မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံကိုယ်စားလှယ် ရွေးချယ်ခန့်အပ်ရေးနှင့်ပတ်သက်ပြီး အာဆီယံနိုင်ငံများအကြား သဘောထားကွဲလွဲ

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံကိုယ်စားလှယ် ရွေးချယ်ခန့်အပ်ရေးနှင့်ပတ်သက်ပြီး အာဆီယံနိုင်ငံများအကြား သဘောထားကွဲလွဲ
Published 2 June 2021
Ref: Reuters

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံကိုယ်စားလှယ်ကို ယခုအချိန်ထိ မခန့်အပ်ရသေးဘဲ ကိုယ်စားလှယ်နေရာအတွက် သင့်တော်မည့်သူ၊ ကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့် တာဝန်များနှင့် ၎င်းတာဝန်ယူရမည့် သက်တမ်း စသည့်အချက်များတွင် အာဆီယံနိုင်ငံများအကြား အမြင်မတူမှုများ ရှိနေကြောင်း သံတမန်သတင်းရင်းမြစ် လေးဦးကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြသည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘရူနိုင်းနိုင်ငံက ပြီးခဲ့သည့်လတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို ပေးခဲ့သော အဆိုပြုချက်များထဲ၌ အထူးသံကိုယ်စားလှယ်က ယခုနှစ်အတွက်သာ တာဝန်ယူရန်၊ လာမည့်နှစ်တွင် အာဆီယံဥက္ကဋ္ဌဖြစ်လာမည့် ကမ္ဘောဒီးယားက ကိုယ်စားလှယ်နေရာကို ထပ်မံဆုံးဖြတ်ရန် အဆိုပြုထားသည်ဟု ယင်းအကြောင်းအရာနှင့် နီးစပ်သည့် သတင်းရင်းမြစ် သုံးဦးက ပြောကြားသည်။

ဧပြီလက အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှရခဲ့သည့် ဘုံသဘောတူညီချက် ငါးချက်အရ အာဆီယံအတွင်းရေးမှူးချုပ်၏ အကူအညီဖြင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံ၏ ညှိနှိုင်းဆွေးနွေးမှုများတွင် ကြားဝင်စေ့စပ်ပေးရန်၊ အာဆီယံအထူးကိုယ်စားလှယ်နှင့် အဖွဲ့က မြန်မာနိုင်ငံသို့ လာရောက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံရန် ဖြစ်သည်။ သံတမန်တစ်ဦးကမူ အထူးကိုယ်စားလှယ်သည် အာဆီယံဥက္ကဋ္ဌကို ကိုယ်စားပြုပြီး စည်းစနစ်အရ ဘရူနိုင်းက ခန့်အပ်ရမည်ဟု ဆိုသည်။

သံတမန်သတင်းရင်းမြစ် လေးဦးအဆိုအရ အာဆီယံ၏ အရေးအကြီးဆုံးအဖွဲ့ဝင် နှစ်နိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံသည် အထူးကိုယ်စားလှယ်ခန့်အပ်ရန် ကိစ္စတွင် အမြင်ကွဲလွဲနေကြသည်။ အင်ဒိုနီးရှားက သံကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ရန် ကိုယ်စားလှယ်တစ်ဦးတည်းသာ ခန့်အပ်စေလိုပြီး ထိုင်းနိုင်ငံကမူ ကိုယ်စားလှယ်အချို့ ခန့်အပ်ရန် တိုက်တွန်းထားသည်။ အာဆီယံနိုင်ငံအများစု သဘောတူထားချက်မှာ ကိုယ်စားလှယ်သုံးဦးဖြစ်ပြီး အင်ဒိုနီးရှား၊ ထိုင်းနှင့် ဘရူနိုင်းတို့မှ ကိုယ်စားလှယ်များ ဖြစ်နိုင်ခြေရှိကြောင်း သတင်းရင်းမြစ်နှစ်ဦးက ပြောကြားသည်။

သတင်းရင်းမြစ်များ၏ အဆိုအရ အာဆီယံအတွင်း အမြင်ကွဲလွဲမှုသည် မြန်မာ့အရေးဆိုင်ရာ ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်မူကြမ်းတွင် မြန်မာနိုင်ငံအပေါ် လက်နက်ကုန်သွယ်ပေးပို့မှုများ တားမြစ်ရန် ထည့်သွင်းဖော်ပြထားချက်ကို ဖြုတ်ပေးဖို့ အာဆီယံနိုင်ငံ ကိုးနိုင်ငံက တောင်းဆိုခဲ့သည့်ကိစ္စနှင့်လည်း ဆက်စပ်နေသည်။

လက်နက်ကုန်သွယ်မှုတားမြစ်သည့် ကိစ္စကို အာဆီယံနိုင်ငံအချို့က လက်ခံသော်လည်း ထိုင်းနှင့် စင်ကာပူက ဦးဆောင်ကန့်ကွက်ခြင်းကြောင့် မူကြမ်းပါ ဖော်ပြချက်ကို ဖြုတ်ပေးရန် အာဆီယံ၏တောင်းဆိုမှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

နောက်ထပ် အာဆီယံနိုင်ငံများအကြား အမြင်ကွဲနေသည့်ကိစ္စမှာ မြန်မာနိုင်ငံကို အကူအညီအထောက်အပံ့များ မည်သည့်အချိန်တွင် ပေးမည်ဆိုသောကိစ္စပင် ဖြစ်သည်။ အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဌာနမှတစ်ဆင့် လူသားချင်း စာနာထောက်ထားမှုအကူအညီများ မြန်မာနိုင်ငံသို့ ပေးအပ်ရေးသည် အာဆီယံဘုံသဘောတူညီချက်ငါးချက်ထဲ၌ ပါဝင်နေသည်။

Most Read

Most Recent