အနောက်နိုင်ငံများ၏ အားနည်းချက်ကို မီးမောင်းထိုးပြနေသော ဆိုက်ဘာတိုက်ခိုက်မှုများ

အနောက်နိုင်ငံများ၏ အားနည်းချက်ကို မီးမောင်းထိုးပြနေသော ဆိုက်ဘာတိုက်ခိုက်မှုများ
Photo:AFP
Photo:AFP
Published 29 May 2021
မြတ်သက်မှူးကို

အနောက်နိုင်ငံများတွင် အထင်ကရ ဆိုက်ဘာတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းသည် ကုမ္ပဏီများနှင့်အဖွဲ့အစည်း၊ ဌာနများ၏ အားနည်းချက်ကိုမီးမောင်းထိုးပြနေပြီး ယင်းပြဿနာရပ်သည် မြင့်မားသော ပြည်သူ့ဦးစားပေး ကိစ္စတစ်ရပ်ဖြစ်လာသော်လည်း ဖြေရှင်းရန်ပင် မလွယ်ကူပေ။

မေလအစောပိုင်းက အမေရိကန်အခြေစိုက် အဓိကလောင်စာ ပိုက်လိုင်းကုမ္ပဏီ Colonial Pipeline သည် ransomware ၏ သားကောင်ဖြစ်ခဲ့ရသည့် ဖြစ်စဉ်သည် ဆိုက်ဘာရာဇဝတ်မှုများ၏ လုပ်နိုင်စွမ်းမှာ နေ့စဉ် လူနေမှုဘဝများကို မည်မျှထိခိုက်စေနိုင်သည့်အချက်ကို မီးမောင်းထိုးဖော်ပြနေသည်။

ဆိုက်ဘာတိုက်ခိုက်ခံရမှုကြောင့် ယင်းကုမ္ပဏီ၏ ကွန်ပျူတာစနစ်များ encrypt လုပ်ခံခဲ့ရပြီး၊ လုပ်ငန်းလည်ပတ်မှုများကို offline ဖြစ်စေခဲ့သောကြောင့် အမေရိကန်တစ်ဝန်းရှိ မော်တော်ယာဉ်ပိုင်ဆိုင်သူများအတွက် လောင်စာပြတ်လပ်မှုများ တွေ့ကြုံခဲ့ရသည်။

ဟက်ကာများသည် Solar Winds အမည်ရှိ ဆော့ဖ်ဝဲလ်တစ်မျိုးကိုအသုံးပြုပြီး အမေရိကန်အစိုးရနှင့်နိုင်ငံတစ်ဝန်းရှိ ကုမ္ပဏီများကို ဆိုက်ဘာတိုက်ခိုက်ခဲ့သည်ဟု အမေရိကန် အာဏာပိုင်များက ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့ပြီး ယင်းတိုက်ခိုက်မှုအတွက်ရုရှားကို အပြစ်တင်ခဲ့သည်။

၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲမတိုင်မီ ဒီမိုကရက်တစ်ပါတီကို ဆိုက်ဘာတိုက်ခိုက်မှုဖြစ်စဉ်နှင့် ၂၀၁၇ ခုနှစ်ကကမ္ဘာတစ်ဝန်းရှိ ကွန်ပျူတာများ ရပ်ဆိုင်းသွားစေခဲ့သောWannaCry နှင့် NotPetya ဟုခေါ်သည့် အဓိကကမ္ဘာလုံးဆိုင်ရာ malware တိုက်ခိုက်မှု ဖြစ်စဉ်များအပါအဝင် ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်စဉ်အများအပြားရှိခဲ့သည်။

သတင်းများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့သည့် အဓိကဆိုက်ဘာတိုက်ခိုက်မှု ဖြစ်စဉ်များအပြင် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီများနှင့် ကျွမ်းကျင်သူများက ဟက်ကာများ၏ အွန်လိုင်းမှ တိုက်ခိုက်မှုများမြင့်တက်နေမှုအပေါ် နှစ်ပေါင်းများစွာ သတိပေးပြောကြားခဲ့ကြသည်။ ဟက်ကာများ၏ အချို့ဆိုက်ဘာတိုက်ခိုက်မှုများမှာ နိုင်ငံတစ်နိုင်ငံမှ ကြိုးကိုင်ဆောင်ရွက်မှုဖြစ်ပြီး အချို့မှာ ရာဇဝတ်မှုဆိုင်ရာ အကြောင်းရင်းကြောင့် ဖြစ်သည်။

“ဆိုက်ဘာတိုက်ခိုက်မှုတွေဟာ ဘယ်လောက်ထိအရေးပါတယ်ဆိုတာကို လူတိုင်းသတိထား သိရှိနိုင်စေဖို့အတွက် သိသာထင်ရှားတဲ့ ဖြစ်စဉ်လုံလုံလောက်လောက် ပြသနိုင်ဖို့မရှိဘူးဆိုတာ စိတ်ကူးကြည့်ဖို့ခက်ခဲပါတယ်” ဟု ၀ါရှင်တန်အခြေစိုက် ပညာရှင်အဖွဲ့ဖြစ်သည့် မဟာဗျူဟာနှင့် အပြည်ပြည်ဆိုင်ရာ လေ့လာမှုဆိုင်ရာစင်တာမှ ဆူဇန်နီစပေါဒင်းက ပြောကြားခဲ့သည်။

ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်စဉ်အားလုံးသည် လုံလောက်သည့် ဦးစားပေးကိစ္စရပ်များအဖြစ် ဖော်ပြပေးနိုင်ခြင်းမရှိကြောင်း ၎င်းကပြောကြားခဲ့သည်။

လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်းစီနှင့် ကုမ္ပဏီငယ်များအတွက် ဆိုက်ဘာရာဇဝတ်မှုဘေးမှ အကောင်းဆုံးကာကွယ်နည်းမှာ အလွန်ရိုးရှင်းပြီး လွယ်ကူလှသည်။သံသယရှိသည့် အီးမေးလ်များကို ဖျက်ပစ်ခြင်း၊ ဆေ့ာဖ်ဝဲလ်များကို ပုံမှန် update လုပ်ပေးခြင်း၊ passwords များ ပြောင်းလဲပေးခြင်းနှင့် back-ups များကို သိမ်းဆည်းထားခြင်းတို့ဖြင့် ကာကွယ်နိုင်သည်။

ပိုမိုကြီးမားသည့် အဖွဲ့အစည်းများအနေဖြင့် အထူး IT လုံခြုံရေးအဖွဲ့များကို ငှားရမ်းနိုင်ရုံသာမက၎င်းတို့၏ ကွန်ရက်များကို အမြဲတစေစောင့်ကြည့်ရန်နှင့် အဓိကတိုက်ခိုက်မှုကြီးများ ဖြစ်ပေါ်လာနိုင်မည့်အခြေအနေကို နေ့ညမပြတ် စောင့်ကြည့်စစ်ဆေးမှုများ လုပ်ဆောင်နိုင်ရန် စောင့်ကြည့်ဝန်ဆောင်မှုများအပြင် အကောင်းဆုံးပစ္စည်း ကိရိယာများအသုံးပြုတပ်ဆင်နိုင်ရန် ငွေကြေးသုံးစွဲနိုင်သည်။

သို့သော် အဖွဲ့အစည်းအများအပြားသည် မိမိဘာသာ ကျေနပ်အားရမှုရှိနေကြကြောင်း စပေါဒင်းက ပြောကြားခဲ့သည်။

“ကမ္ဘာပေါ်မှာ ဆိုက်ဘာတိုက်ခိုက်ခံရဖူးတဲ့ကုမ္ပဏီနှင့် တစ်ခါမှမတိုက်ခိုက်ခံရဖူးတဲ့ ကုမ္ပဏီဆိုပြီး နှစ်မျိုးရှိပါတယ်” ဟု၎င်းက အေအက်ဖ်ပီသတင်းဌာနကိုပြောကြားခဲ့သည်။

နောက်ထပ်ပြဿနာတစ်ရပ်မှာ နိုင်ငံအများအပြားတွင် ကျွမ်းကျင်သည့် IT ပညာရှင်များ လုံလုံလောက်လောက် မွေးထုတ်နိုင်မှု မရှိခြင်းဖြစ်သည်။ ကျွမ်းကျင်မှုအလိုက် လုပ်ခလစားတိုးမြှင့်ပေးခြင်း၊ အဖွဲ့အစည်းအများအပြားတွင် အလုပ်ခန့်အပ်ထားရှိခြင်းအစရှိသဖြင့် လုပ်ဆောင်ရန်လိုအပ်သည်။

ဘေးကင်းလုံခြုံမှုသော့ချက်သည် တစ်ခါတစ်ရံ၌အားအနည်းဆုံး ပစ်မှတ်များထက် ပိုမိုရိုးရှင်းကောင်းမွန်သော ကာကွယ်မှုဖြစ်သည်ဟု CrowdStrike ဆိုက်ဘာလုံခြုံရေးကုမ္ပဏီမှ အဒမ်မေရာက ပြောကြားခဲ့သည်။

“ဆိုရိုးဟောင်းတစ်ခုရှိပါတယ်။ဝက်ဝံတစ်ကောက်ရဲ့လက်ကလွတ်ဖို့ ဝက်ဝံထက် မြန်အောင်ပြေးဖို့မလိုပါဘူး။ ဒါပေမယ့် ဝက်ဝံလိုက်လို့ မင်းနဲ့အတူ ယှဉ်ပြေးနေရတဲ့ မင်းဘေးက လူထက်တော့ ပိုပြီးမြန်အောင်ပြေးရမှာပါ” ဟု ၎င်းကပြောကြားခဲ့သည်။

အနောက်နိုင်ငံရှိ အစိုးရများက ဦးစားပေးဆောင်ရွက်နေသည့် လုပ်ငန်းစဉ်တစ်ရပ်မှာ တိုက်ခိုက်မှုများကို လွှဲဖယ်ရန်နှင့်စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နိုင်ရန်အပြင် ၎င်းတို့ကိုယ်ပိုင်ထောက်လှမ်းမှုများနှင့် လုပ်ငန်းဆောင်တာများ လုပ်ဆောင်နိုင်ရန် ၎င်းတို့ကိုယ်ပိုင် ဆိုက်ဘာစစ်ဘက်ဆိုင်ရာ အင်အားစုများကို တည်ထောင်နေကြသည်။

“လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွက်ဖွင့်ဟပြစရာမလိုအပ်ဘဲ သိုဝှက်ထားရမယ့် ပဋိပက္ခတစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်စစ်တပ်နဲ့ စုံစမ်းထောက်လှမ်းရေး ဝန်ဆောင်မှုတွေရဲ့ လက်နက်တစ်ခုဖြစ်ပါတယ်” ဟု Paris 8 တက္ကသိုလ်၏ ပထဝီဝင်နိုင်ငံရေးဌာနမှ သုတေသီတစ်ဦးဖြစ်သည့် ဂျူလီယန်နိုဆန်တီက ပြောကြားခဲ့သည်။

ဟားဗတ်တက္ကသိုလ်၏ Belfer စင်တာမှ အမျိုးသား ဆိုက်ဘာအင်အားစုညွှန်းကိန်းတွင် အမေရိကန်သည် ၎င်းတို့၏ရည်မှန်းချက်နှင့် ဆိုက်ဘာအင်အားစုတွင် ထိပ်သီးနိုင်ငံ ၃၀ ၌ ထိပ်ဆုံးကရပ်တည်နေပြီးတရုတ်က ဒုတိယနှင့် ဗြိတိန်က တတိယနေရာတွင်ရှိသည်။

ဝရမ်းပြေး ကန်ထရိုက်တာတစ်ဦးဖြစ်သည့် အက်ဒ်ဝါဒ့်စနိုဒန်က အမေရိကန်အမျိုးသားလုံခြုံရေး အေဂျင်စီ (NSA) မှ ကန့်သတ်သတင်းအချက်အလက်များကို ဖွင့်ချခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်တွင် NSA သည်၎င်း၏ လုပ်ဆောင်နိုင်စွမ်းနှင့်အင်အားတို့ကို ဖော်ထုတ်ပြသခဲ့သည်။

“ဥရောပနဲ့ အမေရိကန်တို့က တခါတလေမှာ သူတို့ကိုယ်သူတို့ နစ်နာသူတွေအဖြစ်ရော ဒီနယ်ပယ်မှာ လူကောင်းတွေအဖြစ်ပါ သူတို့ကိုယ်သူတို့ ထုတ်ဖော်ကြတယ်။ ဒါပေမဲ့  ဒီလိုမျိုးတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး အများအားဖြင့် မျက်ကွယ်ပြုထားကြတယ်” ဟု နိုဆက်တီကဆိုသည်။

တစ်နေ့နေ့တွင်နိုင်ငံတစ်နိုင်ငံက ကျောထောက်နောက်ခံပေးထားသော ဆိုက်ဘာတိုက်ခိုက်မှုသည် လက်တုံ့ပြန်မှု ဝဲဂရက်ကို ဖြစ်ပေါ်စေနိုင်ပြီး တန်ပြန်လက်တုံ့ပြန်မှုများသည် နေ့စဉ်ဘဝများကို ရန်ပြုလာနိုင်မည့်အရေးကို ကျွမ်းကျင်သူအချို့က စိုးရိမ်ပူပန်နေကြသည်။

နိုင်ငံများအနေဖြင့် အဟန့်အတားတစ်ခုအဖြစ် နည်းပညာလက်နက်အလုံအလောက် တည်ဆောက်ထားရမည်ဖြစ်သည်။

“ရုရှား၊ အမေရိကန်နဲ့ တရုတ်တို့က တစ်ဖက်နဲ့တစ်ဖက် ရန်လိုနေတာတွေကို နောက်ပြန်မဆုတ်တဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ကတော့ တုံ့ပြန်ချက်တွေက ဘာတွေဖြစ်လာမယ်ဆိုတာကို သူတို့တွေ ကြောက်ရွံ့နေကြလို့ ဖြစ်ပါတယ်” ဟု အမေရိကန်ပညာရှင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ပြည်ပဆက်ဆံရေးမှ ဒီဂျစ်တယ်နှင့်ဆိုက်ဘာလုံခြုံရေး မူဝါဒအစီအစဉ်မှ ညွှန်ကြားရေးမှူး အဒမ်ဆီဂေါက ပြောကြားခဲ့သည်။

Most Read

Most Recent