ပါကစ္စတန်၏ လူအစုလိုက် HIV ပိုးကူးစက်မှုတွင် သားကောင်ဖြစ်ခဲ့ရသည့် ကလေးများ

ပါကစ္စတန်၏ လူအစုလိုက် HIV ပိုးကူးစက်မှုတွင် သားကောင်ဖြစ်ခဲ့ရသည့် ကလေးများ
Photo:AFP
Photo:AFP
Published 18 June 2021
မေသုတ

ပါကစ္စတန်နိုင်ငံတွင် မွေးကင်းစများနှင့် ကလေးများအကြား အစုလိုက် HIV ကူးစက်မှုကြီးဖြစ်ပွားချိန်အတွင်း သားဖြစ်သူပါ HIV ကူးစက်ခံလိုက်ရသည့် ငွေကြေးချို့တဲ့ ကျပ်တည်းသူ ရှာဇာဒိုရှားသည် အစားအစာနှင့် ဆေးဝါးအကြား မည်သည့်အရာကိုရွေးချယ်ရန် မကြာခဏ ဗျာများနေလေ့ရှိသည်။

နိုင်ငံတောင်ပိုင်း ဆင်းပြည်နယ်တွင် အသုံးပြုပြီးသား ဆေးထိုးအပ်များကို ပြန်လည်အသုံးပြုနေသည့် အရှုပ်တော်ပုံကို ဆရာဝန်တစ်ဦးက ဖော်ထုတ်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်တွင် HIV ကူးစက်ခံရသည့် ရာနှင့်ချီသူများတွင် ၎င်း၏ငါးနှစ်အရွယ်သား ဖြစ်သူလည်း ပါဝင်ခဲ့သည်။

ယင်းအရှုပ်တော်ပုံမှ HIV ကူးစက်ခံရသည့် လူနာအရေအတွက် အလျင်အမြန်မြင့် တက်လာခဲ့ပြီး နှစ်နှစ်အကြာ၌ လူနာဦးရေမှာ ၁,၅၀၀ ကျော်အထိ ရောက်ရှိခဲ့သည်ဟု ပြည်နယ်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့်အချက်အလက်အရ သိရသည်။

ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် ရိုတာဒယ်ရိုကျေးလက်မြို့လေးတွင် နိုင်ငံ၏အကြီးဆုံး HIV စစ်ဆေးမှုနှင့် ကုသမှုစင်တာကြီးကို တည်ဆောက်ခဲ့ပြီး အသက်ကယ် antiretroviral (ARV) ဆေးဝါးများကို ဖြန့်ဝေခဲ့သည်။

သို့သော် HIV ကူးစက်ခံခဲ့ရသည့် မိသားစုဝင်များသည် ၎င်းတို့နာမကျန်းဖြစ်ပွားမှုမှမြင့်တက်လာသော နောက်ထပ်ကုန်ကျစရိတ်များကို တာဝန်ယူနေရသည်။

“သူတို့တွေကတော့ ပုဂ္ဂလိကဆေးရုံတွေမှာ နောက်ထပ်စစ်ဆေးတာတွေ လုပ်ဆောင်နိုင်တယ်လို့ ကျွန်တော်တို့ကိုပြောပေမယ့် ကျွန်တော်တို့မှာ အဲ့လိုလုပ်ဖို့ ငွေကြေးအလုံအလောက်မရှိပါဘူး” ဟု ရှားက ပြောကြားလျက် ၎င်း၏သားသည် ပုံမှန်နာမကျန်းဖြစ်ခြင်း၊ ဝမ်းဗိုက်နှင့် ကျောက်ကပ်နာကျင်ခြင်းများကို ဆက်တိုက်ခံစားနေရကြောင်း ပြောပြခဲ့သည်။

ရာတိုဒယ်ရိုမှ ကီလိုမီတာအနည်းငယ်ကွာဝေးသည့် ဆပ်ဟာနီရှားအမည်ရှိ ကျေးရွာငယ်လေးတွင်လည်း နောက်ထပ် HIV ကူးစက်ခံရသူ ကလေး ၃၀ ဝန်းကျင်ခန့်ရှိသည်။

မြို့အများအပြားတွင် တည်ရှိနေသော ပါကစ္စတန်၏ အစိုးရဆေးရုံ အများစုတွင် တစ်ခါတစ်ရံ ဖရိုဖရဲအခြေအနေများနှင့် ပြည့်စုံလုံလောက်မှုမရှိခြင်းတို့ကြောင့် ကျေးလက်နေမိသားစုများသည် ၎င်းတို့ငွေကြေးအရ တတ်နိုင်ဖွယ်မရှိသည့် ပုဂ္ဂလိကဆေးခန်းများကို မှီခိုနေရပြီး ယင်းဆေးခန်းများ၌လည်း လိုင်စင်မရှိသည့်ဆရာဝန်များနှင့်ရံဖန်ရံခါ တွေ့ကြုံလေ့ရှိသည်။

HIV ကူးစက်ခံရသည့် ကလေးအယောက် ၅၀ ထက်မနည်း သေဆုံးခဲ့ကြသည်ဟု ယင်းအချက်အလက်များအား စိစစ်သည့် ကာရာချီမြို့တော်ရှိအာဂရာခန်း တက္ကသိုလ်မှ ကလေးအထူးကု ဖာတီမာမီယာကပြောကြားခဲ့သည်။ယင်းဒေသရှိ မိသားစုများအကြားတွင် HIV ကြောင့်သေဆုံးသည့်ကလေး အရေအတွက်သည်အာဟာရပြတ်လပ်ခြင်းနှင့် ဆင်းရဲချို့တဲ့ခြင်းကြောင့် သေဆုံးသည့် ကလေးအရေအတွက်ထက် ပိုမိုမြင့်မားနေမည်ဟု ၎င်းကခန့်မှန်းထားသည်။

ယင်းသို့ HIV ပိုး အစုလိုက်အပြုံလိုက် ကူးစက်မှုများသည် ရာတိုဒယ်ရိုမြို့ရှိအထင်ကရ ကလေးအထူးကု မူဇက်ဖ်ဖာဂန်ဂရိုကြောင့်ဖြစ်သည်ဟု အာဏာပိုင်များက ပြစ်တင်ပြောကြားခဲ့သည်။

လက်ရှိတွင် ဂန်ဂရိုသည် အာမခံဖြင့် လွတ်မြောက်နေပြီး တရားရုံး၏ ကြားနာစစ်ဆေးမှုများလည်း ထပ်ခါတလဲလဲ ရွှေ့ဆိုင်းနေသောကြောင့် မိသားစုဝင်များက စိတ်တိုဒေါသဖြစ်လျက်ရှိကြသည်။

သူသည် စွဲချက်များကို ငြင်းဆိုခဲ့ပြီး အခြားဆရာဝန်များက ၎င်း၏အောင်မြင်မှုများကြောင့် ယခုကဲ့သို့ ဖြစ်ပွားစေရန် ကြံရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရက်စက်သော မသမာမှု

ဆင်းရဲချို့တဲ့သော ပါကစ္စတန်နိုင်ငံ၌ ဆရာဝန်များသည် ကုန်ကျစရိတ်များကို လျှော့ချရန် ဆေးဘက်သုံး ပစ္စည်းများကိုမကြာခဏ ပြန်လည်အသုံးပြုနေကြသောကြောင့် ကူးစက်မှုနှုန်းအား ထိန်းချုပ်ရန်အားနည်းမှုများ မြင့်တက်လာခဲ့သည်။

ညစ်ထေးသော ဆေးထိုးအပ် အရှုပ်တော်ပုံကို ပထမဆုံးဖွင့်ချခဲ့သည့် ဆရာဝန်ကမူ ၂၀၁၉ ခုနှစ်ကတည်းက အခြေအနေများမှာ အပြောင်းအလဲအနည်းငယ်သာရှိခဲ့သည်ဟု ဆိုသည်။

“HIV အစုလိုက် အပြုံလိုက် စတင်ကူးစက်ဖြစ်ပွားတဲ့အချိန်ကတည်းက အရာအားလုံးဟာ ဆိုးဝါးနေပါတယ်” ဟု အရှုပ်တော်ပုံအား ဖွင့်ချခဲ့သည့် အမ်ရန်အက်ခ်ဘာအာဘာနီက ပြောကြားခဲ့ပြီး နိုင်ငံ၏မသမာမှုများမှာ ရက်စက်လွန်းလှသည်ဟု ၎င်းကဆိုသည်။

အာဘာနီသည်ရာတိုဒယ်ရိုမြို့ရှိ ပုဂ္ဂလိက ဆေးခန်းတစ်ခုတွင် ဆေးကုသပေးနေစဉ်က မွေးကင်းစကလေးအများအပြား HIV ကူးစက်ခံနေရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ကူးစက်ခံရသူဦးရေနှင့် ပတ်သက်သည့်အချက်အလက်ကို ဒေသခံမီဒီယာတစ်ခုအား ပေးခဲ့သည်။

ထိုအချိန်က အာဏာပိုင်များသည် အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ခဲ့သော်လည်း ထိုအချိန်ကတည်းက စည်းမျဉ်းစည်းကမ်းများမှာ လျော့ရဲနေသည်။

“ပထမသုံးလမှာတော့ ဆေးပညာမတတ်မြောက်ဘဲ တတ်မြောက်ကျွမ်းကျင် ဟန်ဆောင်သူတွေနဲ့ လိုင်စင်မရတဲ့ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေကို ပိတ်ပင်တားမြစ်ခဲ့ပြီးတော့ သူတို့ရဲ့ဆေးခန်းတွေကို လည်းတားဆီးခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့ ဒီပိတ်ပင်ချက်တွေကို ပြန်ပြီးရှင်းလင်းပေးလိုက်ပါတယ်” ဟု၎င်းကဆိုသည်။

စည်းမျဉ်းစည်းကမ်းများသည် အကျိုးသက်ရောက်မှုမရှိခြင်း သို့မဟုတ် လုပ်ရိုးလုပ်စဉ်အတိုင်း လျစ်လျူရှုနေကြသည်ဟု ပါကစ္စတန်၏ ကူးစက်ရောဂါအဖွဲ့အစည်း ဥက္ကဌဒေါက်တာ ရာဖစ်ခါနာနီက ဆိုသည်။

“စည်းမျဉ်းစည်းကမ်းဌာနတွေဟာ စာရွက်စာတမ်းအထောက်အထားပေါ်နဲ့ ရုံးခန်းထဲမှာသာရှိပြီးတော့ လက်တွေ့မှာတော့ ထိရောက်မှုမရှိပါဘူး” ဟု ၎င်းကပြောကြားခဲ့သည်။

ယင်းအရှုပ်တော်ပုုံဖြစ်ပွားပြီးနောက် အစိုးရသည် သမားရိုးကျဆေးထိုးအပ်များ တင်သွင်းမှုကိုတားမြစ်ပိတ်ပင်ခဲ့ပြီး တစ်ခါသုံးဆေးထိုးအပ်များကိုသာ အသုံးပြုရန် လုပ်ဆောင်ခဲ့သော်လည်း ဆရာဝန်အများစုသည် တားမြစ်ချက်ကို ရှောင်တိမ်းပြီးစျေးပေါသည့် ဆေးထိုးအပ်အမျိုးအစားများကိုသာ ဆက်လက်ဝယ်ယူနေသည်ဟု ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပျက်ကိန်းဆိုက်နေခြင်း

ရာတိုဒယ်ရို၏ HIV စစ်ဆေးမှုနှင့် ကုသမှုစင်တာတွင်လူနာများသည် ဒေသခံ ဆင်ဒီဘာသာစကားဖြင့် ကျန်းမာရေးအကြံပြုချက်များ ထုတ်လွှင့်နေသော ရုပ်မြင်သံကြား အစီအစဉ်ကို ထိုင်၍ကြည့်ရှုနေကြသည်။

အားနည်းသော အသက် ၂၀ အရွယ်လူငယ်လေးသည် ၎င်း၏ဖခင်နှင့်အတူ တိတ်ဆိတ်စွာထိုင်လျက် လျင်မြန်သော HIV စစ်ဆေးမှုမှထွက်ပေါ်လာမည့် ရလဒ်များကို စောင့်ဆိုင်းနေသည်။

အောင်မြင်စွာ လူအစုလိုက် HIV စစ်ဆေးမှုကြီးသည် ကူးစက်ခံရသူများကိုအတည်ပြုနိုင်ရန်နှင့်အနာဂတ်၌ ကူးစက်မှုများကို လျှော့ချနိုင်ရန် အကူအညီဖြစ်စေခဲ့သည်ဟု ကလေးအထူးကု ဖာတီမာကဆိုသည်။

ဟာကီမာရှားဆိုသူ အသက် ၂၅ နှစ်အရွယ်မိခင်တစ်ဦးက ၎င်း၏လေးနှစ်အရွယ် သားဖြစ်သူကို ARV ဆေးတိုက်ရန်တစ်ခါတစ်ရံ မေ့လျှော့နေလေ့ရှိသည်ဟုဆိုသည်။

“ကျွန်မတို့က အရမ်းဆင်းရဲပါတယ်။မနက်ဆိုမိုးလင်းကတည်းက အလုပ်စလုပ်ရတော့ သားကိုဘယ်လိုလုပ်ပုံမှန် ဆေးတိုက်နိုင်ပါ့မလဲ” ဟု ပြောကြားခဲ့သည်။

မိသားစုအများအပြားသည် HIV ဗိုင်းရပ်စ်အကြောင်း မကြားဖူးကြသော်လည်း ယခုအချိန်တွင် ယင်းဗိုင်းရပ်စ်ပိုးသည် ၎င်းတို့၏ဘဝများကို လွှမ်းမိုးထားသည်။

“အစိုးရက ပဋိဇီဝဆေးဝါး ဒါမှမဟုတ် multivitamin တွေကို ကျွန်မတို့တွေအတွက် ထောက်ပံ့မပေးပါဘူး။ ဒါတွေကိုဝယ်ဖို့လဲ ကျွန်မတို့မတတ်နိုင်ပါဘူး။ကျွန်မတို့တွေ ကံဆိုးမိုးမှောင်ကျနေပါတယ်” ဟုရှားကဝမ်း နည်းစွာပြောကြားခဲ့သည်။           

Most Read

Most Recent