပိုးတွေ့သူအရေအတွက်က မြင့်တက်လာသလို စစ်တဲ့ဦးရေနဲ့ ပိုးတွေ့ဦးရေရဲ့ ရာခိုင်နှုန်းကလည်း တစ်ရက်ပြီးတစ်ရက် စံချိန်ချိုးနေတာကို တွေ့ရပါတယ်။

“ကျွန်တော်တို့ ငါးလပိုင်းအကုန်လောက်မှာစပြီး ကူးစက်မှုနှုန်း တက်လာတာပါ။ အခု ကူးစက်မှုတွေက တော်တော်ကို မြန်ပါတယ်” လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေ

WHO က အရေးပေါ်သတ်မှတ်ထားတဲ့ ကာကွယ်ဆေးရှစ်မျိုးအနက် နှစ်မျိုးကို မြန်မာနိုင်ငံမှာထိုးနှံ ပေးနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ထိုးနှံပေးနေတဲ့ ကာကွယ်ဆေးနှစ်မျိုးကတော့ အိန္ဒိယနိုင်ငံ ထုတ်ဆေးဖြစ်တဲ့ Covishield နဲ့ တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးတွေပဲဖြစ်ပါတယ်။

ဒါပေမဲ့ အိန္ဒိယနိုင်ငံက မှာယူထားတဲ့ ကာကွယ်ဆေးကတော့ သူ့နိုင်ငံမှာ ကူးစက်မှုမြင့်တက်နေတဲ့ အတွက်ကြောင့် မြန်မာနိုင်ငံကို ပို့ဆောင်ဖို့ အခက်အခဲတွေရှိနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သိရပါတယ်။

သို့သော် တရုတ်နိုင်ငံမှ ကာကွယ်ဆေးများ ထပ်မံရောက်ရှိလာနိုင်မယ်ဆိုပေမဲ့ အရေအတွက်အားဖြင့် အလုံးရေ သုံးသိန်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအရေအတွက်က လူဦးရေ တစ်သိန်းခွဲစာအတွက်ပဲ ရှိပါတယ်။

“ကာကွယ်ဆေးက တစ်သိန်းခွဲပဲ ရတဲ့အတွက်ကြောင့် ကာကွယ်ဆေးက အကန့်အသတ်ပဲဖြစ်ပါတယ်။ ဒါကြောင့် Sinopharm မှာတော့ ပြည်သူအားလုံးကို ထိုးနှံပေးနိုင်ခြင်းတော့ မရှိပါဘူး။ နောက်ထပ်ရရှိနိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံ တခြားနိုင်ငံတွေကလည်း ရရှိဖို့အတွက် ဆောင်ရွက်နေပါတယ်။ အိန္ဒိယက ဝယ်ထားတဲ့ ကာကွယ်ဆေးတွေကို ရရှိဖို့အတွက် ဆောင်ရွက်နေပါတယ်” လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာတော့ ရုရှားနိုင်ငံထုတ် ကာကွယ်ဆေးဖြစ်တဲ့ Spunik အရေအတွက်နှစ်သန်းကို ဝယ်ယူဖို့ စီစဉ်နေပြီးတော့ နောက်ထပ် ခုနစ်သန်းအထိ ဝယ်ယူဖို့ရှိတယ်လို့ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ မေ၂၉ ရက် အထိ ဝန်ကြီးဌာနရဲ့အချက်အလက်တွေအရ Covishield ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံပြီးသူ ၁ ဒသမ ၄ သန်းကျော်ရှိပြီး တစ်ကြိမ်ထိုးနှံပြီးသူမှာ ၁ ဒသမ ၈ သန်းရှိတယ်လို့ သိရပါတယ်။

ကာကွယ်ဆေးအမျိုးအစားတွေမှာ နှစ်ကြိမ်ထိုးရတဲ့ ကာကွယ်ဆေးအတွက် ဒုတိယအကြိမ်ထိုးပြီး နောက်နှစ်ပတ်အကြာ သို့မဟုတ် တစ်ကြိမ်ထိုးရတဲ့ ကာကွယ်ဆေးအတွက် ဆေးထိုးပြီးနောက် နှစ်ပတ်အကြာမှာတော့ ကာကွယ်ဆေး အာနိသင်ကို အပြည့်အဝရရှိနိုင်ပေမဲ့ ကာကွယ်ဆေးမထိုးမီ သို့မဟုတ် ထိုးနှံပြီးစကာလမှာ ရောဂါပိုးရှိတဲ့ သူနဲ့ ထိတွေ့မိပါက COVID-19 ရောဂါကိုကူးစက်ခံရနိုင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သိရပါတယ်။

တတိယလှိုင်းရိုက်ခတ်မှုကြောင့် တိုးလာတဲ့ Stay at Home မြို့နယ်များ

မေလကုန်ပိုင်းမှ စတင်ကာ သတ်မှတ်ခဲ့တဲ့ Stay at Home မြို့နယ်တွေကတော့ တဖြည်းဖြည်း တိုးလာတယ်လို့ဆိုရမှာ ဖြစ်ပါတယ်။

လက်ရှိ COVID-19 တွေ့ရှိမှု များပြားတဲ့မြို့နယ်များကို Stay at Home ထုတ်ပြန်ကြေညာထားပြီး ဇူလိုင် ၁၀ ရက်အထိ Stay at Home သတ်မှတ်ထားတဲ့ မြို့နယ် ၃၀ ကျော်အထိရှိလာပြီဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီးမှ ချမ်းမြသာစည်၊ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်၊ မဟာအောင်မြေ၊ ပုသိမ်ကြီးမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်နှင့် အမရပူရမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးမှ သာယာဝတီ၊ မင်းလှ၊ လက်ပံတန်းနှင့် ဖြူးမြို့နယ်၊ ချင်းပြည်နယ်ရှိ တွန်းဇံ၊ တီးတိန်၊ ဖလမ်း၊ ထန်တလန်၊ ဟားခါးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ တမူး၊ ဟုမ္မလင်းနှင့် ကလေးမြို့နယ်၊ ရှမ်း ပြည်နယ်မှ လားရှိုးမြို့၊ နောင်ချိုမြို့ နယ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လောက်ကိုင်မြို့၊ ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်၊ မြောင်းမြနှင့် သာပေါင်းမြို့နယ် အစရှိတဲ့ မြို့နယ်တွေကို Stay at Home အဖြစ် ကြေညာခဲ့ပါတယ်။

“Stay at Home ကနေပြီးတော့ တခြားတိုင်းနဲ့ပြည်နယ်တွေကို လာမယ်ဆိုရင် သူတို့တွေကို စစ်ဆေးပြီးတော့ ပိုးမတွေ့ရင်  Quarantine ၁၀ ရက်ထားမှာဖြစ်ပါတယ်။ ပိုးရှိရင်တော့ ပိုးရှိတဲ့ ဂိုက်လိုင်းအတိုင်းပဲ ဆက်ပြီးတော့ ကုသမှုပေးသွားမှာဖြစ်ပါတယ်။ ဒီနေရာမှာ Stay at Home မဟုတ်တဲ့နေရာက သူတွေကတော့ Quarantine မလိုပါဘူး။ ဒါကတော့ သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် COVID ကော်မတီရဲ့ ရောဂါဖြစ်ပွားမှု အခြေအနေပေါ်မူတည်ပြီး အပြောင်းအလဲတော့ ရှိနိုင်ပါတယ်” လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန တာဝန်ရှိသူက ပြောပါတယ်။

Stay at Home မြို့နယ်တွေ မှာ နေထိုင်သူတွေနဲ့ ကာကွယ်ဆေးထိုးပြီးတဲ့သူတွေအနေနဲ့ သက်ဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့ခွင့်ပြုချက်တွေအတိုင်း နေထိုင်ရမယ်လို့လည်း ၎င်းကပြောပါတယ်။

အောက်ဆီဂျင်လိုအပ်ချက် မြင့်တက်နေတဲ့ တတိယလှိုင်း

အရှိန်ပြင်းပြင်း ရိုက်ခတ်နေတဲ့ ကိုဗစ်တတိယလှိုင်းမှာတော့ အောက်ဆီဂျင် လိုအပ်ချက် မြင့်တက်နေပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ကိုဗစ်ကူးစက်ခံရတဲ့သူတွေအတွက် အောက်ဆီဂျင်လိုအပ်ချက်က နေ့စဉ်နဲ့အမျှ ဖြစ်နေတယ်လို့ ကလေးမြို့ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

“အောက်ဆီဂျင်ကား ဘယ်အချိန်လာမလဲဆိုတာ စောင့်နေရတယ်။ ထည့်နေရင်းနဲ့ အောက်ဆီဂျင်ပြတ်သွားလို့ ထိုင်စောင့်နေရတာတွေ မနည်းဘူး” လို့ ကလေးမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကလေးမြို့ အောက်ဆီဂျင် လိုအပ်ချက်အတွက်ရန်ကုန်၊ မန္တလေး၊ မုံရွာစတဲ့ ဒေသတွေကနေ တိုက်ရိုက်မှာယူခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ ကလေးမြို့ဒေသခံတွေ စုပေါင်းပြီး အောက်ဆီဂျင်ထုတ်စက်ကို တည်ဆောက်နိုင်ခဲ့ပါတယ်။

အဲဒီစက်ကနေ တစ်ရက်ကို အောက်ဆီဂျင် ၄၀ လီတာအလုံး ၇၈ လုံး ထုတ်လုပ်နိုင်ပြီးတော့ ဇူလိုင် ၉ ရက်မှာ စတင်လည်ပတ်နိုင်ခဲ့ပါတယ်။

“နည်းနည်းတော့ ခုသာခံသာ ရှိသွားတယ်။ ဒါပေမဲ့ လိုအပ်ချက်က ရှိနေတုန်းပဲ” လို့ ကလေးမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကိုဗစ်ကူးစက်ခံရမှုကြောင့် ကလေးမြို့မှာဆိုရင် သေဆုံးသူ အရေအတွက် မြင့်တက်နေပါတယ်။

“နာရေးမရှိတဲ့လမ်းဆိုတာ လက်ချိုးရေလို့ရတယ်။ မရှိတဲ့လမ်းဆိုတာ မရှိဘူး။ အထူးသဖြင့် တာဟန်းဘက်မှာဆိုရင် ပိုဆိုးတယ်” လို့ ကလေးမြို့ခံတစ်ဦးက ပြောပါတယ်။

အလားတူ ဇူလိုင်လဆန်းပိုင်းက စတင်ပြီး ရန်ကုန်တိုင်းဒေသကြီးမှာလည်း အောက်ဆီဂျင်လိုအပ်တဲ့သူ များလာပါတယ်။

“အောက်ဆီဂျင် လိုသလောက်မရဘူး။ မနက်ကတည်းက ရှိတဲ့အိုးနဲ့ လိုက်ထည့်နေရတာ။ လူနာတွေကို အားနာတယ်” လို့ ရန်ကုန်မြို့မှာရှိတဲ့ ပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တတိယလှိုင်း ကိုဗစ်ကူးစက်မှုမှာ အောက်ဆီဂျင်လိုအပ်ချက် မြင့်တက်လာတဲ့အချိန်မှာ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ရပ်ကွက်၊ မြို့နယ်အလိုက် အောက်ဆီဂျင် အလှူပေးနေတဲ့ အဖွဲ့တွေအနေနဲ့လည်း မတတ်နိုင်တော့ပါဘူး။

“အသင်းမှာ အောက်ဆီဂျင် အိုးအလုံး ၂၀ ကျော်ရှိတယ်။ အခုတော့ တစ်လုံးမှ မရှိတော့ဘူး။ အကုန်လုံး ငှားးထားရတယ်။ တချို့လာမအပ်တဲ့သူတွေလည်းရှိတော့ လိုက်တောင်းနေရတယ်” လို့ မြို့နယ်တစ်ခုရှိ အောက်ဆီဂျင်အိုးငှားရမ်းပေးသည့် ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တောင်ဒဂုံစက်မှုဇုန်၊ ရွှေပြည်သာစက်မှုဇုန် အစရှိတဲ့ စက်မှုဇုန်တွေမှာ အောက်စီဂျင်ဖြည့်တင်းပေးတဲ့ စက်ရုံတွေရှိနေပေမယ့် လိုအပ်ချက်ကို အလျင်မီအောင် မပေးနိုင်သေးပါဘူး။

“မနက်တည်းက လာစောင့်နေတာ။ ၄၀ လီတာတွေ ဖြည့်လို့မရတော့ဘူး။ ၁၀ လီတာနဲ့ ၁၅ လီတာလောက်ပဲ ဖြည့်လို့ရတော့တယ်။ မနက်ဖန်မှ ၄၀ လီတာဖြည့်လို့ရမယ်တဲ့။ အခုကတော့ ရသလောက်ပဲယူရမှာပဲ” လို့ တောင်ဒဂုံစက်မှုဇုန်မှာ အောက်ဆီဂျင် လာရောက်ဖြည့်တင်းတဲ့သူတစ်ဦးက ပြောပါတယ်။

အောက်စီဂျင်အိုးနဲ့ အရည် ဘယ်စျေးတွေ ပေါက်နေသလဲ

ကိုဗစ်ကူးစက်မှုမရှိခင်က အခြားရောဂါကြောင့် အသက်ရှူရခက်ခဲတဲ့ လူနာအတွက်သာ အောက်ဆီဂျင်လိုအပ်ခဲ့ပေမဲ့ လက်ရှိကိုဗစ် တတိယလှိုင်းမှာတော့ အောက်ဆီဂျင် လိုအပ်တဲ့သူ များလာတဲ့အတွက်ကြောင့် ပြည်တွင်းမှာလည်း အောက်ဆီဂျင်အိုး မလုံလောက်တဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

အရင် ၄၀ လီတာ အောက်ဆီဂျင်အိုးတစ်လုံးကို အများဆုံးကျပ် တစ်သိန်းရှစ်သောင်းသာ ပေးခဲ့ရပြီးတော့ ၁၀ လီတာ တစ်လုံးဆိုရင် ကျပ်ရှစ်သောင်းခန့်သာ ပေးရပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ၄၀ လီတာ အောက်ဆီဂျင်အိုးတစ်လုံးကို ကျပ်ခြောက်သိန်းအထိ စျေးပေါက်နေပါတယ်။

“ခြောက်သိန်းနဲ့ ရမယ်ဆိုလို့  ဝယ်ဖို့လုပ်တာ လုံးဝဝယ်လို့မရဘူး” လို့ အောက်ဆီဂျင်အိုး လိုက်ဝယ်ခဲ့သူတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ အောက်ဆီဂျင်အိုး စျေးကွက်က မှောင်ခိုစျေးကွက်ပုံစံဖြစ်နေပြီးတော့ ၄၀ လီတာ တစ်လုံးကိုအနည်းဆုံးကျပ်ငါးသိန်း စျေးပေါက်နေပါတယ်။

“အခုက မှောင်ခိုလိုဖြစ်နေတာ။ တစ်လုံးကို ငါးသိန်းပေးဝယ်ရတယ်။ ဒါတောင် ဟိုကတစ်လုံးရ ဒီကတစ်လုံးရနဲ့ စုနေရတယ်” လို့ ရန်ကုန်မြို့အခြေစိုက်ပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အောက်စီဂျင် ၄၀ လီတာ တစ်လုံးဖြည့်မယ်ဆိုရင် ကျပ်ငါးထောင်ခန့်သာပေးရပြီးတော့ လက်ရှိအချိန်မှာလည်း စျေးတက်ခြင်းမရှိပါဘူး။

“စျေးတွေကတော့ အရင်အတိုင်းပဲ။ ဒီအချိန်ပိုယူရင် လူဘယ်မပီသတော့ဘူး” လို့ တောင်ဒဂုံစက်မှုဇုန်မှာရှိတဲ့ အောက်ဆီဂျင်စက်ရုံတစ်ရုံမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူတွေအနေနဲ့ ကိုယ်တွင်း အောက်ဆီဂျင်ကျလာရင် အရေးပေါ်အောက်ဆီဂျင် ကူပေးရပါတယ်။ ဒါပေမဲ့တချို့လူနာတွေက အသက်ရှူရတာ မခက်ခဲဘူးဆိုပြီး ပေါ့လျော့မှုကြောင့် အသက်ဆုံးရှုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

“အနည်းဆုံး အောက်ဆီဂျင်က ၉၄ အထိရှိရမယ်။ အဲဒီ အောက်ဆို အသက်ရှူရတာ မခက်ခဲဘူးဆိုပေမဲ့လည်း အောက်ဆီဂျင် ပေးရတယ်” လို့ ပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အောက်ဆီဂျင်လိုအပ်ချက် မြင့်တက်နေခြင်းကြောင့် လတ်တလော Oxygen Concentrator များကို FDA ထောက်ခံချက်မလိုဘဲ တင်သွင်းနိုင်မယ်လို့ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

“ကိုဗစ်​ကူးစက်​ရောဂါ ကူးစက်နှုန်းမြင့်မား​နေပြီး ​အောက်ဆီဂျင်လိုအပ်မှုများပြား​နေခြင်းကြောင့် လုပ်ငန်းရှင်မိတ်ဆွေအချို့က Oxygen Concentrator လွယ်ကူစွာ တင်သွင်းနိုင်​ရေး မည်သို့​ဆောင်ရွက်ပေးမည်ကို ​မေးလာကြပါသည်။ သက်ဆိုင်ရာ ဝန်ကြီးဌာနများက Oxygen Concentrator တင်သွင်းလိုသူ လုပ်ငန်းရှင်များ လွယ်ကူစွာ တင်သွင်းနိုင်​ရေးအတွက် ​အောက်ပါအတိုင်း ညှိနှိုင်း​ဆောင်ရွက်​ပေးထားပါ​ကြောင်း အသိ​ပေးအပ်ပါသည်။ Oxygen Concentrator တင်သွင်းမှုအတွက် FDA ထောက်ခံချက်မလိုအပ်တော့ပါ။ စီးပွား/ကူးသန်းသို့ သွင်းကုန်လိုင်စင် ​လျှောက်ထားရန်မလိုပါ၊ တင်သွင်း​ရောက်ရှိလျှင် အ​ကောက်ခွန် ၃ ရာခိုင်နှုန်းကို လက်ငင်းပေး​ဆောင်ရန်မလိုဘဲ အကောက်ခွန်ဦးစီးဌာနတွင် စာရင်းမှတ်ထားပြီး ပစ္စည်းကို ချက်ချင်းထုတ်ယူနိုင်ပါသည်” လို့ု ဦးအောင်နိုင်ဦးက ရေးသားထားပါတယ်။

အောက်ဆီဂျင် လိုအပ်ချက် ဘယ်လိုအဖြေရှာမလဲ

COVID-19 ရောဂါနဲ့ ပတ်သက်ရင် အောက်ဆီဂျင်လိုအပ်မှုက အရေးတကြီး လုပ်ဆောင်ရမယ့် အခြေအနေဖြစ်ပြီးတော့ လိုအပ်ချက်မြင့်နေတဲ့ နေရာတွေမှာရရှိအောင် ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒုတိယလှိုင်း ကူးစက်မှုထက် ပြင်းထန်သည့် တတိယလှိုင်းကိုဗစ် ကူးစက်မှုမှာ မြန်မာနိုင်ငံက နေရာဒေသတော်တော်များများမှာ ဖြစ်ပွားနေပြီဖြစ်ပါတယ်။

ကိုဗစ်ကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ အရေအတွက်ကလည်း တဖြည်းဖြည်း မြင့်တက်လာပြီဖြစ်ပါတယ်။ စိန်ခေါ်မှုတွေ အခက်အခဲတွေများပြားတဲ့ ကိုဗစ်ကူးစက်မှုတွေကို ထိန်းချုပ်ကာကွယ်ဖို့အပြင် အရေးတကြီး လိုအပ်ချက်ဖြစ်တဲ့ အောက်စီဂျင်ကိုလည်း ဘယ်လိုကိုင်တွယ်ဆောင်ရွက်မလဲဆိုတာ အစိုးရအတွက် ပုစ္ဆာတစ်ပုဒ်လိုဖြစ်ပါတယ်။ ကုသရေးလုပ်ငန်းမှာ အရေးပါတဲ့ အောက်စီဂျင်ကို အချိန်မီ ဖြည့်တင်းပေးမှသာ ကိုဗစ်လူနာတွေ အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရမယ့်အရေးက ကာကွယ်နိုင်မှာလည်း ဖြစ်ပါတယ်။       

Most Read

Most Recent