စာအုပ်ကို ကျော်ကြည့်ခြင်း

စာအုပ်ကို ကျော်ကြည့်ခြင်း
Published 7 July 2021
မောင်ကြည်

အခုတစ်လော ဘာရယ်လို့ မသိဘူး။ ဟိုးအတွင်းပိုင်း တစ်နေရာကနေ “စာအုပ်ကို ကျော်ကြည့်” “စာအုပ်ကိုကျော်ကြည့်” ဆိုတဲ့ အသံဟာ ကျွန်တော့်နားထဲကို ရောက်ရောက်လာပါတယ်။ ဘာပဲလုပ်လုပ် ဘယ်နေရာရောက်နေနေ အဲဒီစကားသံပဲ ထပ်ပြန်တလဲလဲ ကြားနေရပါတယ်။ အလိုနားထောင် ကြည့်စမ်းပါ “စာအုပ်ကိုကျော်ကြည့်”  “စာအုပ်ကိုကျော်ကြည့်” ဆိုပါလား။

ဘာလို့ အဲဒီလိုခဏခဏ ကြားနေရတာလဲ။ သိပြီ။ အခုတစ်လော ကျွန်တော် စာအုပ်တွေနဲ့ပဲအချိန်ကုန်ပြီး စာအုပ်တွေကို အစွဲအလမ်းကြီးနေလို့ ဖြစ်မယ်။ ဟုတ်တာပေါ့။ ကျွန်တော်ကလည်း ကျွန်တော်ပါပဲ။ စာဖတ်ပြီဆို ထမင်းမေ့ ဟင်းမေ့။ စာမှစာ တစာစာ ဖြစ်နေတော့တာပဲကိုး။ စာအုပ်ကလွဲလို့ ဘာမှမမြင်တော့လို့ တစ်စုံတစ်ခုက ကျွန်တော့်ကို လှုံ့ဆော်သတိပေးလိုက်တာပဲလို့ ထင်မိတယ်။ ဟော ကြားရပြန်ပြီ။ “စာအုပ်ကို ကျော်ကြည့်” “စာအုပ်ကို ကျော်ကြည့်” တဲ့။

ကျွန်တော်ကလည်း စာအုပ်ဆို အရူးအမူးစွဲလမ်းတဲ့ လူစားမျိုးလေ။ လူတစ်ယောက် လမ်းပေါ်မှာ စာအုပ်ကိုင်သွားတာ မြင်ရင် အနောက်ကနေ တကောက်ကောက်လိုက်ပြီး ဘာစာအုပ်ပါလိမ့်လို့ မရမက အတင်းလိုက်ကြည့်ပြီး စာအုပ်နာမည်သိလိုက်ရမှ စိတ်ထဲ ဘဝင်ကျ ‌ကျေနပ်သွားတတ်တာ။ ကျွန်တော်က စာအုပ်အပေါ် အဲဒီလောက်အထိ အရူးအမူးဖြစ်တာ။ ဒါတောင် အခု အသက်ကြီးသွားလို့ နည်းနည်းတော်သွားတာလို့ ပြောရမယ်။ ငယ်ငယ်တုန်းက စာတစ်အုပ်ဖတ်ပြီဆို ထိုင်ရာကမထတမ်းပဲ။ အဲဒီအချိန် အမေကများ တစ်ခုခုစျေးဝယ် ခိုင်းရင် နှုတ်ခမ်းစူ အလိုမကျဖြစ်ပြီ။ ဘယ်လောက်အထိ စာထဲစျာန်ဝင်နေသလဲဆိုရင် မိုးချုပ်လို့ ချုပ်မှန်းမသိ။ အမေက အနားမှာ ဖယောင်းတိုင်နဲ့ မီးခွက်လေးလာချတော့မှ နေဝင်သွားပြီမှန်းသိတာ။ အဲဒီလောက်ဖတ်ခဲ့လို့လည်း လက်ရှိအချိန်မှာ ကျွန်တော်တပ်တဲ့ မျက်မှန်ဟာ ပုလင်းဖင်ဖြစ်နေတာ မဟုတ်လား။ အခုတော့ တစ်စုံတစ်ခုက ကျွန်တော့်ကို လှမ်းပြောနေပြီ။ “စာအုပ်ကို ကျော်ကြည့်”  “စာအုပ်ကို ကျော်ကြည့်” တဲ့။

တကယ်တော့ “စာအုပ်ကို ကျော်ကြည့်”  “စာအုပ်ကို ကျော်ကြည့်” ဆိုတဲ့ စကားက တခြားက လာတာမဟုတ်ပါဘူး။ ကျွန်တော်က ဆရာဇော်ဂျီစာတွေ သိပ်ဖတ်သိပ်စွဲလမ်းခဲ့တာမဟုတ်လား။ “စာအုပ်ကိုကျော်ကြည့်” ဆိုတဲ့ စကားဟာ ဆရာဇော်ဂျီ မကြာခဏ ပြောလေ့ရှိတဲ့ စကားပါ။ ဆရာ့စာထဲလည်း အလျဉ်းသင့်တဲ့အခါ ထည့်ထည့်ရေးလေ့ရှိပါတယ်။ ဘာကြောင့် ဆရာက အဲဒီစကားပြောရတာလဲ။ ဆရာက စာအုပ်ပဲဖတ်ပြီး စာစွဲပဲစွဲတာကို ကြိုက်ပုံမရဘူး။ ဆရာက “စာတွေနဲ့ လက်တွေ့”  နှစ်ဖက် မျှမျှတတ ဖြစ်စေချင်ပုံရတယ်။ ဘာလို့လဲဆိုတော့ လယ်တီဆရာတော်ရဲ့ “မျက်မြင်မှာဉာဏ်တွဲလို့ အနဲနဲရှုပါ” ဆိုတဲ့ တေးထပ်ကို ဆရာဇော်ဂျီ ခဏခဏ ရွတ်ပြဖူးလို့ပါပဲ။ ကျွန်တော်ထင်ပါတယ်။ စာသမားဖြစ်တဲ့ ဆရာဇော်ဂျီဟာ အဲဒီတေးထပ်လေးရွတ်ပြီး သူ့ကိုယ်သူလည်း သတိပေးနေပုံရပါတယ်။ ကြည့်လေ။ “မျက်မြင်မှာ ဉာဏ်တွဲလို့” တဲ့။ မျက်မြင်ကိုယ်တွေ့ကို ဉာဏ်ပညာနဲ့ တွဲရမယ်တဲ့။ ဒီဉာဏ်ပညာ ဘယ်ကလာသလဲ။ စာပေကျမ်းဂန် ဗဟုသုတကလာတာပေါ့။ လယ်တီဆရာတော်က မျက်မြင်ကိုယ်တွေ့ချည်းပဲလည်း အားမကိုးခိုင်းဘူး။ စာပေကရတဲ့ ဉာဏ်ပညာနဲ့ တွဲဖက် အသုံးချရမယ်တဲ့။ ဒါကြောင့် “မျက်မြင်မှာ ဉာဏ်တွဲလို့ အနဲနဲရှုပါ” လို့ ပြောလိုက်တာ။ “အနဲနဲရှုပါ” ဆိုတာ အမျိုးမျိုးအဖုံဖုံ သုံးသပ်ဆင်ခြင်ပါလို့ ပြောလိုတာပါပဲ။ အဲဒါကြောင့်လည်း ဆရာဇော်ဂျီက ဒီတေးထပ်လေးကို နှစ်သက်သဘောကျပြီး ခဏခဏ ရွတ်ဆိုပြပုံရပါတယ်။ ရွတ်ဆိုရုံနဲ့ အားမရဘဲ “စာအုပ်ကို ကျော်ကြည့်” သင့်ကြောင်း သူ့စာတွေထဲမှာ မကြာခဏဆိုသလို အကြံပေးတဲ့ သဘောမျိုးနဲ့လည်း ထည့်ထည့်ရေးခဲ့ပုံရပါတယ်။

အကြံပေးတဲ့ သဘောလို့ ကျွန်တော် ရေးလိုက်တာတကယ်တော့ မတိကျပါဘူး။ ဆရာဇော်ဂျီက “စာအုပ်ကိုကျော်ကြည့်” လို့ တိုက်ရိုက်ရေးခဲ့တာမဟုတ်ပါဘူး။ သူစာဖတ်တဲ့အခါ တစ်ခါတလေ စာဖတ်တာ ခဏရပ်ပြီး စာအုပ်ကိုကျော်ကာ တွေးတောငေး မောမိကြောင်း ရေးခဲ့တာပါ။ ဒါကိုပဲ ကျွန်တော်က စာဖတ်တဲ့အခါ စာစွဲမကြီးဘဲ စာအုပ်ကိုကျော်ကြည့်ဖို့လည်း လိုတယ်လို့ အဓိပ္ပာယ်ကောက်လိုက်မိတာပါ။ ပြောချင်တာက အခုတလောဆရာဇော်ဂျီရဲ့ အဲဒီစကားလေး ကျွန်တော့်နားထဲ ပြန်လည်ကြားယောင်မိတဲ့ အကြောင်းပါ။ ဟုတ်ပါတယ်။  “စာအုပ်ကိုကျော်ကြည့်”  “စာအုပ်ကိုကျော်ကြည့်” ပါတဲ့။

ဆရာဇော်ဂျီဟာ “စာတွေ့ - သုတ” နဲ့ “ကိုယ်တွေ့ - မုတ” ကို တွဲဖက်အသုံးချသင့်ကြောင်းကို ဝတ္ထုလိုတစ်မျိုး၊  ကဗျာလိုတစ်သွယ်၊ ဆောင်းပါလိုတစ်ဖုံ အမျိုးမျိုးအစုံစုံ တိုက်တွန်း သတိပေးခဲ့သူပါပဲ။ သူ့ခေတ်မှာ ကြုံခဲ့ရတဲ့ စာအုပ်ကြီးသမားတွေကို မကြာခဏ မြင်ထားလို့ သူ့စာထဲထည့်ပြီးသရော်တဲ့ ပုံစံမျိုးလည်းရေးခဲ့ဖူးပါတယ်။ သူ့ရဲ့ နာမည်ကျော် “ပုဂံစျေး” ဝတ္ထုတိုထဲမှာဆိုရင် ကျမ်းစာအုပ်တွေထဲမှာသာ ပျော်မွေ့တဲ့ ပညာရှိအမတ်တွေကို ရှုတ်ချသရော်ပြီး ကျမ်းစာလည်းဖတ် ပတ်ဝန်းကျင်ကိုလည်း လေ့လာတဲ့ ပုဂံသားလူငယ်လေးတစ်ယောက်ကို ချီးကျူးထားပါတယ်။ အ‌မေးပုစ္ဆာကို ဖြေဆိုနိုင်ခဲ့တဲ့ အဲဒီလူငယ်လေးကို တိုင်းတစ်ပါးကလာတဲ့ သံအမတ်တွေက “အသင်လေ့လာသော ပေထုပ်ကို ကြည့်ချင်ပါသည်” လို့ ‌ပြောတဲ့အခါ လူငယ်လေးက “ပုဂံစျေးပင် ဖြစ်ပါတော့သည်” တဲ့။ ဒီဝတ္ထုလေးက ဘာကိုပြောနေသလဲဆိုရင် စာအုပ်ထဲမှာသာ စူးစိုက်မနေဘဲ “စာအုပ်ကိုကျော်ကြည့်”  “စာအုပ်ကို ကျော်ကြည့်” လို့ ကျွန်တော်တို့ကို သတိပေး နှိုးဆော် တိုက်တွန်းနေသလိုပါပဲ။

ဆရာ့ရဲ့ အဆုံးမသတ်ခဲ့တဲ့ “ပြည်ကြီး ဘာယာ” ဝတ္ထုရှည်ထဲမှာဆိုရင်လည်း ဘာပဲတွေ့တွေ့၊ ဘာပဲကြားကြား ကျမ်းစာအုပ်နဲ့ ညှိပြီးမှ လက်ခံတတ်တဲ့ ပညာရှိတွေကို ရက်ရက်စက်စက် သရော်ထားပါသေးတယ်။ အဲဲဒီဝတ္ထုထဲက ပညာရှိတွေဟာ မိန်းမချောမိန်းမလှတစ်ယောက်ကို ကိုယ်တိုင်ကိုယ်ကျ မြင်နေပါလျက်နဲ့ ကျမ်းစာထဲက အချောအလှဂုဏ်တွေနဲ့ညီမှ ချောတယ် လှတယ်လို့ သတ်မှတ်ဝံ့တဲ့ လူစားမျိုးတွေပါ။ တကယ်တော့ သူတို့ဟာ “စာအုပ်ကိုကျော်ကြည့်” ဖို့ သတိမရခဲ့သူတွေပါပဲ။ ဆရာ‌ဇော်ဂျီက “စာအုပ်ကို ကျော်ကြည့်” သင့်ကြောင်း အဲသလိုဝတ္ထုနဲ့  ပြောခဲ့သလိုကဗျာနဲ့လည်း ပြောခဲ့ပါသေးတယ်။ “စွမ်းရည် အလှ” ဆိုတဲ့ ကဗျာထဲမှာ -

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်းမင်း၏သားငယ်၊

သက်နှစ်ဆယ်သည် ဘယ်ပညာမှာစွမ်းသနည်း။

 

စွမ်းသည်ခြင်းရာ၊ ဆိုသည်မှာကား

စာတွေ့သက်သက်၊ စာမာန်တက်၍

စာထွက်များလျား၊ စကားတွတ်တွတ်

ရွတ်တတ်အံ့ဘနန်း၊ သည်အစွမ်းသည်

စွမ်းရည်မရိုး၊ သူ့ကိုယ်ကျိုး။

 

စာတွေ့အသိ၊ ကိုယ်တွေ့ညှိ၍

မှန်၏ကောင်း၏၊ ဉာဏ်ဖြင့်သိ၍

သတိထိန်းချုပ်၊ စိတ်ကောင်းအုပ်၍

အလုပ်ချစ်ခင်၊ ဂုဏ်ဟုမြင်၍

လိုချင်ကြိုးပမ်း၊ သည်အစွမ်းသည်

စွမ်းရည်မိုးထိုး၊  အများကျိုး။

...ဆိုပြီးစာတွေ့နဲ့ ကိုယ်တွေ့ ညှိသင့်ကြောင်း အကြံပေးတိုက်တွန်းခဲ့ဖူးပါတယ်။ တစ်နည်းပြောရရင် “စာအုပ်ကိုကျော်ကြည့်” ခိုင်းတာပါပဲ။

အခုတလော ကျွန်တော်ဟာ “ပုဂံစျေး”  ထဲက ပညာရှိတွေလို စာအုပ်ပုံထဲ ခေါင်းငိုက်စိုက်ကျကာ စာတွေချည်း ဆက်တိုက်ဖတ်နေမိပါတယ်။ ကျွန်တော်ဟာ စာအုပ်တွေကို  “ကြောင်ပုဇွန်စား ကြွတ်ကြွတ်ဝါး” သလို မနားတမ်း ဖတ်နေမိလေသလား။ မိမိအခန်းထဲ မိမိကိုယ်ကိုယ် ပိတ်လှောင်ကာ မိမိစာအုပ်နဲ့သာ ကမ္ဘာလောကတစ်ခု တည်ဆောက် မိနေလေသလား။ မိမိအခန်းထဲက ပြတင်းပေါက်ကိုဖွင့်ကာ ပတ်ဝန်းကျင်ကို နားစွင့်ဖို့ရာ မေ့တိမေ့လျော့ ဖြစ်နေခဲ့လေသလား။

အဲဒီအချိန်မှာပဲ “စာအုပ်ကို ကျော်ကြည့်”  “စာအုပ်ကို ကျော်ကြည့်” ဆိုတဲ့ အသံလှိုင်းဟာ အဝေးတစ်နေရာကနေ ကျွန်တော့်ထံပါး ပျံ့လွင့်လို့ လာခဲ့ပါတော့တယ်။