ဒေသတွင်းတည်ငြိမ်မှုနှင့် လုံခြုံမှုသည် မြန်မာအပေါ် များစွာမူတည်နေသဖြင့် နိုင်ငံအချုပ်အခြာအာဏာကို အကောင်းဆုံး ကာကွယ်ထားရန်နှင့် သယ်ယူပို့ဆောင်ရေးနှင့် ရေပိုင်နက်လုံခြုံရေးအတွက် အပြည့်အဝကူညီပေးရန် အသင့်ရှိဟု ရုရှားပြောကြား

ဒေသတွင်းတည်ငြိမ်မှုနှင့် လုံခြုံမှုသည် မြန်မာအပေါ် များစွာမူတည်နေသဖြင့် နိုင်ငံအချုပ်အခြာအာဏာကို အကောင်းဆုံး ကာကွယ်ထားရန်နှင့် သယ်ယူပို့ဆောင်ရေးနှင့် ရေပိုင်နက်လုံခြုံရေးအတွက် အပြည့်အဝကူညီပေးရန် အသင့်ရှိဟု ရုရှားပြောကြား
၂၀၂၁ ခုနှစ် မတ် ၂၆ ရက်က နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးနေစဉ်
၂၀၂၁ ခုနှစ် မတ် ၂၆ ရက်က နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးနေစဉ်
Published 1 July 2021

ဒေသတွင်းတည်ငြိမ်မှုနှင့် လုံခြုံမှုသည် မြန်မာနိုင်ငံအပေါ် များစွာမူတည်နေသဖြင့် နိုင်ငံအချုပ်အခြာအာဏာကို အကောင်းဆုံး ကာကွယ်ထားရန်နှင့် သယ်ယူပို့ဆောင်ရေးနှင့် ရေပိုင်နက်လုံခြုံရေးအတွက် အပြည့်အဝကူ ညီပေးရန် အသင့်ရှိဟု ရုရှားဖက်ဒရေးရှင်း နိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး အလက်ဇန်ဒါးဖိုမင်က ပြောကြားသည်။

မြန်မာ့တပ်မတော်ပိုင် မြဝတီသတင်းဌာနနှင့် ရုရှားကာကွယ်ရေး ဒုတိယဝန်ကြီးတို့၏ အင်တာဗျူးအား ဇူလိုင် ၁ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားပြီး ယင်းအင်တာဗျူး၌ အမေရိကန်နိုင်ငံ၏ ဒေသတွင်း၌ အင်ဒိုပစိဖတ်မဟာမိတ်နိုင်ငံများ ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ၎င်းက ထိုသို့ပြောကြားခြင်းဖြစ်သည်။

“ဒေသအတွင်းတည်ငြိမ်အေးချမ်းမှုနဲ့ လုံခြုံမှုက မြန်မာနိုင်ငံအပေါ် များစွာမူတည်နေပါတယ်။ ဒါကြောင့် ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို အကောင်းဆုံးကာကွယ်ထားရန် လိုအပ်ပါတယ်။ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းနဲ့ ရေပိုင်နက်လုံခြုံရေးအတွက် ရုရှားနိုင်ငံက အပြည့်အဝကူညီပေးရန် အသင့်ရှိပါတယ်။ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလည်း ပြုလုပ်နိုင်ပြီး စစ်ဘက်ဆိုင်ရာ နည်းပညာများကိုလည်း ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိပါတယ်။ ဒါ့အပြင် ခေတ်မီလက်နက်များကိုလည်း ထောက်ပံ့ကူညီပေးရန် အဆင်သင့်ရှိပါတယ်။ ယနေ့ခေတ် မြန်မာ့တပ်မတော်က ဒေသတွင်းအရေးတွေမှာ အရေးကြီးဆုံး အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ခေတ်မီစစ်လက်နက်ပစ္စည်းများ တပ်ဆင်ထားဖို့လိုအပ်ပြီး မြန်မာ့တပ်မတော်အတွက်လည်း အမှန်တကယ်အသုံးဝင်မှာ ဖြစ်ပါတယ်။ အင်အားတောင့်တင်းတဲ့ တပ်မတော်တစ်ရပ်ရှိနေခြင်းဟာ တိုင်းပြည်ကို လုံခြုံမှုအရှိဆုံးပေးနိုင်တဲ့ သော့ချက်ဖြစ်တယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး အလက်ဇန်ဒါးဖိုမင်က ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုနှင့် ၎င်း၏ မဟာမိတ်များသည် အာရှ-ပစိဖိတ်အရေးတွင် တက်ကြစွာ ပါဝင်လှုပ်ရှားနေသည်မှာ ကြာပြီဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့စီးပွားရေးဖွံဖြိုးတိုးတက်မှု၏ အဓိကအချက်အချာနေရာသည် သဘာဝသယံဇာတများနှင့် သယ်ယူပို့ဆောင်ရေးအခွင့်အလမ်း များစွာရှိသော အရှေ့တောင်အာရှဒေသ ရပ်ဝန်းဖြစ်နေ၍ဖြစ်ကြောင်း၊ အဓိကအာရှ-ပစိဖိတ်ဒေသကို စိုးမိုးနိုင်ပါက စီးပွားရေးကောင်းမွန်စွာ တိုးတက်လာမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေး ဒုတိယဝန်ကြီးက ပြောကြားသည်။

“အမေရိကန်နိုင်ငံအနေနဲ့ အင်ဒို-ပစိဖိတ်ဒေသအတွင်း လွတ်လပ်ခွင့်ခေါင်းစဉ်နဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ ပင်လယ်ရေကြောင်းနဲ့ လေယာဉ်ပျံသန်းနိုင်ရေး လွတ်လပ်စွာသွားလာနိုင်ရေးကို တက်ကြွစွာ လုပ်ဆောင်လျက်ရှိတယ်။ အမှန်တကယ် နောက်ကွယ်မှာ သူတို့လိုချင်နေတာကတော့ ဒေသတွင်းလှုပ်ရှားမှုများကို ထိန်းချုပ်ခြင်းဖြင့် စီးပွားရေးအရအကျိုးအမြတ်များရမည့်အပြင် ပထဝီအနေအထားအရ စစ်ရေးမဟာဗျုဟာမြောက်တဲ့နေရာကို ပိုင်ဆိုင်လိုခြင်းလည်း ဖြစ်ပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး အလက်ဇန်ဒါးဖိုမင်က ပြောကြားသည်။

လက်ရှိအခြေအနေတွင် ဒေသတွင်း ကိစ္စရပ်များနှင့်ပတ်သက်ပြီး နီးစပ်သည့်နိုင်ငံများမှ အပြန်အလှန်ဆက်သွယ်မှုဖြင့် ဆုံးဖြတ်ကိုင်တွယ်ဖြေရှင်းနေကြောင်း၊ ဒေသတွင်း ကိစ္စရပ်များကို အနောက်အုပ်စုများ ပါဝင်ပတ်သက်နေခြင်းသည် အာဆီယံနိုင်ငံများ၏ အရည်အသွေးကိုကျဆင်းစေပြီး ဒေသတွင်း လုံခြုံမှုကိုလည်း ထိပါးစေကြောင်း၊ ထို့ပြင် ဒေသတွင်းနိုင်ငံများ ချိတ်ဆက်လုပ်ဆောင်မှုကို အင်အားလျော့နည်းစေပြီး ပဋိပက္ခများကို ပိုပြီးဖြစ်စေကြောင်း၊ ဒေသတွင်းနိုင်ငံအချင်းချင်း ပဋိပက္ခများ ပိုများပြားလာလေ နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု ပျက်ပြားလာမည်ဖြစ်ကြောင်း၊ ဆီးရီးယားမှ အကြမ်းဖက်သမားများ ပြန်လည်ပေါ်ထွက်လာခြင်းသည် အာရှ-ပစိဖိတ်ဒေသအတွင်း ပဋိပက္ခများနှင့် သက်ဆိုင်မှုမရှိကြောင်း ၎င်းက ဆိုသည်။

“ နိုင်ငံတကာဆက်ဆံရေးမှာ ကိုယ့်နိုင်ငံအကျိုးစီးပွားကို ဖြစ်ထွန်းစေရန်အတွက် အပြန်အလှန်ကူညီပေးနိုင်တဲ့ မဟာမိတ်နိုင်ငံတွေ ဖွဲ့ရတယ်။ မြန်မာနိုင်ငံအနေနဲ့ ရုရှားနဲ့ မဟာမိတ်နိုင်ငံအဖြစ် အမြဲယုံကြည်လို့ရတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပထဝီအနေအထားအရ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်စီးဆင်းမှုများမှာ မဟာဗျူဟာမြောက် အနေအထားမှာရှိခြင်းကလည်း အရေးကြီးပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အာရှ-ပစိဖိတ်ဒေသတွင်း မဟာဗျူဟာမြောက်အနေအထားမှာ ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာကောင်းတွေ များစွာရှိတယ်လို့ ကျွန်တော် မြင်ပါတယ်” ဟု ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။

လက်ရှိ ကမ္ဘာလုံးဆိုင်ရာမတည်ငြိမ်မှုများ ဖြစ်နေခြင်းအတွက် နိုင်ငံတိုင်းက ကြုံလာနိုင်သည့် စိန်ခေါ်မှုအသစ်များ၊ ခြိမ်းခြောက်မှုများ၊ အခက်အခဲများအတွက် ကြိုတင်ပြင်ထားသင့်ကြောင်းနှင့် မြန်မာနိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာကြား တည်ရှိနေပြီး အရှေ့တောင်အာရှ၏ အကြီးဆုံး       ကုန်းတွင်းပိုင်းနိုင်ငံဖြစ်ကြောင်း၊ တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံကမူ အာရှ-ပစိဖိတ်ဒေသတွင်းကိစ္စများကို ပါဝင်လိမ့်မည်ဟု မထင်ကြောင်း ၎င်းက ဆိုသည်။

Most Read

Most Recent