တပ်မတော်က အာဏာထိန်းသိမ်းခဲ့မှုကို ဂျပန်အောက်လွှတ်တော်က ပြစ်တင်ဝေဖန်ခဲ့ပြီး ဒီမိုကရေစီသို့ ပြန်လည်ရောက်ရှိရေး တောင်းဆို

တပ်မတော်က အာဏာထိန်းသိမ်းခဲ့မှုကို ဂျပန်အောက်လွှတ်တော်က ပြစ်တင်ဝေဖန်ခဲ့ပြီး ဒီမိုကရေစီသို့ ပြန်လည်ရောက်ရှိရေး တောင်းဆို
Published 8 June 2021
Ref: Japan Times

တပ်မတော်က အာဏာထိန်းသိမ်းခဲ့မှုကို ပြစ်တင်ဝေဖန်ပြီး မြန်မာနိုင်ငံအား ဒီမိုကရေစီသို့ ပြန်လည်ရောက်ရှိရေးကို တောင်းဆိုထားသည့် ဆုံးဖြတ်ချက်မူကြမ်းကို ဇွန် ၈ ရက်တွင် ဂျပန်အောက်လွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။

ဇွန် ၁၁ ရက်တွင် ဗြိတိန်နိုင်ငံ၌ စတင်ရန် စီစဉ်ထားသည့် စက်မှုဖွံ့ဖြိုးနိုင်ငံ ခုနစ်နိုင်ငံ (Group of Seven) ထိပ်သီးအစည်းအဝေးမတိုင်မီ သုံးရက်အလိုတွင် ဂျပန်နိုင်ငံက မြန်မာတပ်မတော်အစိုးရကို ဆန့်ကျင်မှုအား ပြသရန် ရည်ရွယ်ကြောင်း ယင်းလုပ်ဆောင်မှုက ထင်ဟပ်ပြနေသည်။

အောက်လွှတ်တော်၏ မျက်နှာစုံညီ အစည်းအဝေးတွင် အတည်ပြုခဲ့သည့် အဆိုပါ ဆုံးဖြတ်ချက်သည် တပ်မတော်က အာဏာထိန်းသိမ်းခဲ့မှုအား ဒီမိုကရေစီအသွင်ပြောင်းရေး အားထုတ်မှုများနှင့် မျှော်လင့်ချက်များကို ဖျက်ဆီးသည့် လုပ်ရပ်အဖြစ် ဖော်ပြခဲ့ပြီး သံတမန်ရေးရာ ရင်းမြစ်များအားလုံးကို အပြည့်အဝ အသုံးပြုရန်နှင့် မြန်မာနိုင်ငံ၌ ဒီမိုကရေစီစနစ်သို့ ပြန်လည်ရောက်ရှိရေးကို သိမြင်ရေး အားထုတ်မှုမှန်သမျှကို ပြုလုပ်ရန် ဂျပန်အစိုးရကို တောင်းဆိုလိုက်သည်။

ယင်းဆုံးဖြတ်ချက်တွင် တပ်မတော်အစိုးရကို တရားမျှတသည်ဟု မဆိုနိုင်ကြောင်း နှင့် (ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ရည်ညွှန်းလျက်) မြန်မာပြည်သူများနှင့် တစ်သားတည်းရှိကြောင်း ဖော်ပြထားသည်။

အရပ်သားများအပေါ် အကြမ်းဖက်မှုများကို ချက်ချင်း ရပ်စဲရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအရ ထိန်းသိမ်းထားသူများအား ဆောလျင်စွာ ပြန်လွှတ်ပေးရန်လည်း ဂျပန်အောက်လွှတ်တော်က တောင်းဆိုထားသည်။

အလားတူဆုံးဖြတ်ချက်မျိုးကို ဇွန် ၁၁ ရက်တွင် ကျင်းပမည့် အထက်လွှတ်တော် မျက်နှာစုံညီ အစည်းအဝေးအတွင်း အတည်ပြုနိုင်ရန်လည်း မျှော်လင့်ထားသည်။

တပ်မတော်က အာဏာထိန်းသိမ်းခဲ့ပြီး လေးလကျော်အကြာတွင် အရပ်သားများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး ဇွန် ၇ ရက်အထိ သေဆုံးသူအရေအတွက်မှာ ၈၅၀ ဦး ကျော်သွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံ၏ အခြေအနေများကို စောင့် ကြည့်နေသည့် လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ပြောကြားခဲ့သည်။

Most Read

Most Recent