ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံ​တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ​နေ မိသားစုဝင်များအတွက် စားနပ်ရိက္ခာပို့​ဆောင်ထား​ကြောင်း တရားလွှတ်​တော်​ရှေ့​နေ ​ပြောကြား

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံ​တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ​နေ မိသားစုဝင်များအတွက် စားနပ်ရိက္ခာပို့​ဆောင်ထား​ကြောင်း တရားလွှတ်​တော်​ရှေ့​နေ ​ပြောကြား
Published 8 June 2021
အောင်မင်းသိန်း

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံ​တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည့်နှင့်အတူ​နေ မိသားစုဝင်များအတွက် စားနပ်ရိက္ခာ ပို့​ဆောင်ထား​ကြောင်း အမှုကို လိုက်ပါ​ဆောင်ရွက်​ပေး​နေသည့် တရားလွှတ်​တော်​ရှေ့​နေ ဦးကြည်ဝင်းက ​ပြောကြားသည်။

ဇွန် ၆ ရက်က နေပြည်တော်တွင် တရား စွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ နေပြည်တော် ကောင်စီဝန်းအတွင်းရှိ သီးသန့်တရားရုံးတွင် တရားခွင်အပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစားအ​သောက်နှင့် ​ဆေးဝါးလိုအပ်ချက် ရှိ​နေသဖြင့် ကူညီ​ပေးနိုင်ပါက ကူညီပေးရန်အတွက် ၎င်း၏ ​ရှေ့​​နေများကို ​တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“မ​နေ့က ဝယ်​ပေးလိုက်တာပဲ၊ ချက်ချင်း ပဲ။ အိမ်သုံးပစ္စည်း၊ အစားအ​သောက်​ပေါ့။ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ဘာညာ​ပေါ့။ (ပစ္စည်း​​တွေကို ရဲတပ်ဖွဲ့ထံ ​ပေးခဲ့ရတာလား) အင်း​​​ပေါ့။ မ​နေ့က ချက်ချင်း​ပေးခဲ့တာပဲ။ ​ဒေါ်စန်းမာလာညွန့်လည်း ပါတယ်။ ရန်ကုန်က ​ရှေ့​နေ​ နှစ်​ယောက်​ပေါ့၊ ငါနဲ့ ​ဒေါ်စန်းမာလာညွန်နဲ့ နှစ်ယောက်ပေါ့” ဟု တရား လွှတ်​တော်​ရှေ့​နေ ဦးကြည်ဝင်းက ​ပြောကြားသည်။

လက်ရှိအချိန်တွင် တရားစွဲဆို ထိန်းသိမ်းခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူနေထိုင်သူ ကိုးဦးရှိပြီး ၎င်းတို့၏ စားဝတ်နေရေးအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တာဝန်ယူစီစဉ်ပေးထားကြောင်းနှင့် သက်ဆိုင်ရာဌာနမှ စီစဉ်ပေးမည်ဟု ပြောဆိုမှုများရှိသော်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လက်မခံကြောင်း အမှုကို လိုက်ပါ​ဆောင်ရွက်​ပေး​နေသည့် ​ရှေ့​နေများက ပြောကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထိန်းသိမ်းခံထားရသည့် ကာလအတွင်း ၎င်းနှင့်အတူ နေထိုင်သူများ၏ စားစရိတ်ကို ကိုယ်တိုင်စီစဉ်နေပြီး လိုအပ်သည့် ဆေးဝါးများကိုလည်း ၎င်း၏အစီအစဉ်နှင့် ဝယ်ယူနေကြောင်း၊ လက်ရှိအချိန်တွင် ဆေးဝါးလိုအပ်မှု ရှိနေသော်လည်း ဝယ်ယူရမည့် ဆေးဝါးစာရင်းကို ရှေ့နေများထံ ပေးအပ်ခြင်း မရှိသေးကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က “ဆေးတွေက ကုန်တော့မယ်ပေါ့။ သူဘာမှ ဝယ်ဖို့မပြောဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူကလည်းပဲ အဲဒါကို သူ့ဟာသူ လုပ်မယ်ဆိုတဲ့ သဘောမျိုးလည်း ရှိနေတယ်။ အဲဒီတော့ ကျွန်တော်တို့ကို အကူအညီ တောင်းတယ်။ အဲဒီတော့ ကျွန်တော်တို့ကလည်း ဒီဟာကို ဆေး သူ့ဆီပို့ဖို့ကအစ သက်ဆိုင်ရာ သူ့ကို ထိန်းသိမ်းထားတဲ့ လူတွေကို ပြောကြရမှာပေါ့” ဟု ဇွန် ၆ ရက် ရုံးချိန်းအပြီးတွင် ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် တရားစွဲဆိုထားသည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဥပဒေ ပုဒ်မ ၂၅ ဖြင့် နှစ်မှု၊ ပို့ကုန်၊ သွင်းကုန် ဥပဒေပုဒ်မ(၈)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ(၆၇)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) စသည့် အမှုငါးအား ရက်​ပေါင်း ၁၈၀ အတွင်း အပြီးစစ်​ဆေးမည်ဟု ဇွန် ၇ ရက် ရုံးချိန်းတွင် ပြုလုပ်သော မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent