ပျောက်ဆုံးနေသောမြို့တွင် အခြေချနေထိုင်နေရသည့် အာဖဂန်စစ်ဘေးရှောင်ဒုက္ခသည်များ

ပျောက်ဆုံးနေသောမြို့တွင် အခြေချနေထိုင်နေရသည့် အာဖဂန်စစ်ဘေးရှောင်ဒုက္ခသည်များ
Photo:AFP
Photo:AFP
Published 27 May 2021
ရန်မျိုးအောင်

တစ်ချိန်က ထင်ရှားကျော်ကြားခဲ့သည့် အစ္စလာမ္မစ်မင်းဆက်များခေတ်က ပသီဘုရင်များအတွက် ဆောင်းခိုသည့် နေရာတစ်ခုဖြစ်ခဲ့သည့် နှစ်သက်တမ်း တစ်ထောင်ခန့် ရှိပြီဖြစ်သည့် အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်းရှိ တော်ဝင်မြို့ဟောင်းတစ်ခုသည် လက်ရှိတွင် ယိုယွင်းပျက်စီးနေပြီဖြစ်သော်လည်း တာလီဘန်တို့၏ တိုက်ခိုက်မှုများကြောင့် အိုးပစ်အိမ်ပစ် ထွက်ပြေးတိမ်းရှောင်ခဲ့ရသူများအတွက်မူ နားခိုရာနေရာတစ်ခု ဖြစ်လာခဲ့သည်။

ဟဲလ်မန်းမြစ်တစ်လျောက်ရှိ ငေါထွက်နေသည့် ကမ်းပါးယံများပေါ်တွင် ရွှံ့များဖြင့် တည်ဆောက်ခဲ့သည့် အံအားသင့်ဖွယ် လူနေ အဆောက်အအုံများသည် မြို့ပြပေါ်မှ ထွက်ပြေးလာသူများ ဝင်ရောက်လာမှုနှင့် ယင်းအဆောက်အအုံများအတွင်း ယာယီနေထိုင် ရေးစခန်းများအဖြစ် တည်ဆောက်နေမှုတို့ကြောင့် ရှေးဟောင်းလက်ရာများ ယိုယွင်းပျက်စီးမည့်အရေးနှင့် ရင်ဆိုင်နေရသည်။

တာလီဘန်တို့၏ တိုက်ခိုက်မှုများ အရှိန်မြင့်ခဲ့သည့် အောက်တိုဘာလကတည်းက ဟဲလ်မန်းပြည်နယ်အနှံတွင် နေထိုင်သူ ထောင်နှင့်ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အများစုမှာ အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲ ဖြစ်သည့် လက်ရှ်ကာဂါမြို့တော်သို့ ရွှေ့ပြောင်းအခြေချခဲ့ကာ အချို့မှာမူ လူသူကင်းမဲ့သည့် ရှေးဟောင်းမြို့ပျက်များသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။

Qala-e-Kohna ဟု ပြည်တွင်းတွင် လူသိများပြီး ရှေးဟောင်းသုတေသနပညာရှင်များကြားတွင် :asjlaro Bazar ဟု နာမည်ကြီးသည့် ယင်းမြို့သည် ပုံစံအနေအထား၊ မှတ်ချက်ပြုလောက်ဖွယ် ဗိသုကာလက်ရာများနှင့် နံရံဆေးရေးပန်းချီများကြောင့် နိုင်ငံတကာ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

၁၀ ကီလိုမီတာ (ရှစ်မိုင်) ခန့် ကျယ်ဝန်းသည့် ယင်းမြို့သည် တစ်ချိန်က အိန္ဒိယနိုင်ငံ မြောက်ပိုင်းအထိ အစ္စလာမ္မစ် အနုပညာကို ပျံ့နှံ့စေခဲ့သည့် ၁၀ ရာစုနှင့် ၁၃ ရာစုကြားတွင် မျက်မှောက်ခေတ် အာဖဂန်နစ္စတန်နိုင်ငံကို  လွှမ်းခြုံပါဝင်သည့် ဒေသကို အုပ်ချုပ်ခဲ့သည့် မင်းဆက်များဖြစ်သည့် Ghaznavid နှင့် Ghurid ပသီဘုရင်များ၏ ဆောင်းခိုသည့် နေရာတစ်ခုဖြစ်ခဲ့သည်။

“အရာရာကို ကောင်းမွန်စွာ ပြုပြင်ထိန်းသိမ်းခဲ့သည့်တိုင် ဒီနေရာဟာ အရင်ပုံစံနဲ့ ဆီလျော်မှုရှိပြီး အသေးစိတ်စီမံထားခဲ့တာကြောင့် အစ္စလာမ္မစ်ကမ္ဘာမှာ ဒီလိုမြို့မျိုးဟာ ဘယ်နေရာမှာမှ မရှိပါဘူး” ဟု အာဖဂန်နစ္စတန်ရှိ ပြင်သစ် ရှေးဟောင်းသုတေသနဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (DAFA) ၏ ညွှန်ကြားရေးမှူး ဖိလစ်ပီ မာကစ်က ပြောကြားခဲ့သည်။

“ အဲဒီခေတ်ကာလတွေက အဖြစ်အပျက်တွေကို လေ့လာသိရှိခွင့်ရဖို့အတွက် ဒီမြို့ကို ထိန်းသိမ်းဖို့ဆိုတာ အရေးကြီးပါတယ်” ဟု ၎င်းက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

မြို့ပျက်ကြီး

ရှေးဟောင်း မျှော်စင်များတွင် တံခါးများနှင့် ပြတင်းပေါက်များ တပ်ဆင်ခဲ့ပြီး ပဲ့ကျနေသည့် နံရံများကို ပိုမိုခိုင်မာတောင့်တင်းစေရန် ကောက်ရိုးနှင့် ရွှံ့ရောစပ်သုတ်လိမ်းပြီး အပေါက်များကိုလည်း ဖာထေးထားသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

ယင်းမြို့အတွင်းရှိ လူ ၁၁ ယောက်ခန့် နေထိုင်နိုင်သည့် အခန်းတစ်ခန်းထဲတွင် အာဂါမိုဟာမက်အမည်ရှိ အမျိုးသားတစ်ဦးသည် ၎င်း၏ မွေးကင်းစကလေးငယ်အတွက် ပုခက်တစ်ခုဆင်နေသည်။

“ ကျွန်တော်တို့အတွက် နေစရာတစ်နေရာလောက် ပေးဖို့ အစိုးရကို တောင်းဆိုချင်ပါတယ်။ ဒီအခန်းထဲက အမိုးတွေဆို ပေါက်ပြဲနေပါတယ်။ ဘယ်ညမှာ အဲဒီအမိုးတွေပြိုကျမလဲဆိုတာ ထိတ်လန့်နေရပါတယ်” ဟု တာလီဘန်တို့လက်တွင်းသို့ ၎င်း၏ ခရိုင်ကျ ရောက်သွားခဲ့သည့် အသက် ၃၃ နှစ်အရွယ် ရဲအရာရှိ မိုဟာမက်က ပြောကြားခဲ့သည်။

အာဖဂန်မှ အမေရိကန်တပ်များ စတင်ရုပ်သိမ်းနေပြီး အာဖဂန်အစိုးရနှင့် တာလီဘန်ခေါင်းဆောင်များကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ တန့်နေချိန်တွင် အာဖဂန် နစ္စတန် တောင်ပိုင်းတွင် တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားနေသည်။

“ ကျွန်မကတော့ အစိုးရကို ထောက်ခံရမှာပဲ။ ဘာလို့လဲဆိုတော့ ကျွန်မ သားသုံးယောက်ဟာ အစိုးရအတွက် တိုက်ပွဲဝင်ရင်းနဲ့ ကျဆုံးသွားခဲ့လို့ပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာလည်း မုဆိုးမတွေအပြည့်ပါပဲ” ဟု အသက် ၄၈ နှစ်အရွယ် ဘီဘီဟာလီမာက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

ထွက်ပြေးတိမ်းရှောင်လာသူအများစုမှာ နေစရာအတွက် ငွေကြေးမတတ်နိုင်သည့် ရဲတပ်ဖွဲ့မိသားစုများဖြစ်ပြီး လျှပ်စစ်ဓာတ်အား သို့မဟုတ် သောက်သုံးရေများလည်း ရရှိခြင်း မရှိပေ။

ကာဘူးမြို့တော်ရှိ အာဖဂန် ရှေးဟောင်း သုတေသနဌာန အရာရှိတစ်ဦးကမူ ယင်းမြို့ဟောင်းတွင် မြေနေရာ အပိုင်စီးမှုများရှိနေပြီး ထွက်ပြေးတိမ်းရှောင်လာသူများကို ယခင်ရောက်ရှိနေထိုင်သူများက မိုက်ကြေးခွဲသည့်ပုံစံမျိုးဖြင့် အခကြေးငွေများ ကောက်ခံနေသည့်သတင်းများလည်း ထွက်ပေါ်နေသည်ဟု ပြောကြားခဲ့သည်။

ယင်းမြို့တွင်နေထိုင်သူများကမူ ရွှံ့များနှင့်ပြုလုပ်ထားသည့် နံရံများကြား နေထိုင်ရသည့် ဘဝသည် ကျူးကျော်ဝင်ရောက်မှုများနှင့် ပြည်တွင်းစစ်သံသရာမှ ရုန်းထွက်နိုင်ခြင်း မရှိသေးသည့် အာဖဂန်နစ္စတန်၏ ဖြစ်ရပ်ကို အမြဲတမ်း အမှတ်ရစေကြောင်း ပြောကြားခဲ့သည်။

“ ဒီနေရာဟာ မကောင်းဆိုးဝါးတွေ နေတဲ့နေရာပါ။ လူသားတွေနေတဲ့နေရာမဟုတ်ပါဘူး” ဟု အသက် ၅၄ နှစ်အရွယ် ခူဒါအီနက်ဇာက ပြောကြားခဲ့သည်။

ပြုပြင်ထိန်းသိမ်းရေး

၁၉၅၀ ပြည့်နှစ်တွင် DAFA က ပထမဆုံးအကြိမ် စူးစမ်းလေ့လာမှုတွင် ယင်းအချိန်ကတည်းက ပြုပြင်ထိန်းသိမ်းမှုခံရသည့် အရိပ်လက္ခဏာမတွေ့ရှိခဲ့ပေ။

ယင်းအချိန်က ရှေ့ဟောင်းသုတေသန ပညာရှင်များသည် နန်းတော်များ၊ ဗလီများနှင့် မြေအိုးလုပ်ငန်း၊ လက်သမားလုပ်ငန်းများ၊ အစားအစာများသိုလှောင်သည့် နေရာများအပါအဝင် အခြားတိုးချဲ့ဆောင်များကို စူးစမ်းလေ့လာခဲ့ကြသည်။

စိတ်လှုပ်ရှားဖွယ် အကောင်းဆုံး တူးဖော်တွေ့ရှိမှုတစ်ခုတွင် အစ္စလာမ္မစ် လူ့အဖွဲ့အစည်းအတွင်း လက်သင့်မခံနိုင်သည့် သက်ရှိအရာများအပေါ် လက်တွေ့ကျသည့် တင်ပြမှုများအဖြစ် ယင်းခေတ်က အလွန်ရှားပါးသည့် တရားခွင် အတွင်းဖြစ်ရပ်များကို သရုပ်ဖော်ထားသည့် ပန်းချီကားများကို အတွဲလိုက် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းပန်းချီကားများကို ကဘူးမြို့တော်ရှိ ပြတိုက်သို့ရွှေ့ပြောင်းသယ်ဆောင်ခဲ့သော်လည်း ၁၉၉၀ ပြည့်နှစ်တွင် အာဖဂန် ပြည်တွင်းစစ်ကာလအတွင်း ယင်းပန်းချီကားများမှာ ခိုးယူခံရမှု သို့မဟုတ် ဖျက်ဆီးခံရမှုတို့ကြောင့် လက်ရှိတွင် ယင်းပန်းချီကားများကို ရိုက်ကူးထားသည့် ဓာတ်ပုံမှတ်တမ်းများသာ ကျန်ရှိတော့သည်။

လက်ရှိတွင် ယင်းရှေးဟောင်းနေရာ၌ ခိုး၊ ဆိုး၊ လု၊ နှိုက်များ၏ အန္တရာယ်နှင့် စစ်ဘေးရှောင် နေထိုင်သူများ အပါအဝင် ကမ္ဘာကြီးပူနွေးမှု အကျိုးဆက်အဖြစ် မြစ်ရေလွှမ်းမည့် အန္တရာယ်များကြောင့် စိုးရိမ်ရသည့် အခြေအနေတွင် ရှိလာခဲ့သည်ဟု DAFA ညွှန်ကြားရေးမှူး မားကစ်က ပြောကြားခဲ့သည်။

“ အဆိုးထဲက အကောင်းကို ပြောရမယ်ဆိုရင်တော့ ဒီနေရာကို လာရောက်နေထိုင်သူတွေဟာ သူတို့နေတဲ့ နေရာကို သူတို့ နည်း သူတို့ဟန်နဲ့ ပြုပြင်ထိန်းသိမ်းနေတာပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

သို့သော်လည်း ယင်းမြို့အကြောင်းကို စာအုပ်တစ်အုပ်ရေးသားထုတ်ဝေခဲ့သည့် စာရေးဆရာ ရှားမာမုဒ် ဟာဆက်ကမူ ယင်းရှေးဟောင်းနေရာ၏ တူးဖော်ရခြင်းမရှိသေးသည့်နေရာများ၏ အနာဂတ်သည် အားရဖွယ်အခြေအနေတွင် မရှိကြောင်း ပြောကြားခဲ့သည်။

“ ဒီနေရာကို ကာကွယ်ပေးဖို့ အစိုးရကို ကျွန်တော် စည်းရုံးခဲ့ပါသေးတယ်။ ဒါပေမဲ့ ဘာမှထူးမလာပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့သမိုင်းပျောက်ဆုံးသွားမယ့် အရေးကို တွေးပူမိပါတယ်” ဟု ဟာဆက်က ပြောကြားခဲ့သည်။

Ref:AFP

Most Read

Most Recent