စီးဆင်းရင်းနဲ့ ရွေ့ခဲ့တယ်

စီးဆင်းရင်းနဲ့ ရွေ့ခဲ့တယ်
Published 26 May 2021
အရှင်သုမင်္ဂလ (စစ်ကိုင်း)

(၁)

ရာသီနွေကို ဆင်ခြင်မိတော့ နေမထိ ထိုင်မသာ ဖြစ်လောက်အောင်ထိ မပူသေးဟု ထင်သည်။ အပြင်နွေက မပူလှသေးပေမင့် အတွင်းအဇ္စျတ္တမှာတော့ အပူလှိုင်းတွေက ရှိန်းရှိန်းထနေသည့်ပုံ။ လူနေမှုဘဝတွေဆီ ငဲ့ကြည့်မိပြန်တော့လည်း ရင်ငြိမ်းအေးစရာရယ်လို့ မမြင်မိ။ နွေမကပူသည့် အပူလှိုင်းမျိုးစုံနှင့် ရှမ်းသိုင်းကသလို မူးချာပတ်ချာလည်အောင် ကနေရလေတော့ အပူအပေါ်မှာ အတော်အတန် ကျင့်သားရနေတာလည်း ဖြစ်ကောင်းဖြစ်မည်။

ရန်ကုန်မှ အလည်အပတ်ရောက်လာကြသည့် ညီတော်မောင်အုပ်စုက အညာနွေကို ရှောင်ချင်၍ပဲလား၊ တစ်နှစ်တစ်ခေါက် မသွားရ မနေနိုင်၍ပဲလားတော့ မသိ။ မန္တလေးမှာ တစ်ထောက်နားပြီး တောင်ပေါ် မြို့လေးရှိရာကို ခရီးဆက် ထွက်ခွာသွားကြ သည်။ “အဲဒီမှာ ဘယ်လောက်ကြာမှာလဲ” မေးမိတော့ “လေးငါးရက်လောက်ပါပဲ” ဟု ဆိုသည်။ သူတို့ပြောသည့် “လေးငါးရက်လောက်” က လူ့အရေအတွက်လား၊ စတု မဟာရာဇ်နတ် အရေအတွက်လားတော့ဖြင့် မဆိုနိုင်။ ထိုမြို့လေးကို သူတို့တွေသွားကြပြီဆိုတော့ လွန်ခဲ့သော နှစ်နှစ်လောက်က သူတို့အုပ်စုနှင့်ပင် ရောက်ခဲ့ရဖူးသော ထိုမြို့လေးနှင့်ဆက်စပ်သည့် ခရီးစဉ်တစ်ခုအကြောင်းကို ပြန်တွေးမိရင်း စိတ်က ထိုမြို့လေးရှိရာကို ရောက်သွားရသည်။

ထိုမြို့ကလေးသို့ ရောက်လာသူ မျက်နှာစိမ်းတစ်ယောက်အနေဖြင့် မြို့ထဲကို ဝင်ဝင်ချင်း တောင်ရိပ်စိမ်းစိမ်း ထင်နေသည့် ရေကန်ကြီးကို ဦးစွာတွေ့ရမည်ဖြစ်သည်။ ထိုမြို့ကလေးသည် အဆိုပါ ပုန်းတလုပ် (ဘုတ်တလုတ်) ကန်ကြီးကြောင့်လည်းကောင်း၊ တောင်ခြေရပ်ဝန်းမှာ ပေါက်ရောက်နေသည့် သက်တမ်းရင့် သစ်ပင်ကြီးများကြောင့် လည်းကောင်း၊ တောင်တစ်ရိုးရှိ သဘာဝလိုဏ်ဂူများနှင့် ထိုဂူများအတွင်း၌ ခေတ်အဆက်ဆက်ဒေသခံတို့ ကိုးကွယ်ပူဇော်ခဲ့ကြသည့် ဗုဒ္ဓရုပ်ပွားဆင်းတုတော်များကြောင့်လည်းကောင်း ပြည်တွင်း၌သာမက ပြည်ပမှာပါ ထင်ရှားသည့် ‘ပင်းတယမြို့’ လေးပဲ ဖြစ်ပါသည်။

(၂)

ထိုတစ်ခေါက် ပင်းတယခရီးစဉ်မှာ မရည်ရွယ်ဘဲ စမ်းချောင်းလေးရှိရာကို ရောက်ခဲ့ရသည်။ ကိုယ်တို့အဖွဲ့က နည်းနည်းနောနောတော့ မဟုတ်။ ကလေးလူကြီး လိုက်ထရပ်ကား နှစ်စီးစာရှိသည်။ မပြန်ခင် တစ်ရက်မှာတော့ နယ်ခံဦးဇင်းလေးက ကိုယ်တို့တွေ တစ်ခါမှ မရောက်ဖူးသေးသည့် နေရာသစ်တစ်ခုကို လိုက်ပို့သည်။ “ ဇော်ဂျီ ရေထွက်” တဲ့။

ဇော်ဂျီရေထွက်က ပင်းတယမြို့နယ်၊ ဇော်ဂျီရွာနယ်နိမိတ်အတွင်းမှာရှိသည်။ ထိုခရီး၌ ဇော်ဂျီရွာကို ရောက်ခဲ့မရောက်ခဲ့ကိုပင် မမှတ်မိတော့။ ခရီးစဉ်အတွင်းမှာ တောင်ပေါ်ရွာလေးအချို့ကို ကျော်ဖြတ်ခဲ့ရသည်ကိုပဲ မှတ်မိနေသည်။ လမ်းခုလတ်ရောက်တော့ နယ်ခံဦးဇင်းက ကားကို လမ်းဘေးချ ရပ်ခိုင်းပြီး လမ်းမဘေးရှိ ယာခင်း တစ်ခင်းထဲကို လှမ်းဝင်လိုက်တော့ ကိုယ်တို့အားလုံးလည်း ဘုမသိဘမသိဖြင့်ပင် သူ့နောက်ကိုတစ်ပြုံကြီး လိုက်ပါသွားကြသည်။ သူက “အညာ မြေပြန့်ကလူတွေ မြင်ဖူးတယ်ရှိအောင် လက်ဖက်စိုက်ခင်းကို ပြချင်လို့” ဟု ဆိုသည်။

လက်ဖက်ခင်းထဲက ပြန်ထွက်လာတော့ တောလမ်းလေးအတိုင်း ကားကို ဆက်မောင်းလာရသည်။ အဝေးဆီကို ကြည့်မိတော့ ထိလုမိုးဆီ တိမ်သို့မီသား တောင်ဖျား တောင်စွယ်တို့ကို ခပ်ရေးရေး လှမ်းမြင်ရသည်။ မော်တော်ယာဉ် ခရီးမဆက်နိုင်သည့် နေရာရောက်တော့ အားလုံးပဲ ကားပေါ်မှ ဆင်းကာ ခြေကျင်လျှောက်ကြရသည်။ မျက်နှာမူရာအရပ်ရှိ ပြာမှိုင်းအုံ့ဆိုင်းနေသည့် တောင်ထွတ်ကြီးများက အရာအားလုံးအပေါ် အုပ်မိုးနေသယောင်။

မြေနီနီ ကန်သင်းရိုးလမ်းကို ဖြတ်ပြီး လျှောက်လှမ်းနေရသည့်ခဏမှာ စိတ်က အလိုလိုငြိမ်းချမ်းနေသည်။ တစ်နေရာ ရောက်တော့ ချုံပုတ်ပင်ပေါ် နွယ်တက်နေသည့် နှင်းဆီရုံကြီးတစ်ရုံကို တွေ့သည်။ နှင်းဆီရုံက တကယ့်ကို မနည်းမနောကြီး။ တောထဲတောင်ထဲမှာ တွေ့ရသည့် နှင်းဆီဆိုတော့ တောနှင်းဆီလို့ပဲ ခေါ်ရမည်ထင်ပါရဲ့။ နောက်ပြီး ခရမ်းပြာရောင်နှင့် ဖြူဆွတ်ဆွတ် အပွင့်ငယ်များပွင့်နေသည့် အမည်မသိတော ပန်းကလေးများကိုလည်း လမ်းဘေးဝဲယာမှာ တွေ့ရသေးသည်။ ကမ်းပါးစွန်းတစ်ခုကို လွန်ချိန်မှာတော့ ကွေ့ကွေ့ကောက်ကောက်လေး စီးဆင်းနေသည့် စမ်းချောင်းငယ်တစ်ခုကို ဘွားခနဲ တွေ့လိုက်ရတော့သည်။

ရေအစပ်မှာ ပေါက်ရောက်နေသည့် သစ်ပင်ကြီးတစ်ပင်က ရေပြင်ကို ငုံ့ကိုင်း၍ အာပေါကသိုဏ်း ဝင်စားနေသည့်ဟန်။ တောရိပ်တောင်ရိပ်ရပ်ဝန်းဒေသမှာ ရေဓာတ်အခံက ရှိနှင့်ပြီးဆိုတော့ ဝန်းကျင်တစ်ခုလုံးကို အအေးဓာတ်က လွမ်းခြုံရစ်ပတ်နေတော့သည်။ သို့ဖြင့် လှမ်းရင်းလျှောက်ရင်း ငေးမောရင်းဖြင့်ပင် ခရီးအဆုံးဟု ဆိုရမည့် တောင်ခြေအစပ်ကို ရောက်ခဲ့သည်။ အပင်ကြီးကြီးတစ်ပင်၏ မလှမ်းမကမ်း၌ “ ဇော်ဂျီသဘာဝရေထွက် ထိန်းသိမ်းရေး လုပ်ငန်း” ဆိုသည့် ဆိုင်းဘုတ်ကိုတွေ့သည်။ ဆိုင်းဘုတ်နောက်ကျောဘက် မလှမ်းမကမ်း တစ်နေရာမှာတော့ ချုံနွယ်ပိတ်ပေါင်းတို့ဖြင့် နွယ်ယှက်အုပ်ဆိုင်းနေသည်။ ထိုနေရာသည် ဇော်ဂျီမြစ်၏အစ။ ရေတွေက မမြင်သာသည့် ကျောက်သားနံရံကြားဆီမှ စိမ့်ယိုထွက်ကျနေသည်။

အင်းဝမြို့ဘွဲ့သီချင်းတစ်ပုဒ်မှာ “ ဧရာဝတီ စမုံ၊ ဒုဋ္ဌဝတီ ဇော်ဂျီပန်းလောင်၊ ချောင်းမြစ်ငါးလီ ပေါင်းလို့ဆုံကြသည်” ဟု အေဝမ်း ဆရာညှာက သီဖွဲ့ခဲ့သည်။ ထိုချောင်းမြစ်ငါးလီ၌ အပါအဝင်ဖြစ်သော ဇော်ဂျီမြစ်သည် အင်းဝနှင့် မိုင်းပေါင်းများစွာဝေးသည့် ပင်းတယနယ်မြေမှ စတင်စီးဆင်းခဲ့ခြင်းပင်။ ယခု ကိုယ်တို့ရောက်နေသည်က ဇော်ဂျီမြစ်ရေတို့ စတင်စီးဆင်းရာအရပ်။ သို့မဟုတ် ဒေသအခေါ်အားဖြင့် ဇော်ဂျီရေထွက်။ ဆိုင်းဘုတ်၏ ညာဘက်ယွန်းယွန်းမှာ စမ်းချောင်းကိုခွဆောက်ထားသည့် သစ်သားတံ တားလေးရှိသည်။ တံတား၏ ဟိုဘက်မှာတော့ ဘောလုံးကွင်းတစ်ကွင်းစာမက ကျယ်ဝန်းသည့် မြက်ခင်းလွင်ပြင်ကျယ်။ စမ်းချောင်းလေးက ထိုလွင်ပြင်ကို ကွေ့ဝိုက်စီးဆင်းသွားသည်။

ရောက်လာသမျှလူတွေက ထိုလွင်ပြင်မှာ စခန်းချကြသည်။ အချို့က ပိုက်ဖျာခင်း၍ မိသားစုလိုက် အေးအေးလူလူ အနားယူနေကြသည်။ အချို့က စမ်းချောင်းလေးထဲမှာ တပျော်တပါး ရေကူးရေချိုးကြသည်။ အချို့ကတော့ စားဝိုင်းသောက်ဝိုင်း ကျင်းပနေကြသည်။ ကိုယ်က စမ်းချောင်းအစပ်ကိုသွားပြီး ရေမြေအနေအထားကို စူးစမ်းနေမိသည်။ လောလောလတ်လတ် ကြွေထားသည့် ရွက်ကြွေတစ်စုက ရွက်ကြွေဟောင်းများပေါ်မှာ ထပ်ဆင့် အနေအထားဖြင့် စမ်းရေထဲမှာ အစုလိုက်ကလေး ငြိမ်သက်လို့။ သစ်တောအုပ် ရောင်ပြန်ကြောင့်လားမသိ။ ရေပြင်က အစိမ်းရင့်ရောင် သမ်းနေသည်။

(၃)

စမ်းချောင်းလေးရှိရာအရပ်သို့ ရောက်ခဲ့ဖူးသူ နောက်တစ်ယောက်က ဒဿဂီရိဖြစ်သည်။ “ဒဿဂီရိ” ဆိုသည့် အမည်နာမက “တောင်ဆယ်လုံး၏ အရှင်သခင်” ဟု အဓိပ္ပာယ်ရသည်။ ထိုအရှင်သခင်၏အမည်က ရာဝဏ။ တစ်နေ့သ၌ ဆရာအရှင်ဂေါဓံရသေ့ကြီး၏ လမ်းညွှန်မှုဖြင့် စိတ်စက်ဂနာမငြိမ် ဖြစ်နေရသူ ရာဝဏတစ်ယောက်  ဓမ္မိက တောင်သေလာသို့ ရောက်လာခဲ့သည်။

တောင်ခြေတစ်နေရာ၌ စမ်းချောင်းလေးတစ်ခုက ရစ်ခွေစီးဆင်းနေသည်။ ရေတံခွန်မှ စီးဆင်းလာသည့် ရေကျသံသည် မည်သည့်တူရိယာဂီတ၏ နရီစည်းချက်မျှ မမီနိုင်သောအလှတရားဖြစ်သည်။ ကျောက်တုံးများကို ရစ်ခွေစီးဆင်းနေသည့် ရေစီးသံများက ပို၍ သုခုမဆန်နေသည်။ လင်္ကာဒီပ နန်းတော်၌ သည်မျှ လွတ်လပ်ပေါ့ပါးသည့် အလှတရားကို သူမတွေ့မမြင်ခဲ့စဖူး။ သူသည် ဓမ္မိကတောင်သေလာ၏ အသရေတင့်မှုကို အငမ်းမရ သုံးဆောင်ခံစားရင်း၊ တောတွင်းသစ်သီးတို့ကိုသာ စားသုံးမျှတရင်း လင်္ကာဒီပနန်းတော်ကိုပင် မေ့နေခဲ့၏ဟု ဆိုသည်။

တစ်နေ့သ၌ သောက်သုံးရန်နှင့် ကိုယ်လက်သန့်စင်ရန်အတွက် စမ်းချောင်းလေးရှိရာသို့ ရာဝဏ ရောက်လာခဲ့သည်။ ထိုစဉ် စမ်းချောင်းလေး၏ အထက်ဆီမှ ငုဝါပန်းကြွေများ တစ်စုတစ်ခဲတည်း မျောဆင်းလာသည်ကို လှမ်းမြင်လိုက်ရသည်။ ၀ါရွှေသော အဆင်းရှိသည့် ထိုအရာသည် သူ့ရှေ့ရှိ ကျောက်တုံးတစ်တုံးနှင့် ငြိပြီး ရပ်တန့်သွားသည်။ ရာဝဏက ထိုအရာကို ဆယ်ယူလိုက်သည်။ ထိုအရာသည် သူထင်ထားသလို ငုဝါပွင့်ကြွေများ မဟုတ်။ ထိုအရာကို မြင်မိချိန်၌ သူ့နှလုံးသွေးများ ရပ်တန့်သွားလေသလားပင် ထင်လိုက်ရသည်။ “အလို .. ရွှေရုပ်ပုံလွှာ တစ်ခုပါကလား” ။

အရွယ်ကို ပိုင်းခြားခြင်းငှာ မစွမ်းသာသည့် လှပသောမိန်းမပျိုတစ်ဦး၏ ရုပ်ပုံလွှာ။ သို့မဟုတ် သီတာဒေဝီ၏ သက်မဲ့ပုံရိပ်တစ်ခု။ ထိုပုံရိပ်လွှာ၏ ကျောဘက်မှာတော့ “ မိထိလာနိုင်ငံ ဇနက္ကဘုရင်မင်းမြတ်၏ သမီးတော် ဤရုပ်ပုံလွှာရှင် သီတာဒေဝီမင်းသမီး ၏ ကြင်ရာတော်အဖြစ် ရွေးချယ်ခံရန်အတွက် ဤရုပ်ပုံလွှာကိုရရှိသော သင့်အား လေးတော်တင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ကြားအပ်ပါသည်” ဆိုသည့် စာတန်းကို ရေးထိုးထားသည်။ ထိုရုပ်ပုံလွှာကို မြင်မိချိန်မှစ၍ ရာဝဏ၏ အဇ္စျတ္တ၌ ငြိမ်းချမ်းမှုတို့ ဆိတ်သုဉ်းသွားသည်။ သူ့စိတ်အစဉ်၌ ‘လေးတော်တင်ပွဲ၊ သီတာဒေဝီ၊ ကြင်ရာတော်ရွေးပွဲ’ ဆိုသည့် အရာတို့ကသာ လွှမ်းမိုးနေတော့သည်။ ထိုခဏ၌ သူ့နှုတ်ဖျားမှ စကားလုံးအချို့ ဖိတ်စင်ပွင့်အံလာခဲ့သည်။

“ကဲ ငါပြန်မယ် စမ်းချောင်းလေးရေ၊ အချစ်ကို ဆောင်ကြဉ်းပြီး ငါ့ရှေ့မှောက် အရောက်ပို့တဲ့မင်းကို ကျေးဇူးတင်ပါတယ်။ သီတာဒေဝီနဲ့ လက်ထပ်ပြီးမှ မင်းဆီကို တစ်ခေါက်ပြန်လာခဲ့မယ်။ ခုတော့ သွားလိုက်ဦးမယ်။ လေးတင်ပွဲအတွက် မိထိလာကို သွားဖို့လေ” ။

(၄)

ဇော်ဂျီရေထွက်စခန်းမှ စမ်းချောင်းလေးရှိရာသို့ ကိုယ်တို့တွေ ရောက်ခဲ့သည့် အရောက်က အလည်အပတ် သက်သက်မျှသာ ဖြစ်သော်လည်း ဓမ္မိကတောင်သေလာအနီးမှ စမ်းချောင်းလေးရှိရာအရပ်သို့ ရာဝဏ ရောက်ခဲ့ခြင်းကတော့ ငြိမ်းချမ်းမှုတစ်စုံတစ်ရာ ရလိုရငြားဆိုသည့် စိတ်အခံဖြင့် ရောက်ခဲ့ရခြင်းဖြစ်သည်။ သို့သော် သီတာဒေဝီ၏ ရွှေရုပ်ပုံလွှာကို မြင်မိချိန်မှစ၍ ရာဝဏ၏စိတ်တို့ ကစဉ့်ကလျားဖြစ်ခဲ့ရ၏ဟု ဆိုသည်။

တေးရေးဆရာ  ကိုမောင်မောင်ကတော့ စမ်းချောင်းလေးနှင့် ငြိမ်းချမ်းမှုကို ဆက်စပ်ပြသည့် သီချင်းတစ်ပုဒ်ကို ရေးဖွဲ့ခဲ့ဖူးသည်။ စမ်းချောင်းကလေး ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းနှင့်စပ်၍ ကိုမောင်မောင်က “ မိုးနှောင်းကျရေစီးတဲ့ ချောင်းငယ်ရေ၊ တေးသွားလေး ဆိုညည်းရင်း ကျောက်စိုင်ကို၊ ဖြည်းဖြည်းချင်း ပွတ်တိုက်ကာ၊ နေ့လရက် ဆက်ခဲ့စဉ်၊ စီးဆင်းရင်းနဲ့ ရွေ့ခဲ့တယ်တဲ့” ဟု ဆိုခဲ့သည်။

အမည်ပေးမထားသည့် စမ်းချောင်းလေးတစ်ခုသည် ချုံနွယ်ပိတ်ပေါင်းတို့ ထူထပ်စွာသော တောင်ခြေတစ်နေရာမှ တရွေ့ရွေ့ စီးဆင်းလာခဲ့သည်။ သူစီးဆင်းရာ လမ်းတစ်လျှောက်၌ အကွေ့အကောက် အဖုအထစ်မျိုးစုံကို ကြုံခဲ့ရမည်ဖြစ်သော်လည်း အဆုံးမတော့ သူ့ရည်ရွယ်ရာ ပင်လယ်ထဲအထိ အောင်မြင်စွာ စီးမျောသက်ဝင်နိုင်ခဲ့သည်။ ရည်ရွယ်ရာကို အရောက်လှမ်းလိုသူတစ်ယောက်အတွက် စမ်းချောင်းကလေးသည် အတုယူချင်စရာ သဘာဝ ပြကွင်းပြကွက်တစ်ခုလေလား။ သီချင်းရေးဆရာကတော့ ‘စီးဆင်းရင်းနဲ့ ရွေ့ခဲ့တယ်’ ဟုသာ ရိုးရိုးလေး သီဖွဲ့ခဲ့ပါသည်။

ဖတ်သည့်စာ - လင်္ကာဒီပချစ်သူ (ချစ်ဦးညို)

Most Read

Most Recent