လားရှိုးမြို့နှင့် Stay at Home နေ့ရက်များ

လားရှိုးမြို့နှင့် Stay at Home နေ့ရက်များ
Stay at Home ကာလ တိတ်ဆိတ်ခြောက်ကပ်နေသော လားရှိုးမြို့မြင်ကွင်း
Stay at Home ကာလ တိတ်ဆိတ်ခြောက်ကပ်နေသော လားရှိုးမြို့မြင်ကွင်း
Published 4 July 2021
ထွန်းနေလှိုင်(နောင်ပိန်)

(၁)

မြို့သည် ရုတ်ခြည်းတိတ်ဆိတ်သွားသည်။ မြို့တွင်းလမ်းများတွင်လည်း သွားလာသူက အနည်းငယ်မျှ သာရှိတော့သည်။ မြို့တွင်းရှိ စျေးဆိုင်များ ၉၀ ရာခိုင်နှုန်းကျော်အထိ ပိတ်သွားသည်။ ဖွင့်သည့်ဆိုင်မှလည်း မည်သူ့ကိုမျှ ဆိုင်အတွင်း ဝင်ခွင့်မပြုတော့။ ပလတ်စတစ်အဖြူစကြီး ကာထားကာ ပြင်ပမှသာ စျေးဝယ်ခွင့်ပြုတော့သည်။

ဆိုင်ရှေ့ခုံလေးတစ်လုံးပေါ်တွင်တော့ Hand Gel နှင့် Mask ဘူး ချထားသည်။ အနီးတွင်တော့ “မည်သူမဆို Mask တပ်ပါ” “Hand Gel ဖြင့် လက်ကို စင်ကြယ်အောင် ဆေးပါ” ဟူသော စာတန်းချိတ်ဆွဲထားသည်။

ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများလည်း ဖွင့်လှစ်မှုက နည်းလာသည်။ဖွင့်သည့်ဆေးခန်းများ၏ ရှေ့တွင်လည်း စည်းကမ်းသတ်မှတ်ချက်စာသားများ ရေးသားထားသော ဗီနိုင်းကြော်ငြာများ ကပ်ထားသည်။ ဆေးခန်းဝင်ပေါက်တံခါးကိုလည်း တစ်ချပ်သာ ခပ်ဟဟဖွင့်ထားသည်။ ဆေးခန်းအများစုကတော့ ပိတ်လို့ထားသည်။

ပုံမှန်အားဖြင့် နေ့ခင်းပိုင်းတွင် ယာဉ်ငယ်များ ပြည့်ကျပ်နေတတ်သော လမ်းမတော်လမ်းမကြီးပေါ်တွင် ဆိုင်ကယ်တစ်စီးစနှစ်စီးစနှင့် ကားငယ်တစ်စီးနှစ်စီးခန့်သာ ဖြတ်သန်းသွားသည်ကို တွေ့ရသည်။ ထိုသူများ၏မျက်နှာပေါ်တွင် နှာခေါင်းစည်း Mask များနှင့် အချို့တွင် Face Shield များ ဝတ်ဆင်ထားသည်။

ဆေးရုံကြီးရှေ့တွင် ရောင်းချသည့် ဆေးဆိုင်အများစုပိတ်လို့ထားသည်။ အချို့ဆေးဝယ်ဖို့အတွက် ဆိုင်လိုက်ရှာနေကြသည်။ ဆေးဆိုင်ဖွင့်သည့် သတင်းကြားသည့် ရပ်ကွက်ဘက်ကို အပြေးအလွှား ဆေးသွားဝယ်ကြသည်။

နေ့စဉ်စည်ကားနေကျ မြို့မစျေးတံခါးကြီးက ပိတ်လို့နေသည်။အနီးရှိ ကုန်စိမ်းစျေးတံခါးဝတွင်လည်း ဗီနိုင်းအနီစပေါ်တွင် အဖြူရောင်စာလုံးဖြင့် ကိုဗစ်ပိုးကူးစက်မှု ရောဂါကာကွယ်ရေးနှင့် ပတ်သက်သည့် စာသားအချို့ကို ရေးသားထားသည်။ ထိုစာသားက ကုန်စိမ်းစျေး၏ ပိတ်ထားသော တံခါးပေါ်တွင်ဖြစ်သည်။

ယခင်က စျေးရောင်းစျေးဝယ်များဖြင့် စည်ကားလေ့ရှိသော လမ်းမကြီးပေါ်တွင် ယခုတော့ တွန်းလှည်း လေးပေါ် Mask နှင့် Hand Gel များ၊ Face Shield များတင်ကာ ရောင်းချနေသည့် စျေးသည်တစ်ဦးစနှစ်ဦးစသာ တွေ့မြင်ရတော့သည်။ အမြဲဝယ်စားနေကျ ပေါင်မုန့်ဆိုင်လည်း ပိတ်လို့ထားသည်။ အမြဲထိုင်သောက်နေကျ ကဖေးဆိုင်လေးလည်း စက္ကူပန်းပင်များအောက် ခပ်ဆွေးဆွေးလေးရှိနေသည်။ မလွှဲမရှောင်သာ လမ်းပေါ်ထွက်လာကြသူများမှာလည်း တစ်ဦးနှင့်တစ်ဦး  ယုံကြည်မှုရှိနေပုံမရ။ ကျန်းမာရေး အသိ၊ သတိရှိနေပုံရသည်။ ပြည်ထောင်စုလမ်းမကြီးဘေးတွင်တော့ သစ်သီးစျေးသည်များ Mask နှင့် Face Shield များတပ်ကာ စျေးရောင်းနေကြသည်။ မြို့ပြင်ထွက်မည့် ကားအချို့ ရှမ်းပြည်ထွက် အသီးအနှံတချို့ကို ဆင်းဝယ်ကြသည်။ တချို့က ကားမှန်အသာချကာ ကားပေါ်မှသာ ဝယ်ကြသည်။

(၂)

“ကျွန်မနေထိုင်ရတာတော့ ကောင်းပါတယ်။ အသက်ရှူရတာလည်း အဆင်ပြေတယ်။ ကျွန်မက ကိုဗစ်နဲ့ပတ်သက်ပြီး ရောဂါလက္ခဏာက ဘာမှမပြဘူး။ စကားပြောတာ အသံနည်းနည်းဝင်နေတာက လွဲလို့ပေါ့။ ကျွန်မ ဒီကိုရောက်လာတာက ကျွန်မတို့ရုံးက တစ်ယောက်က ကိုဗစ်ပိုးကူးစက်ခံရလို့ သူနဲ့ ထိစပ်တဲ့ သူတွေကို ဆေးစစ်တဲ့အချိန်မှာ ကျွန်မမှာ ကိုဗစ်ပိုးကူးစက်တာ သိရတာပေါ့။ ဒါနဲ့ပဲ ကျွန်မက မိုးလုံလေလုံ အားကစားရုံကြီးထဲက ကိုဗစ်ကုသရေးနေရာကို ရောက်လာတယ်။ ဒီမှာရောက်တော့ သွေးပေါင်ချိန်တွေ ဘာတွေတော့ ကိုယ့်အချင်းချင်း တိုင်းတာပေးရတာတွေရှိတယ်။ စားစရာဆိုရင်လည်း သူတို့က ထမင်းထုပ်ကို တံခါးပေါက်နား လာချပေးတယ်။ အဲဒီအချိန်ထွက်ယူရတာပေါ့။ နောက်ပြီး ကိုဗစ်လူနာတွေကိုထားတဲ့အခန်းကလုံတော့ ညဆိုရင်လည်း အိပ်လို့မပျော်ဘူး။ဘေးနားက အသက်ကြီးတဲ့ လူနာတွေကလည်း အပေါ့အလေးကအစ ခုတင်နားသွားရတာဆိုတော့ ကျွန်မတို့အတွက်တော့ နေရတာအဆင်ပြေတယ်ရယ်လို့တော့ မဟုတ်ဘူး အခက်အခဲတော့ရှိတာပေါ့။ အိမ်သာတက်ရတာကလည်း လူဦးရေတစ်ရာဝန်းကျင်မှာ အိမ်သာလေးလုံးထဲရှိတော့ အဆင်မပြေတာတွေ ရှိတယ်။ ရေချိုးတာလည်း ဒီအတိုင်းပါပဲ။ ကိုဗစ်ကုသတဲ့နေရာမှာ ကျွေးတဲ့ထမင်းနဲ့ဟင်းကတော့ ကောင်းတယ်။ စေတနာရှင် အလှူရှင်တွေကို ကျေးဇူးတင်ပါတယ်” ဟု COVID-19 ရောဂါကူးစက်ခံရပြီး မိုးလုံလေလုံအားကစားရုံတွင် တက်ရောက်ကုသနေရသူတစ်ဦးက ပြောကြားသည်။

COVID-19 ရောဂါကူးစက်ခံရသူများနေထိုင်ကြရသည့်နေရာတွင် တချို့အဆင်မပြေမှုများရှိသော်လည်း စားသောက်ရေးမှာ အဆင်ပြေမှုရှိကြောင်း သူမကပြောသည်။ လားရှိုးမြို့တွင်း၌ COVID-19 ရောဂါကူးစက်ခံရသူများ တစ်ရက်ထက်တစ်ရက် မြင့်မားလာပြီး ပုဂ္ဂလိကဆေးခန်းများတွင်လူနာများ လက်ခံကုသပေးခြင်းမရှိသောကြောင့် ဖျားနာသူအချို့ အခက်အခဲ ဖြစ်လျက်ရှိသည်။

“ကျွန်တော့်အမေဖျားပြီး အောက်ဆီဂျင်ကျနေလို့ ပုဂ္ဂလိကဆေးခန်းတစ်ခုဆီ ဆေးရုံတက်ဖို့သွားတယ်။ သူတို့က ကိုဗစ်ကင်းရှင်းကြောင်း ထောက်ခံစာလိုတယ်ပြောလို့ ကိုဗစ်ဆေးစစ်ဖို့ ဆေးရုံသွားတာ အဆင်မပြေခဲ့ဘူး။ ညနေပိုင်းလောက်ရောက်မှ ဆေးရုံက RDT နဲ့ ကျွန်တော့်အမေကို ကိုဗစ်စစ်ပေးတော့ အမေက ကိုဗစ်ရောဂါပိုး ကူးစက်နေတယ်။ အဲဒါနဲ့ ကျွန်တော်တို့ တစ်မိသားစုလုံး အကုန်လုံးကို ကိုဗစ်စစ်လိုက်တော့ ကျွန်တော်အပါအဝင် ကျွန်တော့်အဖေရော သားငယ်လေးရော တစ်မိသားစုလုံး ရောဂါကူးစက်ခံထားရတယ်။ ဒါကြောင့် ကျွန်တော်တို့ မိသားစုအားလုံး ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေရပါတယ်” ဟု ရောဂါကူးစက်ခံထားရပြီး ဆေးရုံတက်ရောက်နေရသည့် ကိုထွန်းကပြောသည်။

Stay at Home အဖြစ် သတ်မှတ်ခံထားရသော လားရှိုးမြို့တွင် ဖျားနာသူများ၊ ကျန်းမာရေးမကောင်းသူများအဖို့ ဆေးခန်းသွားရောက် ပြသလိုပါက အခက်အခဲမျိုးစုံတွေ့ ကြုံနေကြရပြီး ဆေးဆိုင်အများစုလည်း ပိတ်ထားသည်ကို တွေ့ကြရသည်။ အနည်းစုသာ ဖွင့်လှစ်သည့် ဆေးဆိုင်အချို့တွင်လည်း ဆေးလာရောက်ဝယ်ယူသူများ အလွန်များပြားလျက်ရှိနေသည်ကို တွေ့ရသည်။

(၃)

Stay at Home မြို့အဖြစ် သတ်မှတ်ခံထားရသော လားရှိုးမြို့၏ မြို့တွင်းလမ်းများပေါ်တွင် လမ်းသွားလမ်းလာများ နည်းပါးလျက်ရှိနေသည်မှာ တစ်ခါမှမမြင်ဖူးသော မြင်ကွင်းမျိုးဖြစ်သည်။ စတိုးဆိုင်အချို့နှင့် စူပါမားကက်အချို့ ဖွင့်လှစ်သော်လည်း ဆိုင်အတွင်းသို့ လူအကန့်အသတ်ဖြင့်သာ ဝင်ခွင့်ပြုတော့သည်။ စူပါမားကက်ဆိုင်အချို့ရှေ့ အဝင်ပေါက်တွင် ပလတ်စတစ်ကြိုးတစ်ချောင်းဖြင့်တားထားပြီး သတ်မှတ်လူဦးရေအတိုင်းသာ ဝင်ခွင့်ပြုတော့သည်။ ဆိုင်အတွင်းတွင် လူပြည့်နေသည့်စနစ်ကို သိပ်ကြိုက်ပုံမရ။ စျေးဝယ်မည့်သူများကတော့ ဆိုင်အပြင်တွင် မိမိစျေးဝယ်ရမည့် အလှည့်ကို တန်းစီလို့စောင့်ဆိုင်းနေရသည်။

လမ်းမကြီးပေါ်တွင် ကားတစ်စီးစနှစ်စီးစနှင့် ဆိုင်ကယ်အချို့သာ ဖြတ်သန်းသွားလာနေကြသည်။ လမ်းဆုံလမ်းခွတွင်လည်း မြို့နယ်အဆင့် COVID-19 ရောဂါကာကွယ်၊ ထိန်းသိမ်း၊ ကုသရေးကော်မတီဝင်များက မလိုအပ်ဘဲ အိမ်အပြင်မထွက်ရန်၊ ရပ်ကွက်တစ်ခုနှင့်တစ်ခု နယ်ကျော်ဖြတ်သန်းခြင်းမပြုရန်၊ အပြင်ထွက်ပါက Mask တပ်ဆင်ပြီးမှသာ သွားလာရန်၊ ဆေးခန်းသို့ မဖြစ်မနေသွားရောက်ရန် လိုအပ်ပါက နှစ်ယောက်ထက်ပိုပြီး အပြင်မထွက်ရန်၊ ရပ်ကွက်အတွင်း သွားလာခွင့်အတွက် ဆယ်အိမ်မှူးများထံ အပြင်ထွက်ခွင့်လက်မှတ်များ ရယူရန်နှင့် ကိုဗစ်ရောဂါအကြောင်း ပညာပေးအစီအစဉ်များ ပြောကြားလျက်ရှိနေသည်ကို တွေ့မြင်နေရသည်။

တိတ်ဆိတ်နေသော မြို့တွင်းလမ်းမများပေါ်တွင် အရေးပေါ်ကားသံများ မကြာခဏ ကြားနေရသည်။ လတ်တလောအခြေအနေအရ ကိုဗစ်ကူးစက်ခံရသူများအတွက် အဓိကအားကိုးရာသည် ပရဟိတအသင်းအဖွဲ့များ၏ လူမှုကူညီမှုပင်ဖြစ် သည်။ PPE ဝတ်စုံကို တစ်နေကုန်ဝတ်ရင်း ကိုဗစ်ရောဂါပိုး ကူးစက်သူများကို ကုသရေးစင်တာများသို့ မမောနိုင်မပန်းနိုင် ပို့ပေးကြသည်။ သူတို့နှင့် ဆက်စပ်သူများကို RDT နှင့် PCR ဖြင့် ဆေးစစ်အဖြေယူဖို့ စုရပ်ဆီသို့ ပို့ပေးကြသည်။ သူတို့ တော်တော်ပင်ပန်းကြသည်။

“အစ်ကို ကျွန်မရဲ့အဖေကဖျားပြီး ဆေးရုံတက်ချင်လို့ မြို့ထဲကိုလာတာ။ ဆေးရုံမရောက်ခင်မှာပဲ အဖေက ဆုံးသွားတယ်လို့ သိရတယ်။ ကျွန်မကအခု အဝေးမှာဆိုတော့ ဘယ်လိုမှလာလို့မရလို့ ကျွန်မအဖေ နာရေးအတွက် လိုအပ်တာတွေ ကူညီပေးပါဦး။ အဖေက ကိုဗစ်နဲ့ဆုံးတာလား။ ဘယ်ရောဂါနဲ့ဆုံးတာလဲ ဆိုတာတော့ အဖြေကမသိသေးဘူး။ အဖေ့ကို ပရဟိတအသင်းတွေက ချက်ချင်းသင်္ဂြိုဟ်ပေးလိုက်ပြီ။ အိမ်မှာရှိတဲ့ အမေနဲ့ မောင်လေးကိုတော့ ကိုဗစ်ရှိမရှိ ဆေးစစ်ပြီးတော့ တကယ်လို့ သူတို့မှာ ကိုဗစ်ကူးခံထားရတယ်ဆိုရင် ဆေးရုံကိုပို့မယ်လို့ ပြောတယ်” ဟု အခြားမြို့တွင် တာဝန်ထမ်းဆောင်နေပြီး ဖခင်ဖြစ်သူ ရုတ်တရက်သေဆုံးမှုအတွက် လိုအပ်သည်များ ကူညီပေးနိုင်ရန် အကူအညီတောင်းခံလာသည့် မိတ်ဆွေတစ်ဦး၏အဖြစ်ကလည်း ဝမ်းနည်းစရာပင်။

လားရှိုးမြို့၏ Stay at Home နေ့ရက်များသည် သွေ့ခြောက်လွန်းလှသည်။ မြင်မြင်သမျှက တိတ်ဆိတ်ခြင်းနှင့် စိုးထိတ်ခြင်းတို့၏အဓိပ္ပာယ်။

COVID-19 ကပ်ရောဂါကူးစက်မှုကြီး အမြန်ဆုံးအဆုံးသတ်ပြီး Stay at Home နေ့ရက်များ လွန်မြောက်ပါစေကြောင်း ဆုတောင်းနေရုံသာ တတ်နိုင်တော့သည်။

Most Read

Most Recent