မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂက ဒဏ်ခတ်အရေးယူမှုအသစ်များ ချမှတ်

မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂက ဒဏ်ခတ်အရေးယူမှုအသစ်များ ချမှတ်
Published 22 June 2021

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း တပ်မတော်က နိုင်ငံ့အာဏာကို လွှဲပြောင်းရယူခဲ့သည့်ဖြစ်စဉ်နှင့် ဆက်နွှယ်နေသည့် လူပုဂ္ဂိုလ်များနှင့် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများအပေါ် ဥရောပသမဂ္ဂ (EU) က ဇွန် ၂၁ ရက်တွင် ဒဏ်ခတ်အရေးယူမှု အသစ်များ ချမှတ်ခဲ့ကြောင်း သိရသည်။

ဒဏ်ခတ်အရေးယူခံရသူများထဲတွင် လူပုဂ္ဂိုလ် ရှစ်ဦး၊ စီးပွားရေးလုပ်ငန်း သုံးခုနှင့် စစ်မှုထမ်းဟောင်း အဖွဲ့အစည်းတို့ ပါဝင်ကြောင်း အဖွဲ့ဝင်၂၇ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဒဏ်ခတ်ပိတ်ဆို့ခံရသည့် လူပုဂ္ဂိုလ်များထဲတွင်  ဒီမိုကရေစီစနစ်နှင့်် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ရှိနေသည့် အစိုးရဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့်  ရှေ့နေချုပ်တို့ ပါဝင်ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။

ဒဏ်ခတ်ပိတ်ဆို့ခံရသည့် အဖွဲ့အစည်းလေးခုမှာ နိုင်ငံပိုင် သို့မဟုတ် တပ်မတော်က ထိန်းချုပ်ထားသော အဖွဲ့အစည်းများဖြစ်ပြီး တပ်မတော်၏ ဘဏ္ဍာငွေနှင့် လည်ပတ်လှုပ်ရှားမှုများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ အထောက်အပံ့ပေးနေသည့် အဖွဲ့အစည်းများ ဖြစ်ကြောင်း သိရသည်။

“ ကျောက်မျက်နဲ့သစ်လုပ်ငန်းတွေအပေါ် ပစ်မှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှု အစီအစဉ်တွေဟာ တပ်မတော်ကို မြန်မာ့သယံဇာတတွေကနေ အကျိုးအမြတ်ရရှိနေမှုကို ထိန်းချုပ်ကန့်သတ်ဖို့ ရည်ရွယ်ပြီး မြန်မာပြည်သူတွေအပေါ် ကြီးလေးတဲ့ ထိခိုက်မှုမျိုး မဖြစ်အောင် ပြင်ဆင်လုပ်ဆောင်ခဲ့တာဖြစ်တယ်” ဟု ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုများ ချမှတ်ထားသည့် လူပုဂ္ဂိုလ်စုစုပေါင်း ၄၃ ဦးနှင့် အဖွဲ့အစည်း ခြောက်ခုအထိ ရှိလာပြီဖြစ်သည်။

ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှု အစီအစဉ်များထဲတွင် အရေးယူခံ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို ငွေကြေးအထောက်အပံ့များ မရရှိအောင် ပိတ်ဆို့ဖြတ်တောက်ခြင်းနှင့် ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်းများ ပါဝင်သလို ဥရောပသမဂ္ဂနယ်နိမိတ်ထဲသို့ ဝင်ရောက်ခွင့်ပိတ်ပင်ခြင်းများလည်း ပါဝင်ကြောင်း သိရသည်။