ဂျပန်အနေဖြင့် မြန်မာ့အရေးနှင့် ပတ်သက်ပြီး မြန်မာ့တပ်မတော်နှင့် ပေါင်းကူး ဆက်သွယ်ပေးသည့် အခန်းကဏ္ဍ၌ ရှိသင့်ကြောင်း Japan-Myanmar Association တာဝန်ရှိသူ အကြံပြု

ဂျပန်အနေဖြင့် မြန်မာ့အရေးနှင့် ပတ်သက်ပြီး မြန်မာ့တပ်မတော်နှင့် ပေါင်းကူး ဆက်သွယ်ပေးသည့် အခန်းကဏ္ဍ၌ ရှိသင့်ကြောင်း Japan-Myanmar Association တာဝန်ရှိသူ အကြံပြု
Published 27 May 2021
Ref: Reuters

ဂျပန်အနေဖြင့် အနောက်နိုင်ငံများ၏ အစိုးရပြောင်းလဲရေးလမ်းစဉ်ကို လိုက်မည့်အစား မြန်မာ့တပ်မတော်နှင့် ပေါင်းကူးဆက်သွယ်ပေးသည့် အခန်းကဏ္ဍ၌ ရှိနေသင့်ကြောင်း Japan-Myanmar Association ၏ အဆင့်မြင့် တာဝန်ရှိသူတစ်ဦးက အကြံပြုပြောကြားခဲ့ကြောင်း ရိုက်တာသတင်း၏ ဖော်ပြချက်အရ သိရသည်။

“ဂျပန်ဟာ အနောက်နိုင်ငံတွေရဲ့ အစိုးရပြောင်းလဲရေး လမ်းစဉ်ကို မျက်စိစုံမှိတ်ပြီး လိုက်လုပ်မယ့်အစား မြန်မာ့တပ်မတော်နဲ့ အမေရိကန်နဲ့ တခြားဒီမိုကရေစီနိုင်ငံတွေအကြား ပေါင်းကူးတံတားသဖွယ် ရပ်တည်သင့်ကြောင်း အကြံပြုလိုတယ်”ဟု Japan-Myanmar Association ၏ အထွေထွေ အတွင်းရေးမှူး ယုဆုကဲ ၀ါတာနာဘဲက Diplomat မဂ္ဂဇင်း၏ အတွေးအမြင်ကဏ္ဍတစ်ခုကို ပြောကြားခဲ့သည်။

Japan-Myanmar Association သည် မြန်မာနိုင်ငံထံ ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အများအပြား ဝင်ရောက်လာရန်အတွက် အားပေးကူညီရန် ယုဆုကဲ၏ ဖခင်ဖြစ်သူ ဟိဒဲအို ၀ါတာနာဘဲက တည်ထောင်ထားသော ပုဂ္ဂလိက အဖွဲ့အစည်းတစ်ခုမှ ဖြစ်သည်။

အဆိုပါ အဖွဲ့အစည်းတွင် အငြိမ်းစား ဂျပန်အစိုးရအရာရှိများ၊ ဂျပန်ကုမ္ပဏီကြီးများ၏ အမှုဆောင် အရာရှိများနှင့် အဖွဲ့ဝင်များ ပါဝင်ကြောင်း သိရသည်။ 

ဂျပန်အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်း တစ်ဦးဖြစ်သည့် ဟိဒဲအို ၀ါတာနာဘဲသည် မြန်မာနိုင်ငံနှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများတွင် ဂျပန်အစိုးရ၏ အဓိက ပုဂ္ဂိုလ်တစ်ဦးအဖြစ် ကာလကြာမြင့်စွာ ရှိနေခဲ့ပြီး မြန်မာနိုင်ငံ၌ သီလဝါ အထူးစီးပွားရေးဇုန်စီမံကိန်း ဖော်ဆောင်မှုကို ထောက်ခံအားပေးခဲ့သူလည်း ဖြစ်သည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာ့တပ်မတော်နှင့် ကာလကြာမြင့်စွာ နီးနီးကပ်ကပ် အလုပ်လုပ်ခဲ့သူလည်း ဖြစ်ကြောင်း ရိုက်တာသတင်း၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံနှင့် ကာလကြာမြင့်သည့် ဆက်ဆံရေးရှိပြီး အဓိကကူညီ ထောက်ပံ့နေသော နိုင်ငံလည်း ဖြစ်သည့် ဂျပန်သည် အမေရိကန်နှင့် ဗြိတိန် အပါအဝင် အခြားနိုင်ငံများကဲ့သို့ မြန်မာ့တပ်မတော်အပေါ် ပိတ်ဆို့ အရေးယူမှုများ တိတိကျကျ လုပ်ဆောင်ထားခြင်း မရှိသေးပေ။

ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေး အကူအညီသစ်များ ပေးအပ်ရန် ရပ်ဆိုင်းထားသော်လည်း လက်ရှိ အကူအညီပေးနေသည့် အစီအစဉ်များကိုမူ ရပ်ဆိုင်းခြင်း မရှိကြောင်း သိရသည်။

“ဆယ်စုနှစ်တွေနဲ့ချီ ကြာမြင့်တဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေအရ ဂျပန်ဟာ တရုတ်ရဲ့ ပထဝီဝင် စီးပွားရေးအရ သြဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့ မြန်မာ့တပ်မတော်နဲ့ တိုက်ရိုက် အလုပ်လုပ်နိုင်နေပြီ ဖြစ်တယ်”ဟု ၀ါတာနာဘဲက ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံတွင် ရုရှား၏ သြဇာကြီးထွားလာမှုကိုလည်း ၎င်းက သတိပေးခဲ့သည်။

မြန်မာ့တပ်မတော်နှင့် ဆက်ဆံရေး ဖြတ်တောက်မည့် ပြင်းထန်သော လုပ်ဆောင်မှု မှန်သမျှသည် တရုတ်သြဇာ ပိုမိုကြီးထွားလာအောင် တွန်းအားပေးသလို ဖြစ်သွားနိုင်ကြောင်း အစောပိုင်းတွင် ဂျပန်အစိုးရ အဆင့်မြင့်တာဝန်ရှိသူ တစ်ဦးက ရိုက်တာသတင်း ဌာနသို့ ပြောကြားထားသည်။

Ref: Reuters

Most Read

Most Recent