တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်  မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး နေပြည်တော်တွင် တွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်  မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး နေပြည်တော်တွင် တွေ့ဆုံ
Published 7 June 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ချန်းဟိုင်အား ဇွန် ၅ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့တွေ့ဆုံစဉ် တရုတ်နိုင်ငံ၌ပြုလုပ်မည့် တရုတ်-အာဆီယံ ဆက်ဆံရေး နှစ် (၃၀) ပြည့်အခမ်းအနား ဆိုင်ရာကိစ္စရပ်များ၊ တရုတ်-မြန်မာချစ်ကြည်ရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ် ဒေသတည်ငြိမ်အေးချမ်းရေး ဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

ယင်းတွေ့ဆုံမှုအတွင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တရုတ်ဟာ မြန်မာနိုင်ငံ၏ အရေးပါသည့် အိမ်နီးချင်းနိုင်ငံ တစ်ခုဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် တရုတ်နှင့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းသွားရန် ဆန္ဒရှိနေကြောင်း ပြောကြားခဲ့သည်ဟု CGTN သတင်း၏ဖော်ပြချက်အရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရန် အဓိကအာရုံစိုက် လုပ်ဆောင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

တရုတ်သံအမတ်ကြီး ချန်းဟိုင်ကလည်း မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်အနေဖြင့် မြန်မာနိုင်ငံတွင် တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ရရှိခဲ့သည့် ဘုံသဘောတူညီချက်ကို ထောက်ခံကြောင်းနှင့် အပြုသဘောဆောင်သည့် အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်သွားမည် ဖြစ်ကြောင်းလည်း တရုတ်သံအမတ်က ပြောကြားခဲ့ကြောင်း သတင်းဖော်ပြမှုအရ သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ  နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးနှင့် တရုတ်သံရုံးမှ တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent